ဇူလိုင်-၁၃၊၂၀၂၆။ဖိုးသား/People’s Spring
ချင်းပြည်နယ်တောင်ပိုင်း စစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခံရပြီး သေဆုံးမှုများပြီးနောက် စစ်သား ၂၀ ကျော်ထွက်ပြေး အညံ့ခံလာတယ်လို့ တော်လှန်ရေးတပ်တွေနဲ့ နီးစပ်သူတချို့က ပြောပါတယ်။
ပေါက်မြို့နယ်အခြေစိုက် အမှတ်(၂၄)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၄)ကထွက်လာတဲ့ အင်အား ၄၀၀ ခန့်ပါ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေဟာ တပြင်းရွာအနီးမှာ တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
“နတ်ထိပ်အဆင်း တပြင်းရွာနားမှာ မနေ့က တနေကုန်ဖြစ်တာ။စစ်ကြောင်းထဲက ထွက်ပြေးလာတဲ့သူ စုစုပေါင်း ၂၂ ယောက်ရှိတယ်”လို့ ဆောမြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
ထွက်ပြေးလာသူ ၂၂ ဦးအနက် ၁၃ ဦးက လက်နက်ပါရှိပြီး ကျန် ၉ ဦးက လက်နက်မပါဘူးလို့ သူက ပြောပါတယ်။
“တိုက်ပွဲမှာ သေတာရော လက်နက်ခဲယမ်းရတာရှိတယ်။မနေ့က တိုက်ပွဲမှာ ၁၃လောင်းရတယ်ကြားတယ်”လို့ ယောဒေသ ကာကွယ်ရေးတပ်နဲ့နီးစပ်သူက ပြောပါတယ်။
ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို ထိုးစစ်ဆင်နေတဲ့ စစ်တပ်ရဲ့ ကနဦးထိုးစစ်မှာ သေဆုံးထိခိုက်သူတွေများနေတာကြောင့် ကပစ(၂၄)ကနေ ဇူလိုင် ၁၀ရက်မှာ စစ်ကူထပ်ပို့တာ ဖြစ်ပါတယ်။
“ကျောက်ထုနားရောက်နေပြီ။သရက်ချဉ် ရွာမှာ။မြို့၀င်တော့မယ်”လို့ ယောဒေသစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
အဲဒီစစ်ကြောင်းက ကျောက်ထုအမြောက်တပ် (၃၆၈)ကတဆင့် မင်းတပ်မြို့ကို စစ်ကူပေးမှာဖြစ်သလို ကန်ပက်လက်မြို့ကိုလည်း အင်အားဖြည့်ဖို့အတွက် မကွေးအခြေစိုက် တပ်မ(၉၉)က အင်အား ၃၀၀ ကျော်ပါတဲ့ စစ်ယာဉ်တန်းတွေဟာ လောင်းရှည်မြို့ကို ဒီကနေ့ဇူလိုင် ၁၃ရက် ညနေပိုင်းမှာ ၀င်လာပြီလို့ သိရပါတယ်။
စစ်တပ်ဟာ မေလလယ်ကစပြီး ချင်းတောင်ပိုင်းထိုးစစ်ကို အင်အားအလုံးအရင်းနဲ့ ပြုလုပ်လာတဲ့အပေါ် ချင်းပြည်သူ့အစည်းအရုံးနဲ့ မဟာမိတ်တပ်တွေက ခုခံတိုက်ခိုက်နေပါတယ်။ တိုက်ပွဲ ၁လခွဲကျော်အတွင်း တော်လှန်ရေးပူးပေါင်းတပ်က တန်ပြန်ထိုးစစ်ဆင်ပြီး စစ်တပ်အထိနာအောင် တိုက်ခိုက်ထားနိုင်ကြောင်းလည်း အသိပေးထားပါတယ်။


















































