ဇွန်-၃၀၊ ၂၀၂၆ ဟာနာဆန်/People’s Spring
မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူနဲ့ မြိုင်မြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူများပြားနေပြီး စားနပ်ရိက္ခာနဲ့ သောက်သုံးရေအပါအဝင် အခြေခံလူသုံးကုန်ပစ္စည်းတွေ အရေးပေါ် လိုအပ်လျက်ရှိကြောင်း မြေပြင်ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ ကမ်းလက်များအဖွဲ့က ပြောပါတယ်။
လက်ရှိမှာ ပခုက္ကူမြို့နယ်နဲ့ မြိုင်မြို့နယ်အတွင်း စစ်ဘေးတိမ်းရှောင်နေရတဲ့ ပြည်သူဦးရေ စုစုပေါင်း ၂ သောင်းခန့်အထိ ရှိလာနေကြောင်း သိရပါတယ်။
ပခုက္ကူမြို့နယ်မှာဆိုရင် မြစ်ခြေမြို့နဲ့ ကမ္မမြို့က တစ်မြို့လုံးနီးပါး စစ်ဘေးရှောင်နေရပြီး မြိုင်မြို့နယ်မှာတော့ စစ်ကောင်စီတပ်စွဲထားတဲ့ မြိုင်စက်မှုဇုန် (၁) အနီးဝန်းကျင်ရှိ ရွာများအားလုံးအပါအဝင် ကျေးရွာ ၁၅ ရွာခန့် တိမ်းရှောင်နေရကြောင်း ကမ်းလက်များအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement



“”လိုအပ်တာက စားနပ်ရိက္ခာပါပဲ။ မီးရှို့ခံရတဲ့ ပြည်သူတွေအတွက်ကတော့ လိုအပ်ချက်ကအများကြီးပဲ။ သူတို့အတွက်ဆိုရင်တော့ ဘက်စုံသုံး ငွေကြေးထောက်ပံ့ပေးနိုင်ရင်ကောင်းပါတယ်။ မြိုင်ဘက်ဆိုရင်တော့ သောက်ရေပါလိုအပ်ပါတယ်။တောတိုက်တွေထဲရှောင်ကြတာဆိုတော့။”လို့ ၎င်းတာဝန်ရှိသူက ပြောပါတယ်။
ကမ်းလက်များအဖွဲ့အနေနဲ့ စစ်ရှောင်တွေကို လက်လှမ်းမှီသမျှ လှူဒါန်းနေပြီး မနေ့က ဇွန် ၂၉ ရက်မှာ ပခုက္ကူမြို့နယ် နယ်မြေ ၁ နဲ့ ၂ အတွင်းက စစ်ဘေးရှောင်နေရာ တစ်နေရာကို အိမ်ထောင်စု ၈၈ဦးစာအတွက် ဆန်နဲ့ဆီကို အလှူရှင်များကိုယ်စား သွားရောက်လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။
မြစ်ခြေမြို့ဟာ ပြီးခဲ့တဲ့မေလကုန် ဇွန်လဆန်းမှာပဲ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုး မီးရှို့လို့ အိမ်ခြေ (၁,၀၀၀) နီးပါး ပြာကျပျက်စီးခဲ့ရပြီး ပြည်သူ (၄၀) ကျော်လည်း အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။


















































