ဇူလိုင် ၁၇၊၂၀၂၆။ ထားမြတ်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ တပ်ဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) ဖွဲ့စည်းမှု နှစ်ပတ်လည်နေ့ အခမ်းအနားကို KNDO တပ်ဖွဲ့ ဌာနချုပ်မှာ ကျင်းပခဲ့ကြောင်း KNUက မှတ်တမ်းဓာတ်ပုံတွေ ထုတ်ပြန်ပါတယ်။
(၇၉) ကြိမ်မြောက် KNDO နေ့ကို KNU ဗဟို တွဲဖက်အတွင်းရေးမှူး ပဒိုစောလှထွန်း၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးဘောကျော်ဟဲ၊ KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်စောရှီးလေ တို့ အပါအဝင် အုပ်ချုပ်ရေးပိုင်းနဲ့ တပ်ပိုင်းဆိုင်ရာ တာဝန်ရှိသူတွေ တက်ရောက်ခဲ့တာ တွေ့ရပါတယ်။
KNU ကလည်း KNDO နေ့ ဂုဏ်ပြုကြောင်း ထုတ်ပြန်ခဲ့ရာ ကရင်အမျိုးသားတို့ရဲ့ လွတ်လပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တရားမျှတရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် အသက်၊ သွေး၊ ခွန်အားများ ပေးဆပ်စွန့်လွှတ်ခဲ့ကြသော KNDO ရဲဘော်အဆက်ဆက်နဲ့ ကျဆုံး အာဇာနည်သူရဲကောင်းများအား လေးနက်စွာ ဂုဏ်ပြုအောက်မေ့ကြောင်း ဖော်ပြပါတယ်။

Public Service Announcement
ယနေ့အချိန်အထိ ကရင်ပြည်သူလူထု လုံခြုံရေး၊ ဂုဏ်သိက္ခာနဲ့ အခြေခံအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်လျက် အမျိုးသားလွတ်မြောက်ရေး၊ တရားမျှတရေးနဲ့ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအတွက် တာဝန်ထမ်းဆောင်နေကြသော KNDO ရဲဘော်များနဲ့ တော်လှန်ရေးအင်အားစုအားလုံးကိုလည်း လေးစားဂုဏ်ပြုကြောင်း KNUက ထုတ်ပြန်ပါတယ်။
” ပြည်သူနှင့်အတူ ရပ်တည်၍ အမျိုးသားအခွင့်အရေးကို ကာကွယ်စောင့်ရှောက်ကာ တရားမျှတမှုနှင့် ငြိမ်းချမ်းသော ဖက်ဒရယ်အနာဂတ်ကို အတူတကွ တည်ဆောက်ကြပါစို့။”ဟုလည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
KNDO ကို ၁၉၄၇ ဇူလိုင် ၁၆ ရက်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး နှစ်စဉ် KNDO နေ့အဖြစ် အထိမ်းအမှတ် အခမ်းအနားကျင်းပခဲ့ပါတယ်။


















































