ဇူလိုင် ၉၊ ၂၀၂၆။ ထားမြတ်/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မော်ဟန်ရွာနားက ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်ဆေးရေးဂိတ်ကို ကိုးကန့် တပ်(MNDAA)က အင်အားသုံးပြီး လာရောက်ဖယ်ရှားဖျက်ဆီးခဲ့လို့ နှစ်ဖက် အချင်းများခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။
ဇူလိုင် ၈ရက် ညနေပိုင်းမှာ မော်ဟန်ဂိတ်ကို ကိုးကန့်တပ်တွေ ရောက်လာပြီး KIA ရဲဘော်ကို ရိုက်နှက်ကာ ဂိတ်တွေကို ဖျက်ဆီးခဲ့တာလို့ဆိုပါတယ်။
” အထက်အမိန့်လို့ ပြောပြီး MNDAA ဘက်က ရန်လာစတာ”လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
အဲဒီလို ဂိတ်ဖျက်ဆီးခံရပြီးနောက် လာရောက်ဖျက်ဆီးတဲ့ MNDAA တပ်ဖွဲ့က အရာရှိတွေနဲ့ နယ်မြေခံ KIA တပ်မှူးတို့ အပြန်အလှန် ပြောဆိုနေကြတဲ့ ရုပ်သံကိုလည်း ကချင်သတင်းရင်းမြစ်တွေက လူမှုကွန်ရက်မှာ ဖော်ပြခဲ့ပါတယ်။
“ကျနော်တို့ အချင်းချင်း မသိတာလည်း မဟုတ်ဘူး သူငယ်ချင်းလည်း ဟုတ်တယ်။ ပြောစရာရှိတာ လူကြီးအချင်းချင်း ပြောရအောင် ။ ဘာလို့ အောက်ခြေရဲဘော်တွေကို ရန်လာရှာလဲ” လို့ KIA တပ်မှူးက မေးမြန်းရာ KIA ဂိတ်က အခွန်ကောက်လို့ အထက်က လာဖျက်ဆီးခိုင်းတာလို့ MNDAA အရာရှိက ပြောပါတယ်။
“ကျနော်တို့ အခွန်ကောက်တာ ဌာနချုပ် အမိန့်နဲ့ ကောက်တာ ကျနော်တို့က။ ခင်ဗျားတို့ အဖွဲ့က မကောက်နဲ့ ဆို ကျနော်တို့က MNDAA လက်အောက်ခံ အဖွဲ့တွေ လည်းမဟုတ်ဘူး။ ကျနော်တို့က သပ်သပ်လေ။ မင်းတို့ အခွန်မကောက်နဲ့လို့ ကျနော်တို့ ပြောလို့ရလား” လို့ KIA တပ်မှူးက မေးမြန်းရာ MNDAAအရာရှိတဦးက “ငါတို့လည်းမကောက်ဘူးလေ”ဟု ပြန်ပြောခဲ့ပါတယ်။
MNDAAက အခွန်မကောက်ဟု ငြင်းဆိုတဲ့အပေါ် KIA အရာရှိက “ဘာလို့မကောက်လဲ သိန္နီမှာ အမြဲတမ်း ကောက်နေတာပဲလေ အသွားလည်း နှစ်ထောင် အပြန်လာလည်း နှစ်ထောင် အဲဒါမကောက်ဘူးလား။” လို့ ပြန်ပြောရာ MNDAA အရာရှိက မသိဘူးဟု ပြောပါတယ်။
“ဘာလို့ မသိဘူးလဲ မင်းတို့ MNDAAတံဆိပ် တွေပဲ။” လို့ KIA အရာရှိက ပြောပါတယ်။
“အခုဒီလိုမျိုး ငါတို့ ရဲဘော်တွေလည်း မင်းတို့လာရိုက်တယ် ဒါမျိုးလည်း လာဖျက်ဆီးတယ်။”လို့ KIA တပ်မှူးက ပြောကြားရာ MNDAA အရာရှိက အထက်လူကြီးနဲ့ စကား ပြောရန် ပြန်ပြောပါတယ်။
“ကွတ်ခိုင်မြို့နဲ့ နီးတဲ့ စခန်းမှာ ကျနော်တို့ အင်အားနည်းတယ်ဆိုပြီး မင်းတို့ အင်အားသုံးပြီးမှ လာအနိုင်ကျင့်တယ်။ မင်းတို့ စခန်းတွေ နောက်တန်းမှာ အင်အားမရှိတဲ့ စခန်းတွေရှိတယ် ငါတို့ ဒီလိုလာအနိုင်ကျင့်လို့ရလား လာဖျက်ဆီးလို့လား ၊ လာရိုက်ပေးလို့ရလား” လို့ KIA တပ်မှူးက ပြောကြားခဲ့တာကိုလည်း ရုပ်သံမှာ ကြားရပါတယ်။
အဲဒီလိုပြောကြားရာ MNDAA အရာရှိက ငါတို့ သဘောနဲ့ မဟုတ်ဘူး လို့ ပြန်ပြောခဲ့ပြီး ခိုင်းစေတာဟာ လောက်ကိုင်ဇာတိ ခရိုင်မှူး လီရှင်ဟိုင်း MNDAA တာဝန်ရှိသူက ခိုင်းစေတာလို့ ပြောပါတယ်။
KIA တပ်မှူးက အခုလို ခိုင်းစေတာ ဌာနချုပ် အမိန့်လား ဟု မေးမြန်းရာ ဌာနချုပ်အမိန့် ဟုတ်တယ်လို့ MNDAA အရာရှိတွေက ပြန်လည်ဖြေကြားပါတယ်။
KIA ရဲဘော်ကို အခုလို ဘာလို့ ရိုက်နှက်ရသလဲ ဌာနချုပ် အမိန့်လားဟု မေးမြန်းရာ MNDAA အရာရှိက လက်နက်ချပြီး စကားပြောရအောင် လို့ပြောတာ မရလို့ ရိုက်တာဟု ပြန်ဖြေပါတယ်။
“စစ်သားပဲ ခု မင်းသေနတ်ထားဆို မင်းထားပေးမလား။ လက်နက်ချတယ်ဆိုတာ အရှုံးပေးတဲ့ ပုံစံမျိုးပဲ။”လို့ KIA အရာရှိက တုံ့ပြန်ပြောပါတယ်။
MNDAA လူကြီးတွေက KIA ဂိတ်က ရဲဘော်တွေကိုလာရိုက်ခိုင်းတာလားလို့ KIA တပ်မှူးက မေးမြန်းရာ MNDAA အရာရှိက မရိုက်ခိုင်းဘူးလို့ ပြန်ဖြေပါတယ်။
‘ကွတ်ခိုင်-မူဆယ်လမ်းမကြီးမှာ သူတို့ လူကြီးအချင်းချင်း ညှိပြီးမှ အခွန်ဘယ်သူမှ မကောက်ဘူး ဂိတ်တွေအကုန်လုံးဖြုတ်မယ်ဆို အကုန်လုံးလုပ်လို့ရတာပဲ လူကြီးတွေ။’ လို့ KIA တပ်မှူးက ပြဿနာတွေကိုလူကြီးချင်းဖြေရှင်းနိုင်တဲ့ အခြေအနေကို ပြောပြပါတယ်။
ကွတ်ခိုင်မြို့ကို တအာင်းတပ်မတော်(TNLA)က သိမ်းပိုက်ခဲ့တာဖြစ်ပြီး ၂၀၂၆ မတ်လမှာ ကိုးကန့်တပ် MNDAAနဲ့ TNLAအကြား အုပ်ချုပ်ရေးဆိုင်ရာ ပြဿနာ အပေါ် MNDAAက စစ်အင်အားသုံးထိုးစစ်ဆင်တိုက်ခိုက်ပြီး ကွတ်ခိုင်ကို သိမ်းပိုက်ထားတာပါ။
ကွတ်ခိုင်မြို့နယ်ထဲက နမ့်ဖက်ကာဒေသ အပါအဝင် ဒေသအချို့ကို KIAက အရင်ကတည်းက ထိန်းချုပ်ထားတာဖြစ်ပါတယ်။နမ့်ဖက်ကာ စစ်ကောင်စီတပ်ရင်းကို KIAက သိမ်းပိုက်ထားတာဖြစ်ပါတယ်။
ရှမ်းမြောက်မှာ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေဟာ မဟာမိတ်အချင်းချင်းအကြား နယ်မြေဆိုင်ရာ အုပ်ချုပ်ရေးဆိုင်ရာနဲ့ ပတ်သက်ပြီးပြဿနာတွေ မကြာခဏ ဖြစ်ခဲ့ပါတယ်။ KIAနဲ့ TNLA အကြားလည်း ပြဿနာအချို့ရှိခဲ့ပေမဲ့ သေနတ်ပေါက်တာမျိုးမရှိခဲ့ပါဘူး။
ရုပ်သံ – Lung Jung LA


















































