Connect with us

Hi, what are you looking for?

ဆောင်းပါး

မီးလောင်ပြင်က ပန်းပွင့်များ

ဇူလိုင်လ ၂၃ ရက်နေ့က ထားဝယ်မြို့မှာ မိုးဟာ မိုးရာသီပီသစွာ သည်းသည်းမည်းမည်းကြီးကို ရွာနေခဲ့တယ်။ ထား​ဝယ်ပညာ​ရေးကောလိပ်ထဲမှာလည်း မိုးစက်တွေဟာ သွန်ချသလို တဝေါဝေါရွာပြီး ကျောင်းဝင်းအနှံ့ မိုးစက်တွေ ခိုဆင်းနေခဲ့တယ်။

ထွန်းညိုဦး/People’s Spring

ဇူလိုင်လ ၂၃ ရက်နေ့က ထားဝယ်မြို့မှာ မိုးဟာ မိုးရာသီပီသစွာ သည်းသည်းမည်းမည်းကြီးကို ရွာနေခဲ့တယ်။ ထား​ဝယ်ပညာ​ရေးကောလိပ်ထဲမှာလည်း မိုးစက်တွေဟာ သွန်ချသလို တဝေါဝေါရွာပြီး ကျောင်းဝင်းအနှံ့ မိုးစက်တွေ ခိုဆင်းနေခဲ့တယ်။

အာဏာမသိမ်းမီ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်ကာလတွေက ထားဝယ်ပညာရေးကောလိပ်ရဲ့ ပုလဲဆောင်မှာ ခုလိုမိုးညတွေအပါအဝင် ညပိုင်းတွေမှာ Miss ရှိုးပွဲတစ်ခု ရှိခဲ့ဖူးပါတယ်။ Miss ရှိုးပွဲဆိုလို့ ကောင်မလေးတွေမထင်ပါနဲ့။ ပညာရေးကောလိပ် ကျောင်းသားလေးတွေက သူတို့ခြုံတဲ့စောင်တွေကို ခါးမှာပတ်ပြီး Miss ပြိုင်သလို မော်ဒယ်ရှိုးလျှောက်ပြကြတာပါ။ သူတို့အဖွဲ့ကို ဦးဆောင်တာက အသက် ၁၈ နှစ်ပဲ ရှိသေးတဲ့ကောင်လေး

..အသာတဲ့။

Public Service Announcement

Public Service Announcement

အသာက ဆံပင်ကို တိုတိုနဲ့ သေသေသပ်သပ်ညှပ်ထားတတ်တယ်။ မေးရိုးက သွယ်လျပြီး မျက်နှာအပေါ်ပိုင်း နဖူးဟာ ကျယ်ပြန့်တယ်။ မျက်ခုံးတွေက ထူထဲပြီး ဖြောင့်စင်းနေတယ်။ ချွန်နေတဲ့နှာတံက အသာကို ပိုကြည့်ကောင်းစေခဲ့တယ်။

အသာဟာ ၆ တန်း ၇ တန်းလောက်ကတည်းက သူ့ကိုယ်သူ မိန်းမလျာတစ်ယောက်အဖြစ် သိမြင်လက်ခံခဲ့သူပါ။အသာ ဘဝတလျှောက် မိန်းမလျာတစ်ယောက်ဖြစ်တာမို့ တခြားမိန်းမလျာတွေလိုပဲ ခွဲခြားဆက်ဆံခံရတာတွေ ကြုံခဲ့ရပါတယ်။ ဒါပေမဲ့ အသာ ရလာတဲ့ ဘဝကို အလွယ်တကူတော့ အရှုံးမပေးခဲ့ပါဘူး။ အသာ စာတွေဖတ်တယ်။ ကံကောင်းတာက အသာ့အမက အသာ့ကို အများကြီးနားလည်မှုပေးပြီး အထောက်အကူတွေပေးခဲ့တယ်။

ထားဝယ်ပညာ​​ရေးကောလိပ်မှာ ပျော်ပျော်ကြီးကျောင်းတက်ခဲ့ပြီး အနာဂတ်အိပ်မက်တွေ တပုံတပင်ရှိခဲ့တဲ့ အသာဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာတော့ မြန်မာပြည်က သူ့လိုကျောင်းသားလူငယ်တွေလိုပဲ အနာဂတ်ဖျက်ဆီးခံလိုက်ရတယ်။ အသာတို့ CDM ကျောင်းသားဖြစ်ခဲ့တယ်။

အသာဟာ တော်လှန်ရေးကာလထဲမှာ လက်နက်မကိုင်ခဲ့ဘဲ တခြားလူသားစာနာတာဝန်​တွေ၊ ပညာရေးကိစ္စတွေမှာ ပါဝင်ဆောင်ရွက်ခဲ့တယ်။တချို့ကတော့ အသာကို စကြတယ်။ လက်နက်မကိုင်ဘူးလားပေါ့။ အသာရယ်မောရင်း “ဟဲ့ ငါ့ဗလကြီးနဲ့ ဘယ်လိုလုပ်ကိုင်နိုင်မှာတုန်း”လို့ ပြန်စတယ်။ ဟုတ်တယ်။ အသာက ခန္ဓာကိုယ် သေးသေးသွယ်သွယ်လေးပါ။

အသာ နွေဦးတော်လှန်ရေးမှာ နိုင်တဲ့နေရာက ပါဝင်ခဲ့တယ်။ အသာ့ကို လုပ်နိုင်ပါ့မလားလို့ ထင်မြင်ယူဆသူတချို့လည်း ရှိခဲ့ဖူးပါတယ်။ အသာတို့ အလုပ်နဲ့ သက်သေပြခဲ့တယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှာ အသာတို့ စိတ်တူကိုယ်တူတွေစုစည်းပြီး The Ants Humanitarian Aid Team (Tanintharyi)ကို စတင်တည်ထောင်ခဲ့တယ်။ ထားဝယ်ခရိုင်အတွင်း စစ်တပ်ရဲ့ အကြမ်းဖက် ဖိနှိပ်ခံရတဲ့ စစ်ဘေးသင့်ဒေသက ပြည်သူတွေရဲ့ ဒုက္ခကို တက်နိုင်သလောက် ဖြေရှင်းပေးကြဖို့ ရည်ရွယ်ဖွဲ့စည်းခဲ့တာပါ။

ပထမတစ်နှစ်မှာ စစ်ဘေးသင့်ဒေသက ပြည်သူတွေရဲ့ ကျန်းမာရေးနဲ့ လုံခြုံရေးအတွက် အသိပညာတွေ ပေးနိုင်ခဲ့တယ်။ ထားဝယ်နဲ့ ရေဖြူမြို့နယ်အတွင်းက ရွာပေါင်း ၁၉ ရွာမှာ ဟောပြောပွဲပေါင်း ၂၀ ပြုလုပ်နိုင်ခဲ့ပြီး ပြည်သူပေါင်း နှစ်ထောင်ကျော်ကို အသိပညာပေးခဲ့တာပါ။ ဒါ့အပြင် ကာလတိုသင်တန်းတွေပေးတယ်။ ငှက်ဖျားနဲ့ သွေးလွန်တုပ်ကွေး ဖြစ်တဲ့ဒေသတွေမှာ လက်ကမ်းစာစောင်တွေ ဖြန့်ဝေတယ်။ စစ်ဘေးသင့် ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေပေးတယ်။ ကျောင်းနေကလေးတွေအတွက် စာဖတ်ဝိုင်းတွေလုပ်ပေးတယ်။ နေအိမ်မီးရှို့ခံရသူတွေ ငွေကြေးထောက်ပံ့တာ၊ကျောင်းသားလေးတွေကို ပညာသင်စရိတ်ထောက်ပံ့တာတွေလုပ်ခဲ့တယ်။

အသာတို့ ပုရွက်ဆိတ်ကလေးများအဖွဲ့သားတွေကြိုးစားနေတာကိုမြင်ရလို့ သူတို့မိတ်ဆွေတွေ၊ အလှူရှင်တွေကလည်း သူတို့အဖွဲ့ဆီကနေတဆင့် စစ်ဘေးရှောင်တွေအတွက် လှူကြ ကူကြတယ်။

နှစ်နှစ်ပြည့်ချိန်မှာတော့ သူတို့တွေ အားရကျေနပ်ခဲ့တယ်။စစ်ဘေးရှောင်ပြည်သူတွေ ​အသက်ဘဝလုံခြုံရေးအသိပညာပေးလုပ်ငန်းတွေကို ထားဝယ်ခရိုင်အနှံ့ဆောင်ရွက်နိုင်ခဲ့လို့ပါတဲ့။

“နွေးထွေးဖေးကူ ပညာအလှူ”နာမည်ပေးထားတဲ့ ပညာရေးအထောက်အကူပြုအစီအစဉ်ကိုလည်း ကျောင်းသားဦးရေ တိုးမြင့်ပေးနိုင်ခဲ့တယ်။ ဒေသတွင်း စိန်ခေါ်မှုဖြစ်ခဲ့တဲ့ အခြေခံကျန်းမာရေးပြုစုစောင့်ရှောက်မှုကို လက်လှမ်းမီသမျှ အဆင်ပြေအောင် ဆောင်ရွက်နိုင်ခဲ့တယ်။ အသာတို့ အားအရဆုံးကတော့ အဖွဲ့တည်ထောင်ခြင်း(၁) နှစ်ပြည့်စဉ်က ဆန္ဒရှိခဲ့တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးကိစ္စရပ်တွေကို အရှိန်အဟုန်မြှင့်လာနိုင်တာပါ။ ဒါတင်မကသေးပါဘူး။ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးဂရုစိုက်မှု(Mental Health Care) တွေကိုလည်းလုပ်ပေးခဲ့ပြီးအမှန်တကယ်လိုအပ်နေသူတွေကို အကျိုးပြုနိုင်ခဲ့ပါတယ်။

နောင်လာမယ့်နှစ်တွေမှာ ပိုမိုစနစ်ကျတဲ့၊ စစ်ဘေးသင့်ပြည်သူတွေအတွက် အရည်အသွေးပြည့်ဝပြီးထိရောက်တဲ့လုပ်ငန်းတွေအကောင်ထည်ဖော်ဆောင်ရွက်နိုင်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်လာစေဖို့ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ အသာတို့ ရည်မှန်းထားခဲ့ကြတယ်။ အသာတို့အဖွဲ့သားတွေ စစ်ရှောင်တွေအတွက် ကြိုးစားကြမယ်ဆိုပြီး အားတွေတင်းလို့ပေါ့။

အဲဒီနေ့ကထားဝယ်ကစစ်ဘေးသင့်ပြည်သူတွေအတွက်ကံဆိုးမှုတစခုအစပြိုးခဲ့ပါတယ်။ ဇူလိုင်လဆန်းတုန်းက ရေဖြူမြို့နယ်က ထားဝယ်အထူးစီးပွားရေးဇုန်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဒေသခံ သုံးဆယ်လောက်ကို ဖမ်းဆီးသွားခဲ့တယ်။

အဲဒီထဲမှာ ပုရွက်ဆိတ်လေးများအဖွဲ့ကအဖွဲ့တာဝန်ခံ အသာအပါအဝင်ဘဏ္ဍာရေးမှူးကိုလီယွန်၊ စီမံကိန်း ညှိနှိုင်းရေးမှူး ကိုသားငယ်တို့လည်း အဖမ်းခံလိုက်ရတယ်။ ဖမ်းဆီးသွားပြီး ၁၁ရက်အကြာ ဇူလိုင်လ ၂၀ ရက် ညနေမှာတော့ ရေဖြူမြို့၊ ခမောင်းချောင်းရွာမြောက်ဘက် တစ်မိုင်အကွာ ဧကနိရွာအနီးမှာ ရုပ်အလောင်းတွေ ကို စစ်တပ်က လာ​ရောက်စွန့်ပစ်သွားခဲ့တယ်။

ရုပ်အလောင်းတွေကိုသွားကြည့်ကြချိန် ဒေသခံတွေအသည်းကွဲရပါတော့တယ်။အသာအပါအဝင် ပုရွတ်ဆိတ်လေးများအဖွဲ့က အဖမ်းခံလိုက်ရတဲ့ ၃ ဦးလုံးနဲ့ တခြားအမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းတွေ ဖြစ်နေခဲ့တာပါ။

နွေဦးတော်လှန်ရေးထဲက လူငယ်တွေ၊ အသာတို့ကို ချစ်ခင်ခဲ့ကြသူတွေ နှမျောတသ ဖြစ်ခဲ့ရတယ်။ဝမ်းနည်းရတယ်။နားကြည်းခဲ့ကြတယ်။

အသာကဒီကာလထဲ သူပြောနေကျစကားက ဂရုစိုက်နော်ဆိုတဲ့စကားပါ။ ပြီးတော့ အသာက သူများတွေကိုလည်း သိပ်ခွန်အားပေးတတ်သူပါ။ စိတ်ထားနူးညံ့တယ်။ စကားပြောချိုသာတယ်။ ပျော်ပျော်လည်း နေတတ်တယ်တဲ့။ဒီလိုကောင်လေးမျိုးဟာရက်ရက်စက်စက် သတ်ဖြတ်ခံလိုက်ရတယ်။ အသာနဲ့အတူ အသတ်ခံလိုက်ရတဲ့ ကောင်လေးဆို အသာလိုပဲ LGBT ဖြစ်ပြီး BTS ဖန်လေးပါ။

အသာဘယ်လောက်များ ကြောက်နေမလဲလို့ တွေးသူတွေကတွေးကြတယ်။သို့ပေမဲ့ အသာကတော့ အဲလိုဖြတ်သန်းခဲ့မယ်မထင်ဘူး။ အသာအရင်က အစည်းအဝေးတစ်ခုမှာ ပြောခဲ့ဖူးတယ်။သူဟာကိုယ့်ကိုယ်ကိုသတ္တိရှိတယ်လို့ထင်တယ်တဲ့။

အသာဟာ သူ့ကိုယ်သူ စကြာဝဠာအဖြစ် ခံယူထားတယ်။ သူ့မှာ ရှာဖွေစရာတွေ၊ တွေ့ရှိစရာတွေ၊ ပြောင်းလဲမှာတွေ၊ ဖြစ်လာမှာတွေ၊ မဖြစ်သေးတာတွေ၊ဝေးကွာတာတွေ၊နီးတာတွေ သူ့မှာအများကြီးရှိတယ်။ ပြီးတော့သူဟာ သတ္တိရှိတယ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်ခဲ့တယ်။

ပြီးတော့နွေဦးတော်လှန်ရေးထဲက LGBT တွေကို သူက မီးလောင်ပြင်ထဲက ပန်းလေးတွေနဲ့တင်စားတယ်။ “ကျွန်တော်တို့အားလုံးက မီးလောင်ပြင်မှာ ပွင့်တဲ့ပန်းတွေလိုပဲပေါ့။ တကယ့်ကို ခဲရာခဲဆစ်နဲ့ သတ္တိရှိရှိ ပွင့်လန်းနေကြတယ်။ ဒီပန်းကလေးတွေဟာ သေချာပေါက်ရှင်သန်ရမယ်။”တဲ့။

ဇူလိုင်၂၃ ရက်နေ့က အသာတို့ရဲ့နာရေးလုပ်ခဲ့တယ်။အဲဒီနေ့ကမိုးကလည်းတော်တော်ကောင်းနေခဲ့တယ်။ အသာတို့သူငယ်ချင်းတွေလည်း ကောင်းကင်ကြီးနဲ့အပြိုင် မျက်ရည်တွေ ဖြိုင်လို့ပေါ့။

ဆက်စပ်သတင်းများ