Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ကြောင်း ICRC အတည်ပြု

ငါးနှစ်ကျော်အတွင်း မိခင်နဲ့ ပတ်သက်ပြီး အပြုသဘောဆောင်တဲ့ ပထမဆုံးတိုးတက်မှုဖြစ်ပြီး မိခင်အပါအဝင်နိုင်ကျဥ်းအားလုံးလွှတ်​ပေးရန် ကင်မ် ဆက်လက်​တောင်းဆို

(ဒေါ်အောင်ဆန်းစုကြည်နဲ့ ICRC တာဝန်ရှိသူတို့ ဒီကနေ့ ဩဂုတ် ၃ရက်မှာ တွေ့ဆုံနေစဉ်။ ဓာတ်ပုံ - စစ်ကောင်စီ)

သြဂုတ် – ၃ ၊၂၀၂၆/People’s Spring

ဖမ်းဆီးချုပ်နှောင်ခံထားရသူနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တယ်ဆိုတဲ့သတင်းမှန်ကန်ကြောင်းကိုအပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ကြီး (ICRC)က ဒီနေ့ သြဂုတ်လ ၃ ရက် နေ့ခင်းပိုင်းမှာကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်က ICRC ရဲ့ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခွင့် ရခဲ့တယ်ဆိုတဲ့သတင်းကို ဒီနေ့ (သြဂုတ်လ ၃ ရက် )မနက်ပိုင်းမှာ သတင်းထုတ်ပြန်ခဲ့တဲ့နောက် ICRCက အဲဒီသတင်း မှန်ကန်တယ် ဆိုတာကို အတည်ပြုထုတ်ပြန်တာပါ။

စစ်တပ်သတင်းထုတ်ပြန်ပြီးနောက်မှာ အဲဒီသတင်းမှန်ကန်မှု ရှိမရှိ အတည်ပြုပေးဖို့အတွက် ICRC ဆီ အီးမေးလ်ပေးပို့ တောင်းဆိုတာ ၊ ICRC ရဲ့ ဖေ့ဘွတ်ခ်ပို့စ်တွေအောက်မှာ ရေးသားတောင်းဆိုမှုတွေရှိခဲ့တာပါ။

Public Service Announcement

Public Service Announcement

ဩဂုတ်လ ၃ ရက်နေ့က တွေ့ဆုံမှုဟာ ICRCက သတ်မှတ်ထားတဲ့ စံနှုန်းတွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက်ခဲ့တာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးခြားတွေ့ဆုံ စကားပြောဆိုခြင်းမျိုးလည်း ပါရှိခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးချုပ်နှောင် ခံထားရသူတွေကို ICRC စံနှုန်းတွေနဲ့အညီ တွေ့ဆုံမှုဟာ သက်ဆိုင်တဲ့ လူပုဂ္ဂိုလ်တွေကို မိသားစုတွေနဲ့ သတင်းစကား ဖလှယ်နိုင်စေဖို့ ရည်ရွယ်ချက်နဲ့ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိခဲ့ပါတယ်။

လုပ်ထုံးလုပ်နည်းနဲ့ အစဉ်အလာတွေအရ ICRCဟာ အခုလို တွေ့ဆုံမှုတွေနဲ့ ပတ်သက်တဲ့ လေ့လာတွေ့ရှိချက်တွေ၊ အကြံဉာဏ်တွေကိုတော့ဒေါ်အောင်ဆန်းစုကြည်ကိုထိန်းသိမ်းထားတဲ့အာဏာပိုင်တွေ၊တနည်းအားဖြင့် အာဏာသိမ်း စစ်တပ်ဆီကိုသာ သီးသန့်၊ လျှို့ဝှက်ချက်အဖြစ် မျှဝေပေးမယ်လို့လည်း ဆိုပါတယ်။

ICRC ရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တဲ့နေရာနဲ့အချိန်တို့ကိုထည့်သွင်းအသိပေးထားတာမတွေ့ရပါဘူး။

မြန်မာနိုင်ငံမှာအကျဉ်းချခံထားရသူတွေကို ထိန်းသိမ်းထားတဲ့ နေရာတွေဆီ ဝင်ရောက်ဆက်သွယ်ခွင့် ရရှိရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ဆက်လက် ဆွေးနွေး ဆောင်ရွက်နေမယ်လို့လည်း ICRCက ကြေညာခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကိုထိန်လင်း ကလည်း ဒေါ်အောင်ဆန်းစုကြည် နဲ့ ICRC တို့ တွေ့ဆုံခဲ့တယ်ဆိုတဲ့ သတင်းတွေကို ကြိုဆိုပြီး ဒါဟာအရေးပါတဲ့ပထမ ခြေလှမ်းဖြစ်တယ်လို့ သူရဲ့ ဖေ့ဘွတ်ခ်မှာရေးသားထားပါတယ်။

“ဒီသတင်းကို အတည်ပြုနိုင် မယ်ဆိုရင်တော့ ဒါဟာ ငါးနှစ်ကျော်အတွင်း မေမေနဲ့ ပတ်သက်တဲ့ အပြုသဘောဆောင်တဲ့ ပထမဆုံးတိုးတက်မှု ဖြစ်ပါလိမ့်မယ်” လို့ ကိုထိန်လင်းက ပြောထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေတာကို သက်သေပြပေးဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုမှာ ပါဝင်ပေးခဲ့သူတွေအားလုံး ကို ကိုထိန်လင်းက ကျေးဇူးတင်ထားပြီး အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ဖိအားပေးမှုတွေကြောင့် ဒေါ်အောင်ဆန်းစုကြည်အရေးဟာ နိုင်ငံတကာရဲ့အာရုံစိုက်မှုအောက်မှာရှိနေနိုင်ခဲ့တယ်လို့လည်းအသိပေးထားပါတယ်။

မိခင်ဖြစ်သူနဲ့ တိုက်ရိုက်စကားပြောခွင့်ရရေး ၊မိသားစုနဲ့တွေ့ဆုံခွင့်ရရေးကို ကိုထိန်လင်းက ဆက်လက်တောင်းဆိုပါတယ်။

“မေမေရဲ့ ကျန်းမာရေးအခြေအနေကို ယုံကြည်စိတ်ချရပြီး လွတ်လပ်စွာ အတည်ပြုနိုင်တဲ့ သတင်းအချက်အလက်ရရှိရေးနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးနဲ့အတူ မေမေ့ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရေးတို့ ပါဝင်ပါတယ်” လို့ ကိုထိန်လင်းက ဖေ့ဘွတ်ခ်မှာရေးသားထားပါတယ်။

ရွေးကောက်ခံအရပ်သားအစိုးရရဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းချိန်မှာ ဖမ်းဆီး ခံခဲ့ရတာပါ။

အဲဒီနောက်အဂတိမှု၊ ဆူပူလှုံ့ဆော်မှု၊ ရွေးကောက်ပွဲမသမာမှု၊ နိုင်ငံတော် လျှို့ဝှက်ချက်ချိုးဖောက်မှုစတဲ့ စစ်တပ်ရဲ့ တစ်ဖက်သတ် စွဲချက်တွေနဲ့ ကြုံခဲ့ရပြီး နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။

အမှု ၁၉ မှုနဲ့ ထောင်ဒဏ် ၃၃ နှစ်ချထားပြီး ၂၀၂၃ ခုနှစ်အတွင်းမှာတော့ ခြောက်နှစ်လျော့ပေးတဲ့အတွက် ၂၇ နှစ်ကျန်ရှိနေတာပါ။

ဒါပေမယ့် ပြည်တွင်းပြည်ပ လူ့အခွင့်အရေး အဖွဲ့အစည်းတွေနဲ့ နိုင်ငံ တကာ အသိုက်အဝန်းကတော့ အဲဒီ ပြစ်ဒဏ်ချမှတ်မှုတွေဟာ မမှန်ကန်ဘဲ စစ်တပ်က နိုင်ငံရေးအရ စွပ်စွဲလုပ်ကြံခြင်း သက်သက်သာ ဖြစ်ကြောင်း ဝေဖန်ရှုတ်ချခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မတရားဖမ်းဆီးအကျဉ်းချခံထားရတဲ့ ကာလအတွင်း မိသားစု၊ ရှေ့နေတွေနဲ့ တွေ့ဆုံခွင့် မရခဲ့သလို သူ့ကို ဘယ်မှာထိန်းသိမ်းထားသလဲ ဆိုတာကိုတောင် စစ်တပ်က လျှို့ဝှက်ထားခဲ့တာပါ။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။