Connect with us

Hi, what are you looking for?

သတင်း

မင်းတုန်းမြို့နယ်အနောက်ခြမ်း ရခိုင်ရိုးမကို စစ်ကြောင်းထိုးမရလို့ စစ်တပ် ဗုံးကြဲနေ

မကွေးတိုင်း၊မင်းတုန်းမြို့နယ်အနောက်ခြမ်းရခိုင်ရိုးမကိုစစ်တပ်က မြေ ပြင်စစ်ကြောင်းတွေ ထိုးမရတာကြောင့် လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

(အာဏာသိမ်းစစ်တပ်ရဲ့ စစ်ယာဉ်တန်းတွေကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ဇွန်-၂၈ ၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊မင်းတုန်းမြို့နယ်အနောက်ခြမ်းရခိုင်ရိုးမကိုစစ်တပ်က မြေ ပြင်စစ်ကြောင်းတွေ ထိုးမရတာကြောင့် လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

အခုဇွန်လဆန်းပိုင်းက မင်းတုန်းအနောက်ခြမ်းရခိုင်ရိုးမကို စစ်တပ်က အင်အား ၃၀၀ ၀န်းကျင်နဲ့ ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပေမယ့် အထိနာလို့ ရခိုင်ရိုးမအခြေက ကျေးရွာတွေကို ပြန်ဆုတ်ခဲ့ရတာလို့ ဆိုပါတယ်။

“စစ်ကြောင်းထိုးခဲ့တဲ့ တပ်တွေက လက်ရှိမှာ ပြောင်း၊ထန်းပင်ကုန်း၊ဖြူကန်ကျေးရွာနဲ့ ကျွဲဒွန်ကျေးရွာတွေမှာ ပြန်တပ်စွဲထားတယ်။တိုက်ပွဲကတော့လက်ရှိ မဖြစ်ဘူး။စစ်တပ်ဘက်ကတော့ လက်နက်ကြီးနဲ့ပစ်တာ လေကြောင်းကနေ ဗုံးကြဲတာရှိတယ်။လေကြောင်းကနေဆိုရင် ၂၁ ရက်နေ့ကနေ ၂၅ရက် အထိ ဂျက်ဖိုက်တာ၊Y 12 တွေပါ အသုံးပြုခဲ့တယ်”လို့ မင်းတုန်းမြို့နယ်တော်လှန်ရေးတပ်နဲ့ နီးစပ်သူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် မင်းတုန်းမြို့နယ်ကို စစ်တပ်က အင်အားထပ်ဖြည့်ဖို့ ပြင်ဆင်မှုတွေရှိတယ်လို့ သိရပါတယ်။

“မကွေးနဲ့ အောင်လံဘက်က ထပ်လာဖို့ ရှိတယ်ကြားရတယ်။ပထမတခေါက်က ရိုး(ရခိုင်ရိုးမ)ကို တိုး တုန်းက သေတဲ့သူနဲ့ ဒဏ်ရာရတဲ့သူက ၁၀၀ ကျော်ရှိတော့ ရိုးခြေမှာ ပြန်တပ်စွဲပြီး အင်အားဖြည့်ဖို့ ထပ်စောင့်နေတာ ဖြစ်ဖို့များတယ်”လို့ မကွေးတိုင်းစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

လက်ရှိမှာ စစ်တပ်က အင်အားဖြည့်တင်းမှု မတွေ့ရသေးဘဲ တိုက်ပွဲတွေလည်း ငြိမ်နေတယ်လို့ မင်းတုန်းမြို့စစ်ရေးအခြေအနေနဲ့ပတ်သက်လို့ သရက်ခရိုင် တပ်ရင်း(၄) တာ၀န်ရှိသူက အသိပေးပါတယ်။

သရက်မြို့အခြေစိုက် အမှတ်(၄၄)ခြေလျင်တပ်ရင်း (ခလရ-၄၄)၊အမှတ် (၁၂)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ၁၂) ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်တပ်တွေက အင်အား ၁၀၀၀ ကျော်နဲ့စစ်ကြောင်းသုံးခု ခွဲပြီး မင်းတုန်းမြို့နယ်အနောက်ခြမ်းနဲ့ ရခိုင်ရိုးမဆီ ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။

မင်းတုန်းမြို့နယ်က တော်လှန်ရေးအင်အားစုတွေရဲ့ နေရာတွေကို ပြန်လည်စိုးမိုးထိန်းချုပ်ရေးနဲ့ ရခိုင်ရိုးမနဲ့ ဆက်နေတဲ့ လမ်းတွေကို ပိတ်ဆို့ဖို့ အင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုးလာတာလို့ ဒေသတွင်း စစ်ရေးတာ၀န်ရှိသူတွေက သုံးသပ်ပါတယ်။

အဲဒီနောက် ရခိုင်ရိုး‌ခြေအနီးက ပြောင်းရွာမှာ တပ်စွဲပြီး အနီးပတ်၀န်းကျင်က ကျေးရွာတွေကိုလည်း စစ်ကြောင်းထိုးတာ အပြင် ဆန်အပါအဝင် စားနပ်ရိက္ခာသယ်ယူခွင့် မပြုတာ နဲ့ ကျေးရွာဝင်ထွက်ခွင့်ကို စစ်တပ်ကကန့်သတ်ထားပါတယ်။

စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု‌တွေအတွင်း မေလနောက်ဆုံးပတ်နဲ့ ဇွန်လ ၃ ရက်က မင်းတုန်းမြို့နယ်တိုက်ပွဲတွေနဲ့ သရက်ခရိုင်မှာ စစ်တပ်ရဲ့ ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအပါအဝင် သုံ့ပန်း ၁၈ဦး ဖမ်းမိခဲ့ပါတယ်။

မေလ ၂၂ ရက်ကစပြီး သရက်မြို့နယ်ကတဆင့် မင်းတုန်းမြို့ကို စစ်တပ်စစ်ကြောင်း၀င်ရောက်ပြီးနောက် မြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေကို ကနဦး ၀င်ရောက်ခဲ့ပြီး ရခိုင်ရိုးမတောင်ခြေအထိ စစ်တပ်က တပ်ဖြန့်ခဲ့တာဖြစ်ပါတယ်။

မင်းတုန်းမြို့နယ်အနောက်ဘက်မှာ ရခိုင်ပြည်နယ်တောင်ကုတ်မြို့ရှိပြီး အာရက္ခတပ်တော် (AA)က ၂၀၂၄ နိုဝင်ဘာကတည်းက သိမ်းပိုက်ထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်က ချင်းတော်လှန်ရေးတပ်စခန်းအချို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ချင်းတော်လှန်ရေးရဲဘော်အချို့ ကျဆုံးမှု ရှိတယ်လို့ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မြောက်ခြမ်း၊တလိုင်း(ထီးလှိုင်)ရွာကို စစ်တပ်က ဂျက်ဖိုက်တာတိုက်​လေယာဥ်​တွေနဲ့ ဒီက​နေ့မှာဗုံးကြဲတာ​ကြောင့်ကလေးငယ် တွေအပါအဝင် ပြည်သူ၈ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

မကွေးတိုင်း၊ လောင်းရှည်မြို့နယ်ကို စစ်တပ်ဗုံးကြဲတာကြောင့် (၉)နှစ်အရွယ် ကလေးငယ် ၁ဦး အပါအ၀င် ၃ ဦး သေဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ဂွမြို့နယ်မှာ ၂ပတ်အတွင်း စစ်တပ်ဗုံးကြဲမှုကြောင့် ၂ဦး သေဆုံး၊ ၂၀ ဒဏ်ရာရ