ဇူလိုင်-၂၁၊၂၀၂၆။ဇော်ဝင်း/People’s Spring
စစ်ဗျူဟာတွေနဲ့ တပ်ရင်းတွေပြန်လည်စုပေါင်းပြီး စစ်ဒေသတွေအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ ဇူလိုင် ၂၁ရက်မျာ ထုတ်ပြန်ပါတယ်။
အခု ၂၀၂၆နှစ်ဦးပိုင်းက စတင်ပြီး တပ်ဖွဲ့တွေကို စံနှုန်းပြည့် စုဖွဲ့တည်ဆောက်ရေး၊ ကျစ်လစ်ခိုင်မာအားကောင်းရေး၊ စိတ်ဓာတ်ရေးရာ တည်ဆောက်တာ၊ အမိန့်၊ စည်းကမ်း၊ ဥပဒေတွေကို တိကျစွာ လိုက်နာစေရေးနဲ့ ပြည်သူလူထု လိုလားချက်ဖြစ်တဲ့ ကရင်နီပြည် ကာကွယ်ရေးတပ်တစ်ခုတည်း ပေါ်ပေါက်ရေးအတွက် တပ်ဖွဲ့ပြုပြင်ပြောင်းလဲရေး အစီအမံတွေကို ကြိုးပမ်းဆောင်ရွက်ခဲ့တယ်လို့ အသိပေးပါတယ်။
အဲဒီတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေအရ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)တပ်ဖွဲ့ရဲ့ စုဖွဲ့မှု ပိုမိုကျစ်လစ်ခိုင်မာလာစေဖို့နဲ့ စနစ်တကျ တပ်ဖွဲ့တည်ဆောက်နိုင်ရေးအတွက် အရင်ဖွဲ့စည်းထားရှိခဲ့တဲ့ စစ်ဗျူဟာတွေနဲ့ တပ်ရင်းတွေကို ပြန်လည်စုပေါင်းစည်းပြီး စစ်ဒေသတွေ အဖြစ် ပြောင်းလဲဖွဲ့စည်းတဲ့လုပ်ငန်းစဉ်တွေကို တစ်ဆင့်ချင်း အကောင်အထည်ဖော် ဆောင်ရွက်နေတာလို့ ဆိုပါတယ်။

Public Service Announcement
ဒါကြောင့် စစ်ဗျူဟာအမှတ်-၄ ၊ အမှတ်-၅ နဲ့ အမှတ်-၇ လက်အောက်က တပ်ရင်း(၈)ရင်းကို ပြန်လည်ပေါင်းစည်းပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ် စစ်ဒေသအမှတ် -၂ အဖြစ် ပြန်လည် ဖွဲ့စည်းခဲ့ပါတယ်။
စစ်ဒေသအမှတ်-၃ အဖြစ် စစ်ဗျူဟာ အမှတ်-၂ နဲ့ အမှတ်-၇ လက်အောက်က တပ်ရင်း(၇)ရင်းတို့ကို ပြန်လည်စုဖွဲ့ခဲ့သလို စစ်ဗျူဟာ အမှတ်-၄ကိုလည်း တပ်ရင်း သုံးခု နဲ့ ပြင်ဆင်ပေါင်းစည်းလိုက်တယ်လို့ သိရပါတယ်။
ပြုပြင်ပြောင်းလဲရေး အစီအမံတွေကြိ အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ကနဦးအနေနဲ့ စစ်ဒေသအမှတ်(၁) အယ်လ်ဖာအား ဦးစွာဖွဲ့စည်းထားရှိခဲ့ပြီး လက်ရှိမှာ အမှတ်(၂)၊ အမှတ်(၃) နဲ့ အမှတ်(၄) စစ်ဒေသများကိုပါဖွဲ့စည်းခဲ့ပြီဖြစ်ကာ ကျန်ရှိတဲ့စစ်ဒေသတွေကိုလည်း သတ်မှတ်အစီအစဉ်တွေနဲ့ ဆက်လက်ဖွဲ့စည်းလျက်ရှိတယ်လို့ KNDF က အသိပေးပါတယ်။
” နယ်မြေချင်းဆက်စပ်တဲ့ တပ်ရင်းတပ်ဖွဲ့တွေကို ကျစ်ကျစ်လှစ်လှစ် ဖွဲ့စည်းပြီး စစ်ဒေသတွေကို ပြန်လည်သတ်မှတ်တဲ့အနေနဲ့ တပ်ရင်းတွေကို ပေါင်းစည်းဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။တပ်ရင်းတွေ စစ်ဒေသ တွေ ပြန်လည်ပေါင်းစည်းတုန်းဖြစ်တဲ့အတွက်အရေအတွက် ကို ထုတ်ပြန်ပေးပါမယ်။ စစ်ဒေသကတော့ ၅ ခုသတ်မှတ်ထားပါတယ်”လို့ KNDF တာဝန်ရှိသူက စစ်ဒေသဖွဲ့စည်းမယ့် အခြေအနေကို ကနဦးရှင်းပြထားပါတယ်။
ကရင်နီပြည်ရဲ့ နယ်မြေအသီးသီးမှာ အခြေပြုကာ စစ်ရေးတာဝန်တွေကို ဆက်လက်ထမ်းဆောင်သွားမှာဖြစ်ပြီး တော်လှန်ရေး၏ ရည်မှန်းချက်များအပေါ် မပြောင်းလဲတဲ့ ခံယူချက်နဲ့ ဆက်လက်ရပ်တည် တိုက်ပွဲဝင်နေတယ်လို့လည်း ဆိုပါတယ်။
အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေး ရည်မှန်းချက်တွေကို လူထုလိုလားချက်တွေနဲ့ အညီ အောင်မြင်စေဖို့အတွက် တော်လှန်ရေးအင်အားစုအသီးသီးနဲ့ ဟန်ချက်ညီညီ ပူးပေါင်းချိတ်ဆက်ပြီး ဆက်လက်ကြိုးပမ်းမယ်လို့ KNDF က ကတိပြုပါတယ်။
ဒေသတွင်း စစ်ဘက်စစ်တမ်းတွေအရ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ မှာ ဖွဲ့စည်းခဲ့တဲ့ KNDF ဟာ တပ်ရင်း ၃၀ ကျော်ရှိပြီး ကရင်နီပြည်နယ်တွင်း အင်အား အတောင့်တင်းဆုံးဖြစ်ပါတယ်။
ဒါ့အပြင် စစ်အုပ်စုကို ဗျူဟာမြောက်တွန်းလှန်ဖို့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်က တော်လှန်ရေးအဖွဲ့ ၁၉ ခုနဲ့ဖွဲ့စည်းခဲ့တဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (Spring Revolution Aillance -SRA မှာ KNDF က ပါဝင်ထားပါတယ်။
ကရင်နီပြည်နယ် အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တွေဖြစ်တဲ့ KNPP/KA ၊ KNPLF (ကလလတ)၊ KNLP ၊KNPDP နဲ့ KNSOတို့ရဲ့ အင်အားဟာ ၅,၀၀၀ ဝန်းကျင်ရှိနိုင်တယ်လို့ ပြည်တွင်းစစ်ရေးလေ့လာသူတွေက ခန့်မှန်းထားပါတယ်။
၂၀၂၄ အောက်တိုဘာနောက်ဆုံးပတ်က ဖွဲ့စည်းခဲ့တဲ့ ကယန်းအမျိုးသားတပ်မတော် KNAရဲ့ အင်အားကလည်း ၈၀၀ဝန်းကျင်ရှိလာတယ်လို့လည်း သုံးသပ်ပါတယ်။ ကရင်နီဒေသထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ မြို့နယ်အလိုက်တပ်ရင်း ဖွဲ့စည်းထားတာရှိပါတယ်။
ပြီးခဲ့တဲ့နှစ်က စစ်တပ်ရဲ့ တန်ပြန်ထိုးစစ်ဆင်မှုတွေကြောင့် တော်လှန်ရေးအင်အားစုတွေရဲ့ ထိန်းချုပ်နယ်မြေတွေ တဖြည်းဖြည်းဆုံးရှုံးလာပါတယ်။
ရှမ်းတောင် နဲ့ ကရင်နီပြည်နယ်က ဟိုပုံး -ဆီဆိုင် ၊ပင်လောင်း-ဆောင်ပြောင်း-ဖယ်ခုံ -မိုးဗြဲ ၊ လွိုင်ကော်၊ဒီးမော့ဆိုမြို့ နဲ့ ဖားဆောင်းမြို့တွေကိုစ စ်တပ်က ထိန်းချုပ်ခဲ့ပါတယ်။
လက်ရှိ ကရင်နီပြည်နယ်မှာ စစ်တပ်က နန်းမယ်ခုံမြို့ ပြန်ရ ရေးအပါအ၀င် ဒီးမော့ဆိုမြို့အနီး ထိုးစစ်ဆင်နေလို့ တိုက်ပွဲ တွေ ပြင်းထန်နေပါတယ်။
ကရင်နီဒေသမှာ စစ်တပ်ရဲ့ တန်ပြန်ထိုးစစ်တွေအတွက် ဒေသတွင်း တော်လှန်ရေးအင်အားစုတွေ စုပေါင်းဖို့နဲ့ စစ်ရေးအရ အားသာမှုတွေ ပြန်ရဖို့ ကရင်နီပြည်နယ်မှာ တစ်ခုတည်းသောတပ်မတော် (UKSA) ကို ဖွဲ့စည်းဖို့ အရပ်ဖက်နဲ့ လူထုက တိုက်တွန်းမှုတွေရှိပါတယ်။


















































