သြဂုတ် ၂၊ ၂၀၂၆။ ဟာနာဆန်/People’s Spring
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ သြဂုတ် ၂ ရက် ညနေပိုင်းက မုံရွာမြို့၊ ခရိုင်ရဲရုံးထဲကနေ ထွက်လာတဲ့ စစ်တပ်ရဲ့ ပေါ်တာဆွဲအိမ်စီးကား ၄ စီးဟာ စက်မှုဇုန်(၁)မှာ လူငယ် ၅ ဦး၊ စက်မှု သမ္မစိတ္တလမ်းက အလုပ် ပြန် လူငယ် ၇ ဦးကို ရိုက်နှက်ပြီး ကားပေါ်တင် ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။
အလားတူ ထန်းတောရပ်ကွက်၊ ပြည်မြန်မာစိုးဆီဆိုင်မှာ ကားဆီတန်းပြီးပြန်လာတဲ့ လူငယ်တစ်ဦးလည်း ပေါ်တာဆွဲခံလိုက်ရကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
” ဆီဆိုင်အကျော်မှာ အဖမ်းခံရတာ။ ရွှေဝါရောင် လမ်းမှာ”လို့ ဒေသခံက ပြောပါတယ်။
အဲဒီပေါ်တာဆွဲယာဥ်တန်းဟာ တစ်မြို့လုံးပတ်ဆွဲနေတဲ့အတွက် ဖမ်းဆီးခံရသူ အရေအတွက်ဟာ ၁၃ ဦးထက်မက ရှိနိုင်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ပြိးခဲ့တဲ့ ဇူလိုင်အတွင်းကလည်း မုံရွာမြို့က လူငယ်နဲ့ လူလတ်ပိုင်း ရာချီ ပေါ်တာဆွဲ ဖမ်းဆီးပြီး နမခ အတွင်းသို့ ပို့ဆောင်လိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။
မုံရွာမြို့မှာ စစ်တပ်ပေါ်တာဆွဲတာ သောင်းကျန်းနေလို့ လုပ်ငန်းတွေ ရပ်နားထားရတဲ့အထိ ဆိုးရွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီဟာ ယခုလထဲမှာပဲ စစ်မှူထမ်း အပတ်စဥ် (၂၇) စတင်ဖို့ စီစဥ်နေတာဖြစ်ပါတယ်။


















































