ဇူလိုင်-၁၅၊၂၀၂၆။ခိုင်မြတ်/People’s Spring
ရခိုင်ပြည်နယ်မြောက်ပိုင်းမင်းပြားမြို့မှာ လေးမြို့မြစ်ရေမြစ်တက်တာ၊ ရေစီးသန်တာတို့ကြောင့် မြစ်ကမ်းပါး ပြိုကျကာ ကမ်းပါးတလျှောက် ဆိုင်ခန်းနဲ့ လူနေအိမ် နှစ်ဆယ်နီးပါး ရေထဲမျောပါ၊ ပျက်စီးသွားခဲ့ပြီး နေထိုင်၊ စား သောက်ရေးအတွက် အရေးပေါ်အကူအညီလိုအပ်နေပါတယ်။
ဇူလိုင်လဆန်းပိုင်းမှာ ရခိုင်ပြည်နယ်အတွင်း ရေကြီးမှုကြောင့် မင်းပြားအပါအဝင် မြို့နယ်ခုနစ်မြို့နယ်ကပြည်သူတသိန်းကျော် ရေဘေးသင့်ခဲ့ပါတယ်။ လေးမြို့မြစ်ကမ်းဘေး နေထိုင်သူတွေအဖို့ကတော့ ရေကျသွားတဲ့အချိန် နေထိုင်စ ရာအိမ်တွေပါ ပျောက်သွားခဲ့ရတာပါ။
“အိမ် ၁၉ လုံး ပါသွားတယ်။ အခုထိ သူတို့မှာ နေထိုင်စရာ မရသေးဘူး။ အကူအညီတွေလည်း ရပေမယ့် နည်းနည်း လောက်ပဲ ရကြသေးတယ်။သူများတွေမှာ အိမ်ပျက်သွားပေမယ့် အိမ်ပြန်ဆောက်ဖို့ မြေကျန်ခဲ့တယ်။အခုကအိမ်ဆောက်စရာမြေပါပျောက်သွားတယ်” လို့ မင်းပြားမြို့မှ လူမှုကူညီရေးလုပ်နေတဲ့ လူငယ်တဦးက ပြောပါတယ်။

Public Service Announcement
ကမ်းပါးပြိုကျမှုကြောင့်နေအိမ်တွေနဲ့ အိမ်ရာတွေ ပျက်စီးသွားတာဟာမင်းပြားမြို့၊ ရွှေပြည်စိုး၊ ဦးစိုးတင့်နဲ့ လမ်းမတော်တောင်ရပ်ကွက်တို့က ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီနေအိမ်ပျက်စီးသွားခဲ့သူတွေဟာ နီးစပ်ရာ ဆွေမျိုးနေအိမ်တွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ ယာယီခိုလှုံနေ ကြရပြီး လက်ရှိမှာ အဲဒီကမ်းပြို၊ နေအိမ်ပျက်စီးသွားခဲ့တဲ့သူတွေကို ဝေဟင်အောင်ပရဟိတအသင်းနဲ့ တခြားပုဂ္ဂလိကအလှူရှင်တွေကငွေကြေးကူညီနေကြပါတယ်။
လေးမြို့မြစ်ကမ်းဘေးတလျှောက် နောက်ထပ်ကမ်းပြိုနိုင်တဲ့အပိုင်းတွေ ကျန်နေသေးပြီး နေအိမ်တွေ အချိန်မီ အ ကာအကွယ်တွေမလုပ်ရင် နောက်ထပ်အိမ်တွေ ပျက်စီသွားနိုင်တယ်လို့ မင်းပြားမြို့ ဦးစိုးတင့်ရပ်ကွက်မှ ဒေသခံတဦးကပြောပါတယ်။
“ကမ်းပါးပြိုသွားပြီးတော့လှိုက်စားကျန်ခဲ့တာတွေရှိတယ်။အဲဒါတွေလည်းဒီရေနည်းနည်းကြီးရင် ပြိုကျနိုင်တယ်။အိမ်ခြေနောက်ထပ် ငါးဆယ်လောက်ကထပ်ပြိုနိုင်တယ်။ဒီကမ်းပါးကိုကျောက်တွေဖို့ပြီးထိန်းထားရမှာ၊ မဟုတ်ရင် မလွယ်ဘူး”လို့၎င်းကဆိုပါတယ်။
လေးမြို့မြစ်ရေစီးသန်တာကြောင့်မင်းပြားမြို့ပေါ် မြစ်ကမ်းဘေးတလျှောက်နေအိမ်တွေဟာ နှစ်စဉ်နီးပါး ပျက်စီးနေရတာဖြစ်ပြီး ပြီးခဲ့တဲ့အစိုးရတွေအဆက်ဆက် မြစ်ကမ်းထိန်းနံရံစနစ်တကျလုပ်ပေးခဲ့တာမရှိဘူးလို့ မြို့ခံတွေက ပြောကြပါတယ်။
“စနစ်တကျလုပ်ပေးတာမရှိဘူး။လုပ်ပေးရင်လည်း ခိုင်ခိုင်မာမာမဟုတ်တော့ နှစ်တိုင်းခံနေရတာပါ။ဘတ်ဂျက်တွေကတော့ကျတယ်။ ဒါပေမယ့် ကြားကဖြတ်စားတော့ စနစ်တကျမဖြစ်ဘူး”လို့ မင်းပြားမြို့ရွှေပြည်စိုးရပ်ကွက် မှ အမျိုးသားတဦးက ပြောပါတယ်။
အခု အာရက္ခတပ်တော်(AA)ရဲ့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ ဒီမြစ်ကမ်းထိန်းနံရံတွေ စနစ်တကျ လုပ်ပေးစေချင်တယ်လို့၎င်းကတောင်းဆိုပါတယ်။ရခိုင်မှာ မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် လေးမြို့မြစ်၊ ကု လားတန်မြစ်၊ မယူမြစ်တို့နဲ့ အဲဒီမြစ်တွေရဲ့ ချောင်း လက်တက်တွေ ရေလျှံကာ မြို့နယ် ခုနှစ်ခုမှာ ရေကြီးခဲ့ပါတယ်။
အခုအခါမှာတော့ အဲဒီမြို့နယ်တွေအတွင်း ရေပြန်ကျသွားပြီဖြစ်ပေမယ့် အချို့ကျေးရွာတွေမှာ သောက်သုံးရေကန် တွေ ရေပြည့်ပြီး ပျက်စီးသွားတာကြောင့် သောက်သုံးရေအခက်အခဲကြုံရကာ နောက်ဆက်တွဲ သွေးလွန်တုပ်ကွေး နဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားတာတွေလည်း ရှိနေတယ်လို့ ကူညီရေးအဖွဲ့တွေက ပြောကြပါတယ်။
မင်းပြားမြို့နယ် မင်းဖူးချောင်း၊ ဖုံသာချောင်းအတွင်းရှိ ကျေးရွာအချို့မှာ သောက်သုံးရေကန်တွေ ပျက်စီးနေတာ ဖြစ်ပြီးအရေးပေါ်အကူအညီတွေလိုအပ်တယ်လို့ ဖုံသာချောင်းဒေသခံတဦးကပြောပါတယ်။ဒါ့အပြင်ပုဏ္ဏားကျွန်း မြို့နယ် စမ္မတီးချောင်းအတွင်းရှိ ဖောင်ဆိပ်ရွာမှာဆိုရင်လည်း ရေကြီးမှုနောက်ဆက်တွဲ စားနပ်ရိက္ခာအခက်အခဲကြုံနေရပြီး သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားနေသူ လေးဆယ်ဝန်းကျင်ရှိနေတယ်လို့ ဒေသတွင်းကူညီရေးလုပ်နေသူ တွေက ပြောပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရလက်အောက်ခံ ကျန်းမာရေးဌာနကတော့ ရေကြီးမှုနောက်ဆက်တွဲ ကျန်းမာ ရေးပြဿနာတွေဖြစ်လာနိုင်ပြီး ဝမ်းရောဂါ၊ ငှက်ဖျား၊ သွေးလွန်တုပ်ကွေး၊ အသည်းရောင်အသားဝါရောဂါတို့ ဖြစ် ပွားနိုင်ပြီး အဲဒီလိုဖြစ်လာခဲ့ရင် ကျန်းမာရေးဌာနကို သတင်းပို့ကြဖို့ တိုက်တွန်းထားပါတယ်။
လက်ရှိမှာရခိုင်မြောက်ပိုင်းမြို့နယ်တွေအတွင်း ရေကျသွားပြီဖြစ်ပေမယ့် တောင်ပိုင်း ဂွမြို့နယ်မှာ တောင်ကျ ချောင်းရေကြောင့် တမြို့နယ်လုံးနီးပါး ရေကြီးနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။


















































