ဇူလိုင် ၂၁၊ ၂၀၂၆။ မေရီ/People’s Spring
မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ ကြက်တူရွေးကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ လင်မယား ၂ဦး ထိမှန်ပြီး ဇနီးဖြစ်သူ သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ ဇူလိုင် ၂၁ ရက် ညနေပိုင်းက စဥ့်ကူးမြို့နယ်၊ အနောက်တောင်ခြမ်းက ကျွန်းကြီးရွာ ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားတဲ့ စစ်တပ်က ကြက်တူရွေးရွာကို ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း၊ အဲဒီတိုက်ခိုက်မှုကြောင့် အသက် ၅၀အရွယ်ခန့် ဦးမျိုးမင်းဦးနဲ့ ၎င်းရဲ့ အမျိုးသမီး ဒေါ်ဝင်းဌေးတို့ ထိမှန်ခဲ့ရာ ဇနီးဖြစ်သူ ဒေါ်ဝင်းဌေး သေဆုံးခဲ့ကြောင်း Wetlet Informational Network အဖွဲ့က ပြောပါတယ်။
“သူတို့လင်မယားက ရွာထဲ ဘာဝင်ယူတယ်မသိဘူး။ တစ်ရွာလုံးက ရှောင်နေရတာ တစ်လလောက်ရှိပြီ။ သတိူ့ဝင်တဲ့အချိန် ဗုံးချခံရတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
စစ်တပ်ဟာ စဥ့်ကူးမြို့နယ်က ကျွန်းပေါ် ရွာတွေနဲ့ မြစ်ကမ်းဘေးရွာတွေကို လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ ဒရုန်းတွေနဲ့ ဗုံးသီးချတိုက်ခိုက်တာတွေ မကြာခဏ ပြုလုပ်နေပြီး ပြည်သူတွေ သတိထားဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးနေပါတယ်။
ဇူလိုင် ၉ ရက်ကလည်း စဉ့်ကူးမြို့နယ်၊ လက်ပန်လှရွာမြောက်ဘက်ကနေ စစ်တပ်က လက်နက်ကြီးနဲ့ အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်လို့ ဆင်သေရွာ အနောက်ဘက်နဲ့ ရွာတော်ရွာ အရှေ့မြောက်ထဲသို့ ကျရောက် ပေါက်ကွဲခဲ့ရာ သက်ကြီးရွယ်အိုတွေ အပါအဝင် ပြည်သူ ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။


















































