ဇွန်-၂၆၊ ၂၀၂၆။ ထားမြတ်/People’s Spring
စစ်အာဏာရှင် ဗိုလ်နေဝင်းအမိန့်နဲ့ ကြိုးပေးကွပ်မျက်ခံခဲ့ရတဲ့ ဆလိုင်းတင်မောင်ဦးရဲ့ စိတ်ဓာတ်ခံယူချက်အတိုင်း ရပ်တည်ကာ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ချင်းလူငယ်အဖွဲ့နဲ့ ချင်းတော်လှန်ရေးအဖွဲ့တွေက ဒီကနေ့ ကျရောက်တဲ့ ဆလိုင်းတင်မောင်ဦး အောက်မေ့ဖွယ်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
၁၉၆၂ စစ်တပ်အာဏာသိမ်းပြီးနောက် ပထမဆုံး ကြိုးပေးကွပ်မျက်ခံခဲ့ရတဲ့ ကျောင်းသားတစ်ဦးဖြစ်သော ဆလိုင်းတင်မောင်ဦးဟာ ဒီမိုကရေစီ၊ လွတ်လပ်မှုနဲ့ ပြည်သူ့အခွင့်အရေးအတွက် မိမိအသက်ကို စတေးခဲ့သူ ဖြစ်တယ်လို့ ဆလိုင်းတင်မောင်ဦး အောက်မေ့ဖွယ် နှစ်(၅၀)ပြည့်မြောက်တဲ့ ဒီကနေ့ ဇွန် ၂၆ရက်မှာ ချင်းပြည်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။
ဆလိုင်းတင်မောင်ဦးရဲ့ ရဲရင့်ပြတ်သားသော စိတ်ဓာတ်၊ မယိမ်းယိုင်သော ခံယူချက်နဲ့ ပြည်သူအပေါ်ထားရှိသော တာဝန်သိစိတ်တို့ဟာ ယနေ့ထိတိုင် မျိုးဆက်များအတွက် အတုယူဖွယ် အမွေအနှစ်တစ်ခုအဖြစ် တည်ရှိနေဆဲ ဖြစ်ကြောင်း ဖော်ပြပါတယ်။

Public Service Announcement
“နှစ်ပေါင်း (၅၀) ကျော်လာသည့်တိုင် စစ်အာဏာရှင်စနစ်၏ အကြမ်းဖက်မှုများသည် မရပ်တန့်သေးဘဲ ပြည်သူများ၏ အသက်အိုးအိမ်နှင့် အနာဂတ်ကို ဆက်လက်ဖျက်ဆီးနေဆဲ ဖြစ်သည်။ ဒီစစ်အာဏာရှင်၏ မတရားမှုကို အမြစ်ဖြတ်ပြီး လွတ်လပ်ပြီး တရားမျှတတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတစ်ခုကို အတူတကွ တည်ဆောက်နိုင်ဖို့ ဆလိုင်းတင်မောင်ဦး၏ မယိမ်းယိုင်သော စိတ်ဓာတ်၊ ခိုင်မာသော ခံယူချက်နှင့် စွန့်လွှတ်အနစ်နာခံမှုတို့ကို အားလုံး အတုယူကာ ရှေ့ဆက် တိုက်ပွဲဝင်ကြပါစို့” လို့ ချင်းပြည်ကောင်စီက တိုက်တွန်းပါတယ်။
ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးအား စစ်အာဏာရှင်အစိုးရက ကြိုးပေး ကွပ်မျက်ခဲ့ချိန်မှာ မင်းတို့ ငါ့ခန္ဓာကိုယ်ကို သတ်လို့ရပေမယ့် ငါ့ခံယူချက်နဲ့ စိတ် ဓာတ်ကိုတော့ ဘယ်တော့မှသတ်လို့မရဘူး၊ မင်းတို့စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးမထောက် ဘူး .. “လို့ ဆလိုင်းတင်မောင်ဦးက ကြွေးကြော်ခဲ့တာဟာ ထင်ရှားပါတယ်။
စစ်အာဏာရှင်စနစ်ကို ရဲဝံ့စွာ ဆန့်ကျင်တော်လှန်ခဲ့သော ကျောင်းသားခေါင်းဆောင် တစ်ဦး ဖြစ်ပြီး လွတ်လပ်မှု၊ တရားမျှတမှုနဲ့ ပြည်သူလူထု အခွင့်အရေးများ အတွက် အသက်ပေး တိုက်ပွဲဝင်ခဲ့တဲ့ ဆလိုင်းတင်မောင်ဦးရဲ့ ယုံကြည်ချက်နဲ့ ရပ်တည်ချက်တို့ဟာ ကျောင်းသားလူငယ်တွေရဲ့ နှလုံးသားထဲမှာ ဆက်ရှင်သန်နေဆဲဖြစ်ကြောင်းချင်းကျောင်းသားသမဂ္ဂက ဒီကနေ့ ထုတ်ပြန်ပါတယ်။
ဆလိုင်းတင်မောင်ဦးရဲ့ ယုံကြည်ချက်နဲ့ ရပ်တည်ချက်များကို ဆုပ်ကိုင်လျက် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ် ငြိမ်းရေး နဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးအတွက် ကျောင်းသားလူငယ်များ၊ ပြည်သူလူ ထုများနဲ့အတူ ဆက်လက်ရပ်တည် တိုက်ပွဲဝင်သွားမယ်လို့လည်း ထုတ်ပြန်ပါတယ်။
ချင်းဒေသကာကွယ်ရေးတပ်(CDF)-အရှိုကလည်း ဆလိုင်းတင်မောင်ဦးနေ့ ကြေညာချက်ကို ထုတ်ပြန်ခဲ့ရာဆလိုင်းတင်မောင်ဦးရဲ့ ရဲရင့်မှု၊ စွန့်လွှတ်မှုနဲ့ ခံယူချက်တို့ဟာ အရှို( ချင်း )တိုင်းရင်းသား တစ်မျိုးတည်းအတွက် မဟုတ်ခဲ့သလို အဖိနှိပ်ခံ ပြည်သူလူထုတစ်ရပ်လုံးအတွက် ကိုယ်စားပြုတိုက်ပွဲဝင်ရင်း အသက်အသေခံ တော်လှန်ခဲ့ခြင်း သာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဆလိုင်းတင်မောင်ဦးဟာ အရှို(ချင်း) တိုင်းရင်းသား ကျောင်းသားတဦးဖြစ်ပါတယ်။
စစ်wyfအာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာခဲ့သော ချင်းကာကွယ်ရေးတပ် – အရှို ( CDF – Asho ) အနေနဲ့ နောင်တော် ဆလိုင်းတင်မောင်ဦးရဲ့ ယုံကြည်ချက်နဲ့ ခံယူချက်တို့ကို လက်ဆင့်ကမ်း သယ်ဆောင် လျှက် အနာဂတ်တွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး အထောက်အကူပြုတဲ့ တပ်ဖွဲ့တစ်ခုအဖြစ် အခိုင်အမာ ရပ်တည်သွားမယ်လို့လည်း CDF အရှိုက ထုတ်ပြန်ပါတယ်။
” မင်းတို့စစ်ဖိနပ်အောက် ဘယ်တော့မှ ဒူးမထောက်ဘူး ” လို့လည်း CDF အရှိုက ထုတ်ပြန်ခဲ့ပါတယ်။
ဆလိုင်းတင်မောင်ဦးကို စစ်အာဏာရှင်တွေက ၁၉၇၆ ဇွန်လ ၂၆ရက်မှာ ကွပ်မျက်ခဲ့တာပါ။


















































