ဇူလိုင်-၁၅၊၂၀၂၆။ထားမြတ်/People’s Spring
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)အဖွဲ့ဝင်တွေက ထိုင်းနိုင်ငံနဲ့ အာဆီယံအထူးကိုယ်စားလှယ်ဖြစ်တဲ့ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာကို ဒီကနေ့မှာသတင်းထုတ်ပြန်လိုက်ပြီး တွေ့ဆုံဆွေးနွေးမှုတွေမှာ SCEF အဖွဲ့ဝင် အဖွဲ့အစည်းတွေဟာ စစ်အုပ်စု ကိုယ်စားလှယ်တွေနဲ့ အတူ အာဆီယံကို တွေ့ဆုံခဲ့တာ မဟုတ်ဘဲ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အသိပေးပါတယ်။
SCEF အဖွဲ့ဝင်တွေဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီပြည်၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) တို့ဟာ မကြာသေးမီက အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ဥက္ကဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးရဲ့ ဖိတ်ကြားချက်၊ ထိုင်းတော်ဝင်အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်သော တွေ့ဆုံဆွေးနွေးမှုတွေမှာ ပါဝင်ခဲ့တယ်လို့ ဖော်ပြပါတယ်။ အာဆီ
ယံနဲ့ သီးသန့်သာ တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး တွေ့ဆုံမှုတွေရဲ့ ရည်ရွယ်ချက်ဟာ မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေ၊ ASEAN ဘုံသဘောတူညီချက် (၅) ချက် (Five-Point Consensus) အကောင်အထည် ဖော်ရေး ကြိုးပမ်းမှုတွေနဲ့ ယုံကြည်စိတ်ချရသော ငြိမ်းချမ်းရေး၊ နိုင်ငံရေးအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်အတွက် မရှိမဖြစ် လိုအပ်သော အခြေအနေများအပေါ် အမြင်ချင်းဖလှယ်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

Public Service Announcement





“အထက်ပါတွေ့ဆုံဆွေးနွေးမှုများသည် SCEF နှင့် စစ်အာဏာရှင်များအကြား တရားဝင် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ သို့မဟုတ် စေ့စပ်ညှိနှိုင်းမှု လုပ်ငန်းစဉ် စတင်ခြင်းဟု အဓိပ္ပါယ် မကောက်ယူသင့်ပါ” လို့ SCEFက ထုတ်ပြန်ပါတယ်။
တွေ့ဆုံဆွေးနွေးပွဲအတွင်း SCEF ကိုယ်စားလှယ်များက အဓိက ရပ်တည်ချက်တွေ ဖြစ်တဲ့ ASEAN ဘုံသဘောတူညီချက် (၅) ချက် (Five-Point Consensus) အား ထုတ်ပြန်ကြေညာမှု သက်သက်မဟုတ်ဘဲ အကောင်အထည်ဖော်ရမယ်ဆိုတာ ထပ်လောင်းအတည်ပြုခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီ ဘုံသဘောတူညီချက် ၅ချက် အကောင်အထည်ဖော်မှုမှာ သိသာထင်ရှားတဲ့ ဒါမှ မဟုတ် လက်တွေ့ကျတဲ့ တိုတက်မှုမရှိသေးတာ အာဆီယံက အသိအမှတ်ပြုထားတာဖြစ်ပြီး အာဆီယံအနေနဲ့အဲဒီအချက် ၅ချက် အကောင်အထည်ဖော်မှု သေချာစေဖို့ ဘယ်လိုဆောင်ရွက်မယ်ဆိုတာ အရေးကြီးကြောင်း ထုတ်ပြန်ပါတယ်။
“ အကောင်အထည်ဖော်မှုသည် ခိုင်မာသော အစီအစဉ်များဖြင့် စတင်ရမည်ဖြစ်သည်။ နိုင်ငံရေး အကျဉ်းသားများအား ချက်ခြင်းလွတ်ပေးခြင်း၊ အရပ်သားပြည်သူများအား အဓိပ္ပါယ်ပြည့်ဝသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရရှိနိုင်မှုနှင့် အကြမ်းဖက်မှုများလျော့ချရန် လက်တွေ့ကျသော ယန္တရားများ ပါဝင်ရမည်ဖြစ်သည်” လို့ ဖော်ပြထားပြီးအကောင်အထည်ဖော်မှုမပါရှိဘဲ ASEAN ဘုံသဘောတူညီချက် (၅) ချက်ကို အကြိမ်ကြိမ် ထပ်လောင်းအတည်ပြုခြင်းသက်သက်နဲ့ မြေပြင်ရှိ အရှိတရားများကို မည်သည့် ပြောင်းလဲမှုမျှ ပြုလုပ်နိုင်မည် မဟုတ်ဟု SCEFက ထုတ်ပြန်ပါတယ်။
နိုင်ငံရေးအသွင်ကူးပြောင်းခြင်းဟာ ရည်မှန်းချက်ဖြစ်ပြီး တွေ့ဆုံဆွေးနွေးရေးဟာ နည်းလမ်းဖြစ်ကြောင်း။ SCEF အနေနဲ့ ရည်မှန်းချက်မပါသော တွေ့ဆုံဆွေးနွေးမှုသက်သက်ကို ယုံကြည်မှုမရှိကြောင်း ရှင်းလင်းထားပါတယ်။
“တွေ့ဆုံ ဆွေးနွေးရခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာ့မဋိပက္ခကိုဖြစ်ပေါ်စေသော အကြောင်းရင်းများကို ဖြေရှင်း နိုင်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ဦးတည်သည့် နိုင်ငံရေးအသွင်ကူးပြောင်းမှု အောင်မြင် စေရန်ဖြစ်ပါသည်။ စစ်တပ်လွမ်းမိုးမှု၊ ဗဟိုချုပ်ကိုင်မှုအားကြီးသော အာဏာရှင်စနစ်နှင့် အရင်းခံ နိုင်ငံရေးအကျပ်အတည်းတို့ကို ချန်ထားပြီး အကြမ်းဖက်မှုကိုလျော့ချရုံသက်သက်သာ ရည်ရွယ်သော တွေ့ဆုံဆွေးနွေးမှုသည် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို ဆောင်ကျဉ်းပေး နိုင်မည် မဟုတ်ပါ။ နိုင်ငံ
ရေးတွေ့ဆုံဆွေးနွေးမှုသည် ကျယ်ပြန့်သော ငြိမ်းချမ်းရေးနှင့် နိုင်ငံရေး အသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်ပါသည်။ နိုင်ငံရေး အသွင်ကူးပြောင်းခြင်းအတွက် မည်သည့် အခါမျှ အစားထိုး၍ မရပါ”လို့လည်း ထုတ်ပြန်ပါတယ်။
အဓိပ္ပါယ်ပြည့်ဝသော တွေ့ဆုံဆွေးနွေးပွဲအတွက် စစ်အာဏာရှင်များက အခုထိ နိုင်ငံရေး စိတ်ဆန္ဒ ပြသခြင်းမရှိဟုလည်း ဖော်ပြပါတယ်။
“ နိုင်ငံရေးစိတ်ဆန္ဒသည် လက်တွေ့လုပ်ဆောင်ချက်များဖြင့် ပြသရမည်ဖြစ်သည်။ နိုင်ငံရေးစိတ်ဆန္ဒကို သက်သေပြသရမည့် တာဝန်မှာ မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်များဖြစ်သည်။ ထိုတာဝန်များကို တော်လှန်ရေး အင်အားစုများ သို့မဟုတ် အခြားနိုင်ငံရေးပါဝင်ပတ်သက်သူများကို လွှဲချ၍ မရပါ။ အဓိပ္ပာယ်ပြည့်ဝသော နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုအတွက် ယုံကြည်မှုလိုအပ်ပြီး ယုံကြည်မှုအတွက် လက်တွေ့ကျသော ဆောင်ရွက်ချက်များ လိုအပ်ပါသည်” လို့ SCEFက ထုတ်ပြန်ပါတယ်။
ယုံကြည်မှုအတွက် လက်တွေ့ကျတဲ့ ဆောင်ရွက်ချက်တွေ လိုအပ်ရာမှာ အနည်းဆုံးအားဖြင့် အရပ်သားပစ်မှတ်တွေကို မခွဲခြားဘဲ လေကြောင်း တိုက်ခိုက်တာတွေ အဆုံးသတ်ဖို့ အပါအဝင် အချက် ၅ချက်လိုအပ်တယ်လို့လည်း အသိပေးပါတယ်။ ကျန်လေးချက်မှာ စာသင်ကျောင်း၊ ကျန်းမာရေးနဲ့ ဘာသာရေး အဆောက်အအုံတွေ တိုက်ခိုက်တာ ရပ်ဖို့၊နိုင်ငံရေးအကျဉ်းသားတွေ ချက်ခြင်းလွတ်ပေးဖို့၊ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ထိခိုက်ခံစားရသူများဆီသို့ သေချာစွာ ရောက်ရှိဖို့၊ နိုင်ငံရေးဖြေရှင်းမှုအတွက် စစ်မှန်သောကတိကဝတ်နဲ့ ဖော်ပြနိုင်သော ယုံကြည်မှု တည်ဆောက်ရေး အစီအစဉ်များ ပြသနိုင်ဖို့ လိုကြောင်း ဖော်ပြထားပါတယ်။
“အရပ်သားများအပေါ် ကန့်သတ်ချက်မထားဘဲ တိုက်ခိုက်နေပြီး နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုကို ဖိတ်ခေါ်ခြင်းသည် အဓိပ္ပါယ်ပြည့်ဝသော တွေ့ဆုံနွေးနွေးမှု မဖြစ်နိုင်ပါ” လို့ SCEFက ထုတ်ပြန်ပါတယ်။
ဒါ့အပြင်မြန်မာ့နိုင်ငံရေးအရှိတရားဟာအခြေခံကျကျပြောင်းလဲသွားပြီဖြစ်ပြီးယနေ့မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးဟာ နေပြည်တော်မှာဘဲ သီးသန့်မရှိတော့လို့ အသိပေးပါတယ်။တိုင်းပြည်ရဲ့ နေရာအများအပြားမှာ အုပ်ချုပ်ရေးကို ပြည်နယ်/ယူနစ်အခြေခံဖြင့် ဆောင်ရွက်နေကြသလို ဒေသကိုယ်စားပြုအာဏာပိုင်များက နယ်မြေအတွင်းအုပ်ချုပ်ရေး၊ ပြည်သူ့လုံခြုံရေး၊တရားစီရင်ရေး၊ပြည်သူ့ဝန်ဆောင်မှုများနဲ့ ၎င်းတို့သက်ဆိုင်ရာပြည်သူများရဲ့ နိုင်ငံရေးဆန္ဒများကို ကိုယ်စားပြု ဆောင်ရွက်နေကြတာလို့ SCEFက ပြောပါတယ်။
ပကတိအရှိတရားတွေက တိုင်းပြည်ရဲ့ နိုင်ငံရေးအခင်းအကျင်းကို အခြေခံအားဖြင့် ပြောင်းလဲသွားပြီလို့ အသိပေးပါတယ်။
“မည့်သည့် ယုံကြည်စိတ်ချရသော ငြိမ်းချမ်းရေးဖြစ်စဉ်မဆို အဆိုပါ တရားဝင်နိုင်ငံရေးအာဏာပိုင်များကို အသိအမှတ်ပြု ပြီး ထိတွေ့ဆက်ဆံမှုပြုရမည် ဖြစ်သည်။ ယခင်ယူဆချက်များကို အခြေခံ၍တည်ဆောက်သော နိုင်ငံရေးအစီအမံများသည် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို ဆောင်ကျဉ်းပေးနိုင်မည် မဟုတ်ပါ။ အချိန်မတန်မီ နိုင်ငံရေးပုံမှန်ပြန်ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်မှုသည် လက်ရှိကွဲပြားနေသော နိုင်ငံရေးအခြေအနေများကို ပို၍ ဆိုးဝါးစေမည် ဖြစ်သည်။” လို့လည်း SCEFက သတိပေးပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံဟာတရားဝင် နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုများ စတင်နိုင်တဲ့ အဆင့်သို့ မရောက်သေးကြောင်း SCEF ကအသိပေးပါတယ်။ လက်ရှိချက်ခြင်းဆောင်ရွက်ရမယ့် လုပ်ငန်းတာဝန်မှာ နိုင်ငံရေးဆိုင်ရာကြိုတင်ပြင်ဆင်မှု ဖြစ်တယ်လို့ အသိပေးပါတယ်။
“မြန်မာနိုင်ငံ၏ နိုင်ငံရေး stakeholders များသည် မြန်မာနိုင်ငံသားများ ပိုင်ဆိုင်သည့် ငြိမ်းချမ်းရေးနှင့် နိုင်ငံရေး အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်၏ရည်ရွယ်ချက်များ၊ အခြေခံမူများ၊ ပါဝင်မှု၊ ဖွဲ့စည်း တည်ဆောက်ပုံ၊ အဆင့်လိုက်စီစဉ်ဆောင်ရွက်မှု၊ အကောင်အထည်ဖော်မှုနှင့် အာမခံချက်များအပေါ် ဘုံနိုင်ငံရေး နားလည်မှုကို ဦးစွာတည်ဆောက်ရပါမည်” SCEFက ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ မြန်မာနိုင်ငံပိုင်ဖြစ်ရမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒေသတွင်းနဲ့ နိုင်ငံတကာ မိတ်ဖက်တွေကနိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုကို အထောက်အကူ ပြုဖို့နဲ့ ငြိမ်းချမ်းရေးကို ကူညီပံ့ပိုးဖို့ အရေးပါပေမဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအသွင်ကူးပြောင်းရေးရဲ့ ဦးတည်ရာ၊ အရှိန်၊ ဖွဲ့စည်းတည်ဆောက်ပုံနဲ့ နိုင်ငံရေး ရလဒ်များကို ဆုံးဖြတ်ပိုင်ခွင့် မရှိဟု SCEFက သတိပေးပါတယ်။
“ထိုဆုံးဖြတ်ချက်များသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးstakeholderများကပိုင်ဆိုင်ပါသည်။ SCEF မှ ထိုင်းနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ASEAN နှင့် အခြားနိုင်ငံတကာမိတ်ဖက်များ၏ ဆက်လက် ထိတွေ့ဆက်ဆံမှုကို ကြိုဆိုပါသည်။ သို့ရာတွင် နိုင်ငံရေးအခြေအနေများ မပြည့်စုံမီ ပြင်ပမှ လုပ်ငန်းစဉ်ကိုအလျင်အမြန် တွန်းအားပေးခြင်း သို့မဟုတ် ရလဒ်များကို ကြိုတင် သတ်မှတ်ခြင်းတို့ မပြုလုပ်သင့်ပါ” လို့ လည်းဖော်ပြထားပါတယ်။
အဲဒီလုပ်ငန်းစဉ်ဟာ မြန်မာနိုင်ငံသားများ ပိုင်ဆိုင်သော၊ မြန်မာနိုင်ငံသားများ ဦးဆောင်သော၊ မြန်မာနိုင်ငံသားများ ကြိုတင်ပြင်ဆင်ထားသော လုပ်ငန်းစဉ် အဖြစ် ပေါ်ထွက်လာရမယ်လို့ဆိုပါတယ်။
SCEFဟာနိုင်ငံရေးအဖြေရှာမှုကိုစေ့စပ်ညှိနှိုင်းမှုနဲ့ ရရှိစေဖို့ ဆက်လက်ကတိကဝတ် ထားရှိတယ်လို့ အသိပေးထားပေမဲ့ ဆွေးနွေးညှိနှိုင်းမှုများဟာ ပန်းတိုင်မဟုတ်၊ SCEF ရဲ့ ရည်မှန်းချက်ဟာ နိုင်ငံရေး ပုံမှန် တည်ဆောက်ရေး မဟုတ်ဟု အသိပေးပါတယ်။
“မိမိတို့၏ ရည်မှန်းချက်မှာ စစ်တပ်အာဏာလွှမ်းမိုးမှုကို အဆုံးသတ်ပြီး၊ ပဋိပက္ခကို ဖြစ်စေသော အရင်းခံအကြောင်းရင်းများကို ဖြေရှင်းကာ တန်းတူညီမျှမှု၊ မျှဝေကျင့်သုံးသောအချုပ်အခြာအာဏာ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဒီမိုကရေစီအရ ပါဝင်မှု၊ တရားဥပဒေစိုးမိုးရေး၊ မတူကွဲပြားမှုကို လေးစားမှုနှင့် အရပ်သားအစိုးရအုပ်ချုပ်မှုတို့အပေါ် အခြေခံသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတစ်ရပ်ကို တည်ဆောက်နိုင်မည့် နိုင်ငံရေး အသွင်ကူးပြောင်းရေး ဖြစ်ပါသည်” လို့ SCEFက ဖော်ပြပါတယ်။
နိုင်ငံရေးအသွင်ကူးပြောင်းရေးအတွက် လိုအပ်သောအခြေအနေများကို ပြင်ဆင် တည်ဆောက်နိုင်ရေးအတွက် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး stakeholder များနဲ့ အတူ နိုင်ငံတကာ မိတ်ဖက်များနဲ့ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမယ်လို့လည်း SCEFက ထုတ်ပြန်ပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)ကိုအမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF)စတဲ့ အဖွဲ့ ၆ဖွဲ့နဲ့ ၂၀၂၆ မတ်လမှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။


















































