Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တူရကီဆီ F-35 တိုက်လေယာဉ်တွေ ရောင်းချရေး စဉ်းစားပေးမယ်လို့ ထရမ့်ပြော

တူရကီဆီ F-35 တိုက်လေယာဉ်တွေ ရောင်းချရေး စဉ်းစားပေးမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - The New York Times

တူရကီဆီ F-35 တိုက်လေယာဉ်တွေ ရောင်းချရေး စဉ်းစားပေးမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

အမေရိကန်ရဲ့ မဟာမိတ် အစ္စရေး အစိုးရက ကန့်ကွက်နေတဲ့တိုင် ဇူလိုင် ၇ ရက်နေ့က တူရကီနိုင်ငံ၊ အန်ကာရာမြို့ဆီ NATO မဟာမိတ်အဖွဲ့ရဲ့ ညီလာခံ တက်ရောက်ဖို့ ရောက်ရှိ နေချိန်မှာ ထရမ့်က အခုလို မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

အိမ်ရှင်နိုင်ငံ သမ္မတ ရာဂျစ်တာယစ် အာဒိုဝမ်နဲ့ အတူယှဉ်တွဲ ထိုင်နေရင်း ထရမ့်က အမေရိကန်ဟာ တူရကီအပေါ် သတ်မှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေကို ဖြေလျှော့ပေးမယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီအခြေအနေက တူရကီဟာ ရေဒါနဲ့ ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်တဲ့ ကိုယ်ပျောက် (stealth) နည်းပညာပါတဲ့ ပဉ္စမမျိုးဆက် F-35 တိုက်လေယာဉ်တွေကို ဝယ်ယူဖို့ ပြန်လည် လမ်းပွင့်လာစေနိုင်ပါတယ်။

အစောပိုင်းတုန်းက အမေရိကန်ဟာ F-35တွေ ရောင်းချပေးမယ့် မိတ်ဖက်နိုင်ငံတွေ စာရင်းမှာ တူရကီကို ထည့်သွင်းထားခဲ့ပါတယ်။ ဒါပေမဲ့ တူရကီက ရုရှားလုပ် S-400 လေကြောင်းကာကွယ်ရေး ဒုံးကျည်စနစ်ကို ဝယ်ယူခဲ့တဲ့ အခါမှာတော့ F-35တွေရဲ့ အချက်အလက်ပိုင်း ပေါက်ကြားမှာကို စိုးရိမ်တဲ့အတွက် အမေရိကန်က တူရကီကို F-35 စီမံကိန်းထဲကနေ ၂၀၁၉ ခုနှစ်မှာ ဖယ်ထုတ်ပစ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တူရကီ သမ္မတအိမ်တော်က တွေ့ဆုံပွဲမှာတော့ ရုရှားစစ်လက်နက် ဝယ်ယူမှုကြောင့် တူရကီအပေါ် အမေရိကန်က သတ်မှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေကို ဖယ်ရှားပေးဖို့ ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါတယ်။

အမေရိကန်က တူရကီဆီ F-35တွေ ရောင်းချပေးမှာလားဆိုတဲ့ မေးခွန်းကိုတော့ ထရမ့်က တိုက်ရိုက် မဖြေဘဲ ဒါဟာ အမေရိကန်က ကျိန်းသေ စဉ်းစား ဆုံးဖြတ်ရမယ့် ကိစ္စ တစ်ခုဖြစ်ကြောင်း၊ F-35တွေက အရမ်းကို ထူးကဲကောင်းမွန်တဲ့ တိုက်လေယာဉ်တွေ ဖြစ်ပြီး လက်ရှိမှာ အကောင်းဆုံးလို့တောင် ဆိုနိုင်ကြောင်း၊ အခုကိစ္စကိုတော့ အမေရိကန်က သေချာပေါက် သုံးသပ် စဉ်းစားပေးမှာဖြစ်ကြောင်း မှတ်ချက်ပေးသွားပါတယ်။

ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း သမ္မတ အာဒိုဝမ်ရဲ့ တူရကီ အစိုးရဟာ F-35တွေ ပြန်လည် ဝယ်ယူခွင့် ရရေးအတွက် ပိုမို အားထုတ် ကြိုးစားလာခဲ့ပါတယ်။ ထရမ့်ရဲ့ အခုမှတ်ချက်အရ တူရကီဟာ လက်ရှိ ကမ္ဘာပေါ်မှာ နည်းပညာပိုင်း ခေတ်ရှေ့ အပြေးဆုံး ဘက်စုံသုံး တိုက်လေယာဉ်တွေကို ဝယ်ယူဖို့ မျှော်လင့်ချက် ပိုမို အားကောင်းလာတဲ့ သဘောပါပဲ။

တစ်ဖက်မှာတော့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက အမေရိကန် အစိုးရ အနေနဲ့ တူရကီဆီ F-35တွေ မရောင်းဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။ အရှေ့အလယ်ပိုင်း ဒေသမှာ အစ္စရေးရဲ့ လေကြောင်းစစ်ဆင်ရေး စွမ်းရည်က ဒေသတွင်း နိုင်ငံအားလုံးထက် သာလွန်နေစေမယ်လို့ အမေရိကန်က အာမခံပေးထားကြောင်း၊ ဒါပေမဲ့ တူရကီဆီ F-35တွေ ရောင်းပေးခဲ့မယ်ဆိုရင် အဲဒီ အခြေအနေ ပျက်ပြယ်သွားနိုင်ကြောင်း နေတန်ညာဟုက ဆိုပါတယ်။

ဒါ့အပြင် အာဒိုဝမ်နဲ့ တူရကီ အစိုးရ အဖွဲ့ဝင်တွေဟာ အစ္စရေးနိုင်ငံကို လုံးဝ ပျောက်ကွယ်ပျက်စီးသွားစေချင်တဲ့ သဘောထားတွေကို လူသိရှင်ကြား ထုတ်ပြောထားသူတွေ ဖြစ်တာကြောင့် အခုလို အစွမ်းထက် လက်နက်မျိုး တူရကီဆီ ရောက်သွားမှာ အစ္စရေး အနေနဲ့ စိုးရိမ်ကြောင်းလည်း သူက အတည်ပြုခဲ့ပါတယ်။

အာဒိုဝမ်ကတော့ ထရမ့်နဲ့ တွေ့ဆုံပြီးတဲ့နောက် အမေရိကန်ရဲ့ တိုက်လေယာဉ်တွေကို ဝယ်ယူခွင့် ရရှိရေးကိစ္စအပေါ် ပိုပြီး အကောင်းမြင် မျှော်လင့်လာနိုင်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။ ထရမ့်ဟာ တူရကီဆီ တိုက်လေယာဉ်တွေ ရောင်းချမယ် ဆိုရင်တောင်မှ အမေရိကန် လွှတ်တော်ဆီက ထောက်ခံချက်ကို ရယူဖို့ လိုအပ်နေပါတယ်။

တူရကီဟာ အမေရိကန် ကုမ္ပဏီ General Electricsက ထုတ်လုပ်တဲ့ F110 အမျိုးအစား တိုက်လေယာဉ် အင်ဂျင်တွေ ဝယ်ယူဖို့ကိုလည်း ကြိုးပမ်းနေပါတယ်။ အဲဒီအင်ဂျင်တွေကို အမေရိကန်ဆီက တူရကီ ဝယ်ယူထားတဲ့ F-16 တိုက်လေယာဉ်တွေမှာ အသုံးပြုထားသလို ပြည်တွင်းဖြစ် တည်ဆောက်နေတဲ့ KAAN တိုက်လေယာဉ်တွေမှာပါ တပ်ဆင်နိုင်ဖို့ တူရကီက မျှော်လင့်နေကြောင်း သိရပါတယ်။

တိုက်လေယာဉ် အင်ဂျင်တွေကိုရော တူရကီဆီ ရောင်းမလားဆိုတာနဲ့ ပတ်သက်လို့တော့ ထရမ့်က အမေရိကန်ဟာ တူရကီဆီ ရောင်းပေးထားတဲ့ လေယာဉ်တွေမှာ လိုအပ်တဲ့ စက်ပစ္စည်းနဲ့ အပိုပစ္စည်းတွေကို ဆက်လက် ထောက်ပံ့ပေးနေဖို့ တာဝန်ရှိကြောင်း ပြန်ဖြေသွားခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

ဆောင်းပါး

ထရမ့်ကို အခွန်(tariff) တိုးကောက်ခွင့် အာဏာအသစ်တွေ ပေးတာဟာ ယူကရိန်းကို ကူညီရာ မရောက်ပါ။

နိုင်ငံတကာ

အီရန်အပေါ် စီးပွားရေးအရ ပြင်းပြင်းထန်ထန် အရေးယူ ပိတ်ဆို့မှုတွေမှာ ပါဝင်ဖို့ အမေရိကန်ရဲ့ တောင်းဆိုမှုကို တရုတ် အစိုးရက ပယ်ချခဲ့ပါတယ်။

သတင်း

မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့-မြန်မာ (ISP-Myanmar) ထူထောင်သူ၊ အမေရိကန် နိုင်ငံသား ဦးမင်းဇင်ကို တရုတ်က ဖမ်းဆီးမှုဟာ ‘မတရားဖမ်းဆီး ထိန်းသိမ်းခံရမှု’လို့ အမေရိကန်က စွပ်စွဲခဲ့တဲ့အပေါ် တရုတ်ဖက်က ပယ်ချခဲ့ပါတယ်။

သတင်း

အီရန်အပေါ် အမေရိကန်ရဲ့ ပိတ်ဆို့ အရေးယူမှုတွေဟာ သမိုင်းတလျှောက် ကြုံဖူးသမျှ အပြင်းထန်ဆုံး ဖြစ်လာစေမယ်လို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး စကော့ဘက်ဆန့်က ပြောကြားခဲ့ပါတယ်။