ဇူလိုင်-၂၆၊၂၀၂၆။ခိုင်မြတ်/People’s Spring
အာရက္ခတပ်တော်(AA)ကရောင်းချနေတဲ့ ထီလက်မှတ်တွေဟာဝယ်သူများပြားတဲ့အတွက်မြို့နယ်အချို့မှာ လမကုန်ခင်တပတ်လောက်အလိုကတည်းက ထီလက်မှတ်ဝယ်တွေကုန်သွားပြီး ဝယ်မရတော့ဘူးလို့ ဒေသခံ တွေက ပြောပါတယ်။
AA ဟာ အာရက္ခလောင်ဘော်(ထီ)လို့ နာမည်ပေးထားတဲ့ ထီလက်မှတ်တွေကို ပြီးခဲ့တဲ့ ဇွန်လမှာ စတင်ရောင်းချခဲ့ တာဖြစ်ပြီး အခုအခါ ဒုတိယမြောက်လဖြစ်ပါတယ်။
“ဒီဘက်က မြို့တိုင်းလိုလိုမှာ လက်မှတ်တွေ ဝယ်မရတော့ဘူး။ ရုံးကို သွားမေးတော့လည်း ကုန်သွားပြီပြောတယ်။ လက်မှတ်ကုန်လို့ ရုံးချုပ်ကမှာပြီး ရောင်းသာ သုံးသုတ်ရှိပြီတဲ့၊ ဒီလအတွက် လက်မှတ်ကုန်ပြီပြောတယ်” လို့ မြေပုံမြို့ နယ်မှဒေသခံတဦးကပြောပါတယ်။

Public Service Announcement
လက်ရှိမှာမြေပုံ၊ ပေါက်တော၊ မင်းပြားစတဲ့မြို့နယ်တွေမှာ ထီလက်မှတ်တွေ မရှိတော့ဘူးလို့ သိရပါတယ်။ “ငါးရက် အတွင်း လက်မှတ်တွေအကုန် ကုန်သွားတယ်။ လက်မှတ်ဝယ်ချင်တဲ့သူတွေ အများကြီးကျန်နေသေးတယ်” လို့ ပေါက်တောမြို့နယ်မှ လူငယ်တဦးက ပြောပါတယ်။
ပထမဆုံးထီစရောင်းတဲ့လမှာလည်း စိတ်ဝင်
စားဝယ်ယူသူတွေ များခဲ့ပေမယ့် အခုလလောက် ထီလက်မှတ်ပြတ်တဲ့ထိ မရောင်းခဲ့ရဘူးလို့ အခွန်ဌာနတာဝန်ရှိသူတွေက ပြောပါတယ်။
“လက်မှတ်တွေကုန်ပြီ။ ရောင်းမစွံသေးတဲ့ တချို့မြို့နယ်တွေရှိတော့အဲဒီကလက်မှတ်တွေကိုယူရောင်းနေခဲ့တာအခုဆိုရင်ယူရောင်းစရာလည်းမကျန် တော့ဘူး။ ရုံးချုပ်ကလည်း ရှေ့လအတွက်မှပဲ ထုတ်ပေးတော့မယ် ပြော တယ်” လို့ အခွန်ဌာနတာဝန်ရှိသူတဦးက ပြောပါတယ်။
ရခိုင်ပြည်နယ် မြို့နယ် ၁၄ ခု၊ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့ကို ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေး၊ ဥပဒေစိုးမိုးရေး ၊ တရားစီရင်ရေးနဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ လုပ်နေတဲ့ AA ဟာ တစ်လမှာတကြိမ်ဖွင့်လှစ်မယ့် အာရက္ခ လောင်ဘော်(အာရက္ခထီ)ကို ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့ကနေ စတင်ရောင်းချနေခဲ့တာပါ။
အဲဒီဇွန်လအတွက်ပထမဆုကျပ်သိန်း ၅၀၀ ကို ကျောက်တော်မြို့မှ ဒေါ်မသန်းရီက ဆွတ်ခူးရရှိခဲ့ပြီး ဒုတိယဆု ကျပ်သိန်း ၃၀၀ ကိုတော့ မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့မှ ရရှိခဲ့ပါတယ်။
ပထမဆုံးလမှာ အမြင့်ဆုံးဆု ကျပ်သိန်း ၅၀၀ နဲ့ စတင်ခဲ့ပေမယ့်ဒုတိယလမှာတော့ ပထမဆုကို ကျပ်သိန်း ၇၅၀ အထိ တိုးမြင့်ထားပြီး စုစုပေါင်းဆုကြေးပမာဏဟာလည်း ကျပ်သိန်း ၃၀၀၀ ထိဖြစ်သွားခဲ့ပါတယ်။
AA အနေနဲ့ ထီလက်မှတ်တွေ ရောင်းချရတာဟာ ထီရောင်းရာကနေ ရတဲ့အခွန်ငွေတွေကို ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေဖြစ်တဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုဖွံ့ဖြိုးရေးအတွက် အသုံးပြုနိုင်ဖို့ ရည်ရွယ်ရောင်းချတာလို့ ဗဟိုအကောက်ခွန်နဲ့ အခွန်ဌာန၊ ထီဌာနခွဲက အသိပေးထားပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းနဲ့ တိုက်ပွဲတွေဖြစ်လာပြီးနောက်ပိုင်း ဒေသခံတွေဟာ စစ်ကော်မရှင်က ရောင်းချတဲ့ထီတွေ မထိုးကြတော့ဘဲ နှစ်လုံး၊ သုံးလုံး ချဲထီတွေ ထိုးလာကြတယ်လို့ ဒေသခံတွေ ကေ ပြောပါတယ်။အခုထီလက်မှတ်တွေရောင်းချတဲ့အခါမှာတော့ ချဲထီတွေလည်း အတိုင်းအတာတခုထိ လျော့နည်းသွားနိုင်တယ်လို့သုံးသပ်ကြပါတယ်။
အာရက္ခတပ်တော်(AA)ဟာ ပြီးခဲ့တဲ့ ၂၀၂၄ နှစ်လယ်ပိုင်းမြို့တွေသိမ်းပိုက်ထိန်းချုပ်ပြီးနောက်ပိုင်းဒေသတွင်း အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေ၊ တရားစီရင်ရေးတို့အပြင် ပညာရေး၊ ကျန်းမာရေး၊ စည်ပင်သာယာရေးစတဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ တစတစတိုးချဲ့ ဆောင်ရွက်လာခဲ့တာဖြစ်ပါတယ်။


















































