Godzilla vs. Kongနဲ့ Godzilla x Kong: The New Empire ဇာတ်ကားတွေမှာ ကလေးသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့တဲ့ မင်းသမီးလေး ကေလီဟော့တဲလ်ဟာ ယာဉ်မတော်တဆမှု တစ်ခုကြောင့် ရုတ်တရက် ကွယ်လွန်သွားပါတယ်။
အသက် ၁၈ နှစ်အရွယ်သာ ရှိသေးတဲ့ မင်းသမီးလေးရဲ့ ဖခင်က Facebookပေါ်မှာ livestream ထုတ်လွှင့်ပြီး အခုသတင်းဆိုးကို ပရိသတ်တွေဆီ အတည်ပြု အသိပေးခဲ့တာ ဖြစ်ပါတယ်။ ဂျိုရှူဝါ ဟော့တဲလ်က ဆွံ့အနားမကြားသူတွေရဲ့ ဆက်သွယ်မှု နည်းလမ်းဖြစ်တဲ့ လက်ဟန်ခြေဟန် သင်္ကေတကို အသုံးပြုပြီး သူ့သမီးဟာ မေရီလန်းမှာ ယာဉ်မတော်တဆမှု ဖြစ်ပွားလို့ ကွယ်လွန်ခဲ့ကြောင်း၊ အခုတော့ ရုပ်အလောင်းကို သယ်ဆောင်ဖို့ သူဟာ တက္ကဆက်စ်ကနေ လေယာဉ်စီးပြီး ခရီးသွားမှာဖြစ်ကြောင်း ရှင်းပြထားခဲ့ပါတယ်။
ဟော့တဲလ်က စီနီယာတန်းအဖြစ် တက်ရောက် ပညာသင်ယူနေတဲ့ တက္ကဆက်စ် နားမကြားသူများ ကျောင်းကလည်း ဇူလိုင် ၂၁ ရက်နေ့မှာ ဟော့တဲလ် ကွယ်လွန်မှုကို သီးခြား အတည်ပြု ကြေညာခဲ့ပါတယ်။ ဟော့တဲလ်ဟာ အားလုံး အကြားအာရုံ ချို့တဲ့နေကြတဲ့ မိသားစုကနေ မွေးဖွားလာသူ ဖြစ်ပါတယ်။ သူ့ရဲ့ ဖခင်ဖက်က မျိုးဆက်လေးခုထိ နားမကြားခဲ့ကြပါဘူး။ ဟော့တဲလ်ဟာ လက်ဟန်ခြေဟန်နဲ့ ဆက်သွယ်ပြောဆိုတဲ့ သင်္ကေတ ဘာသာစကားကို အထူးကျွမ်းကျင်ပါတယ်။
သူဟာ Godzilla vs. Kong၊ Godzilla x Kong: The New Empire ဇာတ်ကားတွေထဲမှာ ဆွံ့အနားမကြား မိန်းကလေး ဂျီယာအဖြစ် သရုပ်ဆောင်ပြီး ပရိသတ် ချစ်ခင်အားပေးမှုကို ခံယူရရှိခဲ့ပါတယ်။ သူဟာ ၂၀၂၄ ခုနှစ်မှာ ရုံတင်တဲ့ Godzilla x Kong: The New Empire ဇာတ်ကားမှာ သရုပ်ဆောင်ခဲ့တဲ့နောက် Saturn Award ဆုပေးပွဲရဲ့ တက်သစ်စ အနုပညာရှင်ဆု ဆန်ခါတင် အဆင့်မှာ ပါဝင်ခဲ့ပါတယ်။

Public Service Announcement
သူဟာ အနုပညာဖက်မှာ ပါရမီပြည့်ဝသလို အားကစားဖက်မှာလည်း ထူးချွန်ပါတယ်။ ဟော့တဲလ်ဟာ တက္ကဆက်စ် နားမကြားကျောင်းရဲ့ ပြေးခုန်ပစ် အသင်းမှာ အဖွဲ့ဝင်တစ်ဦး ဖြစ်ပါတယ်။
ကိုးကား: Guardian


















































