ဇူလိုင်-၈၊ ၂၀၂၆။ကိုဒီး/People’s Spring
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်းက မင်းလက်ပံနဲ့ ဖလူးဒေသကို ဇူလိုင် ၁၀ရက်နေ့အပြီးသိမ်းပိုက်မယ်ဆိုပြီး အင်အားအများအပြားနဲ့ ချီတက်လာတဲ့ စစ်တပ်ဟာ တိုက်ပွဲစတင်ဖြစ်တဲ့နေ့မှာဘဲ သေဆုံးမှုများနေတယ်လို့ စုံစမ်းသိရပါတယ်။
ဇူလိုင် ၇ရက်မနက်ပိုင်းကစပြီး စစ်တပ်က မင်းလက်ပံဒေသကို အင်အားအများအပြားပို့ပြီးနောက် ညနေပိုင်းမှာ တိုက်ပွဲစဖြစ်ခဲ့တယ်လို့ လူထုနွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
အဲဒီတိုက်ပွဲအတွင်းမှာ တော်လှန်ရေးတပ်တွေရဲ့ အသေခံဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် စစ်တပ်က ၄ ဦးသေဆုံးတယ်လို့ သတင်းကြားရကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။ ဒါပေမယ့်စစ်တပ်က တစ်ညလုံး လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement
ဒီကနေ့ ဇူလိုင် ၈ရက် မနက် ၆နာရီက စပြီး မင်းလက်ပံနဲ့ ကျွန်းတောဒေသမှာ တိုက်ပွဲအပြင်းအထန် ထပ်မံဖြစ်နေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ ဒီကနေ့ မနက်တိုက်ပွဲအတွင်းမှာလည်း စစ်တပ်က သေဆုံးမှုရှိနေတယ်လို့ ပြောပါတယ်။
” မြဝတီတောင်ဘက် မင်းလက်ပံ၊ ကျွန်းတောမှာ ဖြစ်နေတာ။ တပ်က ကျတာ များတယ်ပြောတယ်။လေယာဉ်တော့ မလာသေးဘူး။ အင်အား တစ်ထောင်ကျော်နဲ့ ထိုးလာတယ်ပြောတယ်။ များများတက် များများသေပေါ့”လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
စစ်တပ်ဟာ ဖလူးနဲ့ မင်းလက်ပံဒေသကို ဇူလိုင် ၁၀ရက်နေ့အပြီး သိမ်းပိုက်ဖို့ဆိုပြီး အမိန့်နဲ့ တက်လာတာလို့ သတင်းကြားသိရကြောင်းလည်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ဇူလိုင် ၁၀ရက်ဟာ အာဏာသိမ်းစစ်တပ်ရဲ့ ရက်၁၀၀စီမံချက် ပြည့်မယ့်နေ့ဖြစ်ပါတယ်။
စစ်တပ်ဟာ ကော့ကရိတ်−မြဝတီအာရှလမ်းပိုင်းကိုလည်း လေးရက်ဖြင့် မြဝတီမြို့အရောက်ချီတက်မည်ဟု ကြွေးကြော်လာခဲ့တဲ့ အောင်ဇေယျစစ်ကြောင်းဟာ တပ်ရင်းလိုက် သေဆုံးမှုတွေရှိခဲ့ပြီး အာရှလမ်းပိုင်းမှာ ၁နှစ်ကြာတဲ့အထိ ပိတ်မိနေခဲ့ပါတယ်။
မြဝတီမြို့တောင်ဘက်ခြမ်းမှာ နေရာစုံကနေ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးလာတာကြောင့်တိုက်ပွဲပြင်းထန်နေတာလို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
” ဆွယ်တော်ကုန်းကနေလည်း ဆင်လာတယ်။ ရဲကုန်းကနေလည်း ထိုးတယ်။ နေရာစုံမှာ ထိုးနေတာ ညနေတည်းက။ မင်းလက်ပံကလည်း တက်လာတယ်။ တိုက်ပွဲအကြီးအကျယ်ဖြစ်နေတယ်”လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဇူလိုင်၇ရက် ညပိုင်းက ပြောပါတယ်။
ဒီကနေ့ မနက်တိုက်ပွဲမှာ စစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေ ထိုင်းနိုင်ငံဘက်ခြမ်းကို ကျရောက်နေတယ်လို့ ထိုင်းလူမှုကွန်ရက်တွေမှာ ရေးသားနေကြပါတယ်။ တိုက်ပွဲကြောင့် နယ်စပ်က ထိုင်းဒေသခံအချို့ ဘေးလွတ်ရာတိမ်းရှောင်နေကြရပါတယ်။
ဒါ့အပြင် ထိုင်းစစ်တပ်ကလည်း လုံခြုံရေးယူ စောင့်ကြည့်တာတွေ လုပ်နေတဲ့ ရုပ်ပုံတွေ လူမှုကွန်ရက်မှာ ပျံံ့နှံံ့နေပါတယ်။
မြဝတီမြို့တောင်ဘက်ခြမ်းက တိုက်ပွဲတွေအတွင်း စစ်တပ်က အမှတ်(၁၃)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၃)နဲ့ ရဲတပ်ရင်းကိုပါ စစ်ကူခေါ်ယူ အင်အားဖြည့်တင်းနေတယ်လို့ စုံစမ်းသိရပါတယ်။ဘယ်ရဲတပ်ရင်းကိုစစ်ကူခေါ်သုံးတယ်ဆိုတာကိုတော့စုံစမ်းနေဆဲဖြစ်ပြီး မသိရသေးပါဘူး။
စစ်တပ်ဟာ မြဝတီမြို့တောင်ဘက်ခြမ်းက မင်းလက်ပံနဲ့ ဖလူးကျေးရွာတိုက်ပွဲတွေကို စစ်ကူတိုက်ပေးဖို့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)ရဲ့ ဗိုလ်ဘိအဖွဲ့နဲ့ ကရင်နယ်ခြားစောင့်တပ်(BGF)ရဲ့ ဗိုလ်မုတ်သုန်အဖွဲ့တွေကိုခေါ်ယူပြီး တော်လှန်ရေးတပ်တွေကို ထိုးစစ်ဆင်နေတာဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။
ဗိုလ်ဘိအဖွဲ့က အင်အား ၁၀၀ လောက်နဲ့ ဗိုလ်မုတ်သုန်အဖွဲ့က အင်အား ၂၀၀ လောက် ခေါ်ယူပြီး စစ်တပ်နဲ့ အင်အားစုစုပေါင်း ၁၀၀၀ လောက်နဲ့ ထိုးစစ်ဆင်လာတာလို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။စစ်တပ်ဟာ မြဝတီမြို့တောင်ဘက်ခြမ်းက ဒေသတွေကို စိုးမိုးနိုင်ဖို့အတွက် မင်းလက်ပံ၊ ဖလူးကြီး၊ ဖလူးလေး ကျေးရွာတွေကို ပြန်သိမ်းဖို့ ပြီးခဲ့တဲ့ ၂၀၂၅ အောက်တိုဘာကတည်းက စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်ပေမယ့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ဖြတ်တောက်တိုက်ခိုက်မှုကြောင့် ရှေ့မတိုးနိုင်ပဲဖြစ်နေတာပါ။
စစ်တပ်က ဖလူး၊မင်းလက်ပံဒေသတွေကို ထိန်းချုပ်နိုင်ရင် ဝေါလေဗျူဟာကုန်းကို စစ်ကူပို့နိုင်မှာ ဖြစ်ပါတယ်။ မြန်မာ-ထိုင်းနယ်စပ်မှာ စစ်ရေးအရအရေးပါတဲ့ ဝေါလေဗျူဟာကို KNLA ၊PDF ပူးပေါင်းစစ်ကြောင်းတွေက ပိတ်ဆို့ဝန်းရံတိုက်ခိုက်နေတာကြောင့် စစ်တပ်က ဗျူဟာမကျအောင် လေကြောင်းကနေပဲ လက်နက်၊ ခဲယမ်း၊ ရိက္ခာတွေပို့နေတာဖြစ်ပါတယ်။


















































