ဇူလိုင်-၁၈၊၂၀၂၆။ကိုဒီး/People’s Spring
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ကို စစ်တပ်ကတပ်မ ၂ မသုံးပြီးစစ်ကြောင်းထိုးနေတာကြောင့် နေ့စဉ်တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ကော်ဘရာစစ်ကြောင်းမှူး၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ(၃၂) စစ်ဆင်ရေးမှူး ဗိုလ်မှူးဒါဘောက လူထုနွေဦးကို ပြောပါတယ်။
စစ်တပ်ဟာ မြဝတီမြို့တောင်ဘက်ခြမ်းကို အမှတ်(၁၃)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၃) တပ်မနဲ့ တပ်မ(၂၂) ကို ထုတ်သုံးပြီး စစ်ကြောင်းထိုးနေတာလို့ ဗိုလ်မှူးဒါဘောက ပြောပါတယ်။
“တိုက်ပွဲက နေ့တိုင်းဖြစ်နေတယ်။တပ်မ ၂မနဲ့ တိုက်နေတယ်။ စကခ(၁၃)တပ်မရယ် ၊ တပ်မ (၂၂)ရယ် ။ တပ်မ နှစ်မကို ဗျူဟာ ခြောက်ဗျူဟာနဲ့ ထိုးတယ်ပေါ့။ ပြီးတော့မှ ဗိုလ်ဘိတို့အဖွဲ့ ပူးပေါင်းရယ်ပေါ့။ နောက်ပြီး ဗိုလ်မုတ်သုန်တို့အဖွဲ့။ ဒီအဖွဲ့တွေနဲ့ ထိုးနေတာပေါ့။ စစ်ရေးအခြေအနေကတော့ နေ့တိုင်းပစ်နေတယ် လေယာဉ်တွေနဲ့။ ဗုံးကကြဲနေတယ် နေ့တိုင်း။ ပစ်ခတ်မှုတွေလည်း နေ့တိုင်းရှိနေတယ်”လို့ဗိုလ်မှူးဒါဘောကဆက်ပြောပါတယ်။

Public Service Announcement
စစ်တပ်ဟာ ကရင်နယ်ခြားစောင့်တပ်(BGF)က ဗိုလ်မုတ်သုန်ခွဲထွက်အဖွဲ့နဲ့ ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (DKBA)က ဗိုလ်ဘိခွဲထွက်အဖွဲ့ ကိုလည်း စစ်ကူအဖြစ် ခေါ်တိုက်နေတာလို့ ဗိုလ်မှူးဒါဘောက ပြောပါတယ်။
တပ်မ(၂၂)က ဖလူးနဲ့ မင်းလက်ပံဒေသကို စစ်ကြောင်းထိုးနေပြီး စကခ(၁၃)က ကျွန်းခုနစ်ပင်နဲ့ သဲဖြူချောင်းဘက်ကို ထိုးနေတာလို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၆ရက်နေ့လည်ပိုင်းကလည်း ဗိုလ်မှူးဒါဘောဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ ဆုတ်ခွာပေးလိုက်တဲ့ လေးကေ့ကော်မြို့သစ်အနောက်ဘက်နားကရဲကုန်းနေရာကို စစ်တပ်စစ်ကြောင်းဝင်ရောက်လာချိန်မှာတော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာ အမှတ်(၁၃)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၃)လက်အောက်ခံ စစ်ကြောင်းတစ်ကြောင်းလုံး သေဆုံးခဲ့ပါတယ်။
စကခ (၁၃)လက်အောက်ခံ ခမရ(၅၅၆)တပ်ရင်း ဒုတပ်ရင်းမှူး ဗိုလ်မှူးတင်ကို ဦးစီးတဲ့ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာမှာ ဒုတပ်ရင်းမှူး ဗိုလ်မှူးတင်ကိုအပါအဝင် စစ်ကြောင်းတစ်ခုလုံးနီးပါး သေဆုံးခဲ့ပြီးစစ်သုံ့ပန်း ၄ ဦးကိုလည်းဖမ်းမိကာ လက်နက်ခဲယမ်းတွေလည်းသိမ်းဆည်းရရှိပါတယ်။
စစ်သုံ့ပန်း ၄ ဦးစလုံးဟာ စစ်တပ်ကအဓမ္မစုဆောင်းထားတဲ့စစ်မှုထမ်းသင်တန်းဆင်း ပြည်သူ့စစ်(ပစ)တပ်သားလေးဦးဖြစ်ပါတယ်။
စစ်တပ်ဟာ မြဝတီမြို့တောင်ဘက်ခြမ်းက ဒေသတွေကို စိုးမိုးနိုင်ဖို့အတွက် မင်းလက်ပံ၊ ဖလူးကြီး၊ ဖလူးလေး ကျေးရွာတွေကို ပြန်သိမ်းဖို့ ပြီးခဲ့တဲ့ ၂၀၂၅ အောက်တိုဘာကတည်းက စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်ပေမယ့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ဖြတ်တောက်တိုက်ခိုက်မှုကြောင့် ရှေ့မတိုးနိုင်ပဲဖြစ်နေတာပါ။

















































