ဩဂုတ် – ၁၊၂၀၂၆။ဖိုးသား/People’s Spring
မကွေးတိုင်း၊ဆောမြို့နယ်မှာ စစ်တပ်ရဲ့ တပ်မ(၉၉)စစ်ကြောင်းထံက လက်နက်ခဲယမ်းတွေ ထပ်မံသိမ်းရတယ်လို့ တော်လှန်ရေးတပ်တွေနဲ့ နီးစပ်သူတချို့က ပြောပါတယ်။
တပ်မ(၉၉)စစ်ကြောင်းတွေဟာ ဆောမြို့နယ်၊ လောင်းရှည်မြို့ကတဆင့် ဆောနဲ့ဆိပ်ဖြူလမ်းပိုင်းပေါ် တက်နိုင်ဖို့ ကြိုးစားနေပေမယ့် တော်လှန်ရေးတပ်တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုတွေကြောင့် အထိနာနေဆဲလို့ ဆိုပါတယ်။
” လက်နက်ခဲယမ်းတွေ ထပ်ရထားတာ ရှိတယ်။ ပထမ ထုတ်ပြန်ချက်မှာပါတဲ့ လက်နက်တွေဆိုရင်လည်း တပြိုင်တည်းတခါတည်းရတာမဟုတ်ဘူး။ တရက်တခါရလိုက် နှစ်ခါသုံးခါ ရတဲ့ဟာကို စုပြီး တော့မှ ထုတ်ပြန်တာမျိုးလေ။အခုနောက်ပိုင်းရက်တွေမှာလည်း လက်နက်၊ခဲယမ်း တွေ ထပ်ရတာတွေလည်းရှိတယ် ကြားတယ်”လို့ လောင်းရှည်မြို့က တော်လှန်ရေးတပ်တွေနဲ့ နီးစပ်သူက ပြောပါတယ်။

Public Service Announcement
ဇူလိုင် ၁၆ ရက်ကစပြီး လောင်ရှည်မြို့ကနေ ဆောမြို့ကို အင်အား ၃၀၀ခန့်နဲ့ တပ်မ (၉၉)က စစ်ကြောင်းထိုးခဲ့တာဖြစ်ပေမယ့် ပြည့်သူ့ကာကွယ်ရေးတပ်မတော်(PDF) ခရိုင်စစ်ဌာနနဲ့ တပ်ရင်း၊တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် ဆုတ်ခွာခဲ့ရပါတယ်။
ဒါ့အပြင် ဇူလိုင် ၂၅ ရက်ကလည်း အင်အား ၁၈၀ ခန့် ပါတဲ့ စစ်တပ်စစ်ကြောင်းက လေကြောင်းပစ်ကူယူပြီး မြေပြင်၊ဝေဟင် ထိုးစစ်နဲ့ ဒုတိယအကြိမ် ထိုးစစ်ဆင်ခဲ့ပေမယ့် မကွေးတိုင်းစစ်ဌာန တပ်ရင်းတပ်ဖွဲ့တွေ အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့တာကြောင့် အထိနာပြီး ထပ်မံဆုတ်ခွာသွားခဲ့တယ်လို့ မကွေးတိုင်းစစ်ဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဇူလိုင် ၂၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။
အဲဒီဆုတ်ခွာသွားတဲ့ စစ်ကြောင်းတွေကို လိုက်လံတိုက်ခိုက်ပြီးနောက် နယ်မြေရှင်းလင်းရေးမှာ လက်နက်ခဲယမ်းတွေ၊ ရိက္ခာတင်ကား (၃) စီး၊ ရိက္ခာတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ အသိပေးပါတယ်။
ဇူလိုင် ၂၈ ရက်ထိ စစ်ဆင်ရေးတွေမှာ စစ်တပ်ရဲ့ စစ်သုံ့ပန်း ၉ ဦး ဖမ်းဆီးထိန်းသိမ်းထားပါတယ်။
“စစ်မှုထမ်းအင်အား အများအပြားရှိနေတဲ့ စစ်ကောင်စီကသူ့တပ်သားတွေ ထက် လက်နက်ကို ပိုတန်ဖိုးထားနေတာလေ။အခု သူတို့ ဘယ်လောက်သေလဲ ဆိုတာထက် လက်နက်တွေ ထပ်ရတာနဲ့ သိနိုင်တယ်”လို့ ဆောမြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဇူလိုင် တတိယပတ်ကနေ ဇူလိုင် စတုတ္ထပတ်အထိ တပ်မ(၉၉)စစ်ကြောင်းထံက MA-1 သေနတ် လေး လက်၊ MA-3 သေနတ် သုံး လက်၊ ရှော့ဂန်းသေနတ် နှစ်လက်၊ RPG ပြောင်းနှစ်လက်၊ ၄၀ မမ ၅၁ လုံး၊ ၆၀ မမ ၁၄၄ လုံး၊ ၈၁ မမ အသီး ၁၉ လုံး၊ ၁၂၀ မမ အသီး၂၂ လုံး၊ ရှော့ဂန်း ကျည်၂၅ တောင့်၊ ၅.၅၆ ကျည် ၅၆၁၅ တောင့်၊ ၇.၆၂ သုံးမျိုးသုံးကျည် ၃၇၉ တောင့်၊ MG 42 ကျည် ၁၄၁၅ တောင့်၊ လက်ပစ်ဗုံး၅ လုံး၊ အီနာဂါ-၆ ခု၊ RPG အဖူး-၁၄ ဖူး၊ RPG ပို့ကျည်- ၁၅ တောင့်၊ MG 42 ပြောင်းပို- ၂ ခု၊ MG 42 ကျည်ခါးပတ်- ၄ ခု၊ နင်းမိုင်း- ၉ လုံး၊ တိုက်မိုင်း- ၁ လုံး၊ ရှေ့ထွက်မိုင်း- ၁၁ လုံး၊ ဒရုန်းဗုံးသီး- ၂၂ လုံး၊ ကျည်ကာဦးထုပ်- ၁၄ လုံး၊ equipment- ၂ စုံ၊ ကျည်ကာ ဦးထုပ်- ၁၄ လုံး သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဓား ၁၀ ချောင်း၊ GBP-128 မိုင်းရှင်းစက်ပုံး- ၃ ပုံး၊ ကား- ၃ စီး၊ Drone Jumper-၁ ခု၊ Drone Controller-၁ ခု၊ ဒရုန်းပစ္စည်းထည့် ပုံးကြီး- ၁ ပုံး၊ ဖုန်းအထိုင်ခွက်- ၂ ခု၊မီးစက်-၂ လုံး၊ မီးကြိုးခွေ- ၂ ခု၊ Battery Charger- ၅ ခု၊ Solor Conductor – ၁ ခု၊ RPG ချိန်ဆိုဒ်- ၂ ခု၊ဆေးပစ္စည်း- ၂အိတ်၊ ဆန်အိတ်- ၅၅ အိတ်၊ ကြက်သွန်ဖြူ- ၁၅ အိတ်၊ ရွှေဖီဦးအထုပ်ကြီး-၁၄ အိတ်နဲ့ Starlink-၁ လုံး ကို သိမ်းနိုင်ခဲ့တာတွေ့ရပါတယ်။
အာဏာသိမ်းစစ်တပ်ကို စစ်မျက်နှာအသီးသီးမှာ တိုက်ပွဲဝင်နေတာကြောင့် တက်စွမ်းသ၍ ကူညီကြဖို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က မေတ္တာရပ်ခံထားပါတယ်။

















































