Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်အာဏာရှင်စနစ်ကို မဆုတ်မနစ် အန်တုခဲ့သည့် ဆလိုင်းတင်မောင်ဦးကို အတုယူ တော်လှန်ကြရန် ယာယီသမ္မတနှင့် ပြည်ထောင်စုဝန်ကြီးချုပ်‌တိုက်တွန်း

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၄၇ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် မိန့်ခွန်းပြောကြားခဲ့ရာ စစ်အာဏာရှင်များသည် ပြည်သူများကို အကြောက်တရားနှင့် ထိန်းချုပ်ရန် ကြိုးစားလေ့ရှိကြောင်း ပြောကြားသည်။

(တနင်္သာရီတိုင်း လောင်းလုံးမြို့ပေါ်တွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)မှ ဦးဆောင်၍ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း (၄၇) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်ကို ယနေ့ ဇွန်လ ၂၆ရက် ညနေပိုင်း၌ ချီတက်ဆန္ဒပြနေစဉ်။ဓာတ်ပုံ - DDMSC)
(တနင်္သာရီတိုင်း လောင်းလုံးမြို့ပေါ်တွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)မှ ဦးဆောင်၍ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း (၄၇) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်ကို ယနေ့ ဇွန်လ ၂၆ရက် ညနေပိုင်း၌ ချီတက်ဆန္ဒပြနေစဉ်။ဓာတ်ပုံ - DDMSC)

▪️စစ်အာဏာရှင်များဖန်တီးသည့် အကြောက်တရားများကို စုပေါင်းအားနှင့် ဖယ်ရှားကြရမည်ဟု အသိပေး

စစ်အာဏာရှင်စနစ်ကို မဆုတ်မနစ် အန်တု တော်လှန်ခဲ့သည့် ချင်းလူမျိုး ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး၏ စိတ်ဓာတ် သတ္တိကို အောက်မေ့ပြီး ဆလိုင်းတင်မောင်ဦးကို အတုယူကာ စစ်ကောင်စီကို တော်လှန်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ခေါင်းဆောင်များက တိုက်တွန်းလိုက်သည်။

ယနေ့ ဇွန်လ ၂၆ရက်တွင် ကျရောက်သည့် ဆလိုင်းတင်မောင်ဦး အထိမ်းအမှတ်နေ့တွင် ယာယီသမ္မတ ဒူဝါလရှီးလက မိန့်ခွန်းပြောကြားခဲ့ရာ စစ်အာဏာရှင်စနစ်ကို အသက်ပေးပြီး ဖြိုဖျက် အန်တုသွားသည့် ဆလိုင်းတင်မောင်ဦး၏ ရဲရင့်မှုသည် နှစ်ပေါင်း ၅၀နီးပါး ကြာသည်အထိ မေ့ပစ်လို့မရသေးကြောင်း၊ ဆလိုင်းတင်မောင်ဦး အသက် (၂၅)နှစ်အရွယ်တွင် လမ်းစဉ်ပါတီ အစိုးရလက်အောက်က စစ်ခုံရုံး၌ အပြင်းထန်ဆုံး အန်တုသွားသည့် စိတ်အားသတ္တိသည် အရွယ်နှင့် မမျှအောင် ကြီးမားခဲ့ပြီး ၎င်း၏ လုပ်ရပ်သည် လမ်းစဉ်ပါတီခေတ် စစ်အစိုးရလက်အောက်က ကျောင်းသားတော်လှန်ရေး၏ ပြယုဂ်အဖြစ် ထင်ထင်ရှားရှား ကိုယ်စားပြုခဲ့ကြောင်း ယာယီသမ္မတက ပြောသည်။

“စစ်ဖိနပ်အောက်မှာ ဘယ်တော့မှ အညံ့ခံ အရှုံးမပေးခဲ့တဲ့ ဆလိုင်းတင်မောင်ဦး ဟာ လက်ရှိ နွေဦးတော် လှန်ရေးမှာ တော်လှန်သော ဝိညာဉ်အားဖြင့် ပူးဝင်ပြီးတော့ စိတ်အားသတ္တိတွေ ပေးပါလို့ ကျွန်တော် မျှော်လင့် မိပါတယ်။ ဆလိုင်းတင်မောင်ဦးဟာ ရုပ်ခန္ဓာအားဖြင့် ကျဆုံးသွားပေမယ့် ဆလိုင်းတင်မောင်ဦးရဲ့ ယုံကြည်ချက်နဲ့ ရပ်တည်ချက်ကတော့ မသေဆုံးသေးပါဘူး။ အသက်ငယ်ရွယ်ပေမယ့် မြန်မာတစ်နိုင်ငံလုံး စစ်ဖိနပ်ရဲ့ နင်းပြားအောက်က ရုန်းထွက်နိုင်အောင် ဆလိုင်းတင်မောင်ဦးဟာ သူ့ရဲ့ ရပ်တည်ချက်ကို ပြတ်ပြတ်သားသား ပြသခဲ့သူ ဖြစ်ပါတယ်။ ဒါတွေကို ပြန်လည် အောက်မေ့ပြီး ကျွန်တော်တို့ဟာ ဆလိုင်းတင်မောင်ဦးရဲ့ ပြတ်သားသော ရပ်တည်ချက်ကို အလေးအမြတ် ပြုကြပါစို့”ဟု ယာယီသမ္မတက တိုက်တွန်းသည်။

ဆလိုင်းတင်မောင်ဦး၏ ယုံကြည်ချက်နှင့် ရပ်တည်ချက်ကို အလေးအမြတ်ပြု ဦးညွှတ်ရုံနှင့် ရပ်တန့်မနေဘဲ လေးစား စံပြထားကြရန်လည်း တိုက်တွန်းခဲ့သည်။

Public Service Announcement

Public Service Announcement

“ဒါ့အပြင် အသက်နဲ့ ခန္ဓာကို ပဓာနမထားဘဲ စစ်အာဏာရှင်စနစ်ကို မဆုတ်မနစ် အန်တုသွားတဲ့ ဆလိုင်းတင်မောင်ဦးရဲ့ သတ္တိသွေးကို ကျွန်တော်တို့ရဲ့ တော်လှန်သောသွေးသားများအဖြစ် အတုယူ လေ့ကျင့်တည်ဆောက်သွားကြဖို့ ပြောကြားရင်း နိဂုံးချုပ်ပါတယ် ခင်ဗျာ” ဟု ယာယီသမ္မတက ပြောသည်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၄၇ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် မိန့်ခွန်းပြောကြားခဲ့ရာ စစ်အာဏာရှင်များသည် ပြည်သူများကို အကြောက်တရားနှင့် ထိန်းချုပ်ရန် ကြိုးစားလေ့ရှိကြောင်း ပြောကြားသည်။

“ပြည်သူတွေ ရဲ့စိတ်ထဲကို အကြောက်တရားတွေသွတ်သွင်းပြီး၊ တရားမျှတမှုနဲ့လွတ်မြောက်မှုအစား စစ်ဖိနပ် အောက်မှာ ဒူးထောက်ကျိုးနွံသွားဖို့၊ လူ့အခွင့်အရေးနှင့်ခွင့်တူညီမျှခြင်းတွေအစား တစ်ကိုယ်ရေအဆင်ပြေမှုနဲ့ မတရားမှု တွေကိုလျစ်လျူရှူတတ်တဲ့ရပ်တည်ချက်တွေရှိလာအောင် တွန်းပို့ဖန်တီးပေးလေ့ရှိပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။

ဆလိုင်းတင်မောင်ဦးသည် စစ်အာဏာရှင်များ၏ အကြောက်တရားနှင့် ခြိမ်းခြောက်မှုကို ပြတ်သားစွာ ငြင်းဆန်လိုက်ခြင်းဖြစ်ကြောင်း၊ စစ်အာဏာရှင်များ၏ အကြောက်တရား သွတ်သွင်းမှုကို ဆလိုင်းတင်မောင်ဦး အနေဖြင့် နောက်ဆုံးထွက်သက်အထိ ငြင်းဆန်အံတုခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောသည်။

“စစ်အာဏာရှင်ပေးတဲ့အကြောက်တရားတွေက လူသာမန်တွေအတွက် ကြောက်စရာဖြစ်ပါတယ်။ သို့သော် အဲဒီအကြောက်တရားတွေကို မလွန်ဆန်နိုင်ရင် တရားမျှတမှုနဲ့ လွတ်လပ်ခြင်းတွေ သားစဥ်မြေးဆက် ပျောက် ဆုံးသွားနိုင်တာကတော့ ပိုပြီးတောင်ကြောက်စရာကောင်းလွန်းပါတယ်။ တရားမျှတမှုနဲ့ လွတ်လပ် ခြင်း မရှိရင် စစ်မှန်တဲ့လုံခြုံငြိမ်းချမ်းမှုနဲ့ လူတွေရဲ့ကိုယ်ပိုင်ပြဌာန်းရွေးချယ်နိုင်ခွင့်တွေ ဘယ်တော့မှ မရလာနိုင် ပါဘူး။ ဒါကြောင့် စစ်အာဏာရှင်တွေဖန်တီးတဲ့ အကြောက်တရားများကို စုပေါင်းအားနဲ့ဖယ်ရှားကြရမှာ ဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားသည်။

စစ်အာဏာရှင်စနစ် ဖြုတ်ချ ရေး နွေဦးတော်လှန်ရေး၌ နည်းမျိုးစုံနှင့် ပါဝင်နေသူအားလုံးအနေဖြင့် “စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးမထောက်ဘူး”၊ “မင်းတို့ငါ့ရဲ့ ခန္ဓာကိုယ်ကို သတ်လို့ရချင်ရမယ်။ ဒါပေမဲ့ ငါ့ရဲ့ ယုံကြည်ချက်နဲ့ ခံယူချက်တွေကိုတော့ ဘယ်တော့မှ သတ်လို့မရနိုင်ဘူး” ဆိုသည့် ဆလိုင်းတင်မောင်ဦး၏ ပြောကြားချက်များကို အမြဲသတိရပြီး ရှေ့ဆက်ချီတက်ကြရန် ပြည်ထောင်စုဝန်ကြီးချုပ်က တိုက်တွန်းလိုက်သည်။

ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)ကလည်း ဆလိုင်းတင်မောင်ဦး အထိမ်းအမှတ်နေ့ ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ပြီး ဆလိုင်းတင်မောင်ဦးသည် ချင်းလူမျိုးတက္ကသိုလ်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သော်လည်း စစ်အာဏာရှင်စနစ်အား ဆန့်ကျင်အံတုသည့် ၎င်း၏ လုပ်ဆောင်ချက်သည် ချင်းလူမျိုးများအပါအဝင် မြန်မာနိုင်ငံသူ နိုင်ငံသားများအတွက်သာမက စစ်အာစာရှင်စနစ်ကို ဆန့်ကျင်အံတုကြသူတိုင်း စံနမူနာထား လေးစားအသိအမှတ်ပြုရန် ထိုက်တန်ကြောင်းဖော်ပြကာ ဆလိုင်းတင်မောင်ဦးအထိမ်းအမှတ်နေ့ကို နိုင်ငံတဝှမ်း၌ နှစ်စဉ် ကျင်းပရန် တိုက်တွန်းခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ယနေ့(မေလ ၃ ရက်)ကျရောက်သော ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့တွင် စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် သတင်းမီဒီယာဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ သဘောထားရပ်တည်ချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

ပြီးခဲ့သည့် ဧပြီ ၁၆ ရက်တွင် အစိုးရဖွဲ့စည်းခြင်း ၃နှစ်ပြည့်ခဲ့သော NUG က ယနေ့တွင် ၃နှစ်ပြည့်သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ကြေညာချက်တစ်စောင်လည်း ထုတ်ပြန်ခဲ့သည်။

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။