ဇူလိုင် ၁၅၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ခေါင်လန်ဖူးဒေသ မြန်မာ-တရုတ် နယ်ခြားမှတ်တိုင် အမှတ်(၃၀) ရှိ စစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ PDF ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်က ပြောပါတယ်။
ဇူလိုင် ဒုတိယပတ်အတွင်းမှာ ခေါင်လန်ဖူးဒေသက စစ်တပ်နဲ့ ပြည်သူ့စစ်စခန်းတွေကို KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး သတင်းရင်းမြစ်က အခုလို ပြောတာပါ။
” နယ်ခြားမှတ်တိုင် ၃၀ သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးလိုက်ပြီ” လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။ စစ်တပ်စခန်း မီးလောင်နေတဲ့ရုပ်သံမှတ်တမ်းကိုလည်း ပြသပါတယ်။

Public Service Announcement
စစ်တပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ်တပ်တွေ နေရာယူထားတဲ့ စခန်းအချို့ သိမ်းပိုက်နိုင်ပြီး လက်နက်ခဲယမ်းတွေ ရရှိမှု အခြေနေကို စစ်ရေးသတင်းရင်းမြစ်က ပြောထားပါတယ်။ ဒေသတွင်းစစ်ရေး အခြေအနေ အသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
KIA စစ်ရေးသတင်းတွေ ဖော်ပြနေတဲ့ 7Stars Newsရဲ့ ဖော်ပြချက်မှာတော့ ခေါင်လန်ဖူးဒေသ နယ်ခြားမှတ်တိုင်(၃၀)ရှိ စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စခန်း ၃ခုကို KIAနဲ့ KPDF တပ်ဖွဲ့ကဇူလိုင် ၁၀ရက်ကနေ ၁၃ရက်နေ့အတွင်း အပြီးသတ်သိမ်းပိုက်ခဲ့တယ်လို့ အသိပေးထားပါတယ်။
လက်နက်ခဲယမ်း အများအပြားသိမ်းရခဲ့တယ်လို့လည်း မြေပြင်သတင်းရင်းမြစ်ကို ကိုးကား ဖော်ပြပါတယ်။
ခေါင်လန်ဖူးဒေသ စစ်ရေး သတင်းတွေနဲ့ ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံဆက်သွယ်မေးမြန်းထားပြီး အဆက်အသွယ်မရသေးပါဘူး။
ဒါပေမဲ့ ပြီးခဲ့တဲ့ တပတ်က ပူတာအို ခေါင်လဲဖူးဒေသအပါအဝင် ကချင်ပြည်နယ်အတွင်း စစ်တပ် စစ်ရေးလှုပ်ရှားလာမှု အခြေအနေကို KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြထားပါတယ်။ ခေါင်လန်ဖူးဒေသ စစ်တပ်စခန်းတွေမသိမ်းမီ ဇူလိုင် ၈ရက် KIA သတင်းပြန်ကြားရေးဌာနရဲ့ဖော်ပြချက်မှာ ပူတာအို ခေါင်လန်ဖူးဘက်မှာ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့က ပြည်သူတွေကို စုဆောင်းရေးလုပ်ပြီးရှေ့တန်းကို ရိက္ခာတွေ ပို့ဆောင်စုဆောင်းနေတယ်လို့ အသိပေးထားပါတယ်။
KIAနဲ့ စစ်တပ်တို့ဟာ ကချင်ပြည်နယ် ရွှေကူမြို့နယ်အတွင်း နှစ်လခွဲကြာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေသလို အင်းတော်ကြီးဒေသမှာလည်း လတ်တလော တိုက်ပွဲဖြစ်ပွားမှု ရှိနေပါတယ်။
ရုပ်သံ − ပေးပို့

















































