လူထုရဲ့ ဝေဖန် ဆန္ဒပြမှုတွေ အရှိန်အဟုန် မြင့်တက်လာတဲ့နောက် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးဟာ စစ်ဦးစီးချုပ်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။
ယူကရိန်း စစ်တပ် အကြီးအကဲဖြစ်သူ အိုလက်ဇန္ဒာ ဆာစကီဟာ ပြည်တွင်းမှာ လူကြိုက်များခဲ့သူ ကာကွယ်ရေး ဝန်ကြီးဟောင်း မစ်ခေးလို ဖီဒိုရော့ဗ်နဲ့ လူသိရှင်ကြား ပြဿနာ တက်ခဲ့သူ ဖြစ်ပါတယ်။ သူတို့နှစ်ဦးကြားမှာ ဝင်ရောက် စေ့စပ်ပေးဖို့ ကြိုးစားမှု မအောင်မြင်တော့တဲ့နောက် ဇီလန်စကီးဟာ ဖီဒိုရော့ဗ်ကို ရာထူးသက်တမ်း ၆ လအကြာမှာပဲ ထုတ်ပယ်ခဲ့ပါတယ်။
သူ့လက်ထက်မှာ ယူကရိန်းဟာ စစ်မြေပြင် ဒရုန်းနည်းပညာတွေကို အရှိန်မြှင့် အသုံးပြုတာ အပါအဝင် ရုရှားအပေါ် စစ်ရေးအရ အသာစီး ယူနိုင်တဲ့ အခြေအနေတွေ ဖော်ဆောင်လာနိုင်တာကြောင့် အသက် ၃၅ နှစ်သာ ရှိသေးတဲ့ ဖီဒိုရော့ဗ်အပေါ် ပြည်သူအများအပြားက သဘောကျခဲ့ကြပါတယ်။
သူ့ကို ရာထူးကနေ ထုတ်ပယ်ခဲ့တဲ့ ဆုံးဖြတ်ချက်အတွက် ဇီလန်စကီးဟာ အတော်လေး ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်တာ ခံခဲ့ရသလို ဆာစကီ အပေါ်မှာလည်း လူထုရဲ့ ဒေါသက မြင့်တက်လာခဲ့ပါတယ်။ အကျိုးဆက်အဖြစ် နိုင်ငံအနှံ့မှာ ဆန္ဒပြပွဲတွေပါ ဖြစ်ပေါ်လာခဲ့ပါတယ်။

Public Service Announcement
ဖီဒိုရော့ဗ်ဟာ စစ်မြေပြင်က စစ်ဆင်ရေး နည်းလမ်းတွေကို ဆန်းသစ်စေခဲ့ရုံသာ မကဘဲ ကာကွယ်ရေး ဝန်ကြီးဌာနထဲမှာ အဂတိနဲ့ အကျင့်ပျက်မှု တိုက်ဖျက်ရေး အစီအမံ တစ်ခုကို ထိထိရောက်ရောက် အကောင်အထည် ဖော်နိုင်ခဲ့တာကြောင့် ချီးကျူး ခံခဲ့ရပါတယ်။
အသက် ၆၀ အရွယ် ဆာစကီကတော့ ဆိုဗီယက် လေ့ကျင့်ပေးထားတဲ့ စစ်သားဟောင်းကြီးဖြစ်ပြီး တပ်ထဲမှာ အကြီးစား ပြောင်းလဲမှုတွေကို လက်မခံချင်တဲ့ ရှေးရိုးစွဲ တစ်ဦးအဖြစ် ရှုမြင် ခံထားရပါတယ်။ ဖီဒိုရော့ဗ်နဲ့ ပြဿနာမှာတော့ လူထုက ဖီဒိုရော့ဗ်ဖက်က ခိုင်ခိုင်မာမာ ရပ်တည်နေတဲ့နောက် ဆာစကီဟာ စစ်ဦးစီးချုပ် နေရာကနေ ဖယ်ရှားခံခဲ့ရတာ ဖြစ်ပါတယ်။
သူ့ရဲ့ နေရာကိုတော့ အသက် ၄၃ နှစ် ရှိပြီဖြစ်ပြီး တပ်ထဲမှာ လူကြိုက်လည်းများ၊ တိုက်ပွဲအတွေ့အကြုံလည်း ပြည့်ဝတဲ့ ဗိုလ်ချုပ်တစ်ဦးဖြစ်သူ မစ်ခေးလို ဒရာပတ်ယီနဲ့ အစားထိုးလိုက်ပါတယ်။ သူဟာ ယူကရိန်း စစ်တပ်ကို ဦးဆောင်ဖို့ ယုံကြည် အပ်နှင်းခံရမှုကို အထူးတလည် အာရုံစိုက်ပြီး နိုင်ငံအတွက် အစွမ်းကုန် ကာကွယ်နေသူတွေအပေါ် လေးစားမှုအပြည့်နဲ့ တာဝန်ကျေကျေ အမှုထမ်းသွားမှာ ဖြစ်ကြောင်း လူမှုကွန်ရက်ပေါ်မှာ ဇူလိုင် ၂၁ ရက်နေ့က ရေးသားထားခဲ့ပါတယ်။
သူက ထုတ်ပယ်ခံခဲ့ရတဲ့ ဆာစကီကိုလည်း ယူကရိန်းစစ်တပ် ဖွံ့ဖြိုး အားကောင်းလာအောင် အစဉ်တစိုက် အားထုတ် ကြိုးစားပေးခဲ့တာတွေအတွက် ကျေးဇူးတင်ကြောင်း ဆိုပါတယ်။ သူဟာ ဆာစကီရဲ့ ဦးဆောင်မှုအောက်မှာ ပိုမို ရင့်ကျက်လာခဲ့တယ်လို့ ဒရာပတ်ယီက ပြောပါတယ်။
ဇီလန်စကီးကလည်း ကျူးကျော်သူ ရုရှားတပ်တွေကို ခုခံစစ် ဆင်နွှဲရာမှာ စစ်တပ်ကို ဦးဆောင်မှု ပေးခဲ့တဲ့ ဆာစကီရဲ့ အမှုထမ်းခဲ့မှုတွေအတွက် ကျေးဇူးတင်နေမယ်လို့ ပြောဆိုသွားပါတယ်။ ဇူလိုင် ၂၁ ရက်နေ့ အစောပိုင်းမှာ ဇီလန်စကီးက သူဟာ ကာကွယ်ရေး ဝန်ကြီးဟောင်း ဖီဒိုရော့ဗ်ကို အရေးပါတဲ့ ရာထူးနေရာတစ်ခု ကမ်းလှမ်းထားတယ်လို့လည်း အတည်ပြုခဲ့ပေမယ့် ဖီဒိုရော့ဗ်က လက်ခံမလား ဆိုတာကိုတော့ ထည့်ပြောမသွားခဲ့ပါဘူး။ ဆုံးဖြတ်ချက် အားလုံးဟာ ဇူလိုင် ၂၂ ရက်နေ့မှာ တရားဝင် ဖြစ်မြောက်လာမယ်လို့ ဇီလန်စကီးက ဆိုပါတယ်။
ဖီဒိုရော့ဗ်ကတော့ စစ်ဦးစီးချုပ်သစ် ဖြစ်လာတဲ့ ဒရာပတ်ယီအတွက် ဂုဏ်ပြုကြောင်း ပြောကြားခဲ့ပြီး လွတ်လပ်တဲ့ ယူကရိန်း ပြည်သူတွေရဲ့ လွတ်လပ်မှုနဲ့ တရားမျှတမှုကို ကာကွယ်နေတဲ့ စစ်ပွဲအတွက် မျှော်လင့်ချက် အသစ်တစ်ခု ဖြစ်လာပြီလို့ မှတ်ချက်ပေးခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲမှုကို တောင်းဆိုတဲ့ အသံတွေဟာ ဘယ်တော့မှ မျက်ကွယ်ပြုထားလို့ မရဘူးလို့လည်း သူက ဆိုပါတယ်။
ဖီဒိုရော့ဗ်က သူဟာ ဆာစကီဆီ ဖုန်းဆက်ပြီး သူ့ရဲ့ စစ်ဦးစီးချုပ် သက်တမ်းအတွင်း မြို့တော် ကိယက်ဗ် တဝိုက်ကို ကာကွယ်ခဲ့သလို တခြား သမိုင်းဝင် စစ်ပွဲတွေမှာ ဦးဆောင်မှု ပေးခဲ့တဲ့အတွက် ကျေးဇူးတင်စကား ပြောခဲ့တယ်လို့လည်း ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ ယူကရိန်းဟာ ဒီထက်ပိုပြီး ခပ်မြန်မြန် ရွေ့လျားဖို့ လိုနေကြောင်း၊ အတိတ်တုန်းက မှားခဲ့သမျှ အားလုံးကို ပြင်ဆင်မယ့် မျက်နှာစာသစ်တွေ ဖွင့်လှစ်နိုင်ဖို့လိုကြောင်း ဖီဒိုရော့ဗ်က မှတ်ချက်ပေးခဲ့ပါတယ်။
သူဟာ ဇန်နဝါရီလကမှ ကာကွယ်ရေးဝန်ကြီး ဖြစ်လာခဲ့ပြီး ဇူလိုင် ၁၅ ရက်နေ့တုန်းက ထုတ်ပယ်ခံခဲ့ရတာပါ။ နောက်ပိုင်းမှာတော့ သူ့ရဲ့ ထုတ်ပယ်ခံရမှုဟာ ဆာစကီနဲ့ ဖြစ်ခဲ့တဲ့ ပြဿနာတွေနဲ့ ဆက်နွှယ်ကြောင်း ဖီဒိုရော့ဗ်က အတည်ပြုခဲ့ပါတယ်။ သူ့ရဲ့ ကာကွယ်ရေး ဝန်ကြီးသက်တမ်းက တိုတောင်းခဲ့ပေမယ့် ဆန်းသစ်ပြီး ထိရောက်တဲ့ နည်းစနစ်တွေကို အသုံးချခဲ့ပြီး စစ်ဆင်ရေး စွမ်းရည်တွေကို မြှင့်တင်ဖို့ ကြိုးစားခဲ့တာကြောင့်လည်း သူ့ကို လူကြိုက်များခဲ့တာပါ။
ဖီဒိုရော့ဗ်ကို ထုတ်ပယ်ခဲ့တဲ့ နေ့ကစလို့ ဇီလန်စကီးနဲ့ ဆာစကီကို ရည်ရွယ်တဲ့ လူထုဆန္ဒပြပွဲတွေဟာ နိုင်ငံအနှံ့မှာ ဖြစ်ပေါ်လာပြီး တစ်ပတ်လောက် အကြာမှာတော့ သမ္မတက ဆာစကီကိုပါ ထုတ်ပယ်ခဲ့ရတာ ဖြစ်ပါတယ်။ ဇီလန်စကီးဟာ လူထုရဲ့ ဖိအားကို မလွန်ဆန်နိုင်ခဲ့တဲ့ သဘောမျိုးရှိပြီး အသက်ပိုငယ်တဲ့၊ ပြုပြင်ပြောင်းလဲမှုတွေကို ပိုအားသန်တဲ့ ဒရာပတ်ယီကို စစ်ဦးစီးချုပ်သစ်အဖြစ် ခန့်အပ်ခဲ့တာပါ။ ပြီးတော့ ဒရာပတ်ယီဟာ ဖီဒိုရော့ဗ်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိသူအဖြစ်လည်း လူသိများပါတယ်။
စစ်ဦးစီးချုပ် ရာထူးကနေ ဖယ်ရှားခံခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဆာစကီဆီကတော့ တရားဝင် သဘောထား တုံ့ပြန်ချက် တစ်ခုခု ထွက်ပေါ်မလာသေးပါဘူး။
ကိုးကား: BBC


















































