စုစုပေါင်း လူ ၉ ဦး သေဆုံးခဲ့ပြီး တစ်နိုင်ငံလုံးကို တုန်လှုပ် ချောက်ချားသွားစေခဲ့တဲ့ ကျောင်းတွင်း ပစ်ခတ်မှု ဖြစ်စဉ်အပြီး နိုင်ငံရဲ့ လက်နက်ကိုင်ဆောင်ခွင့် ဥပဒေတွေကို ပိုမို တင်းကျပ်သွားမယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။
ဩဂုတ် ၇ ရက်နေ့တုန်းက ဘန်ကောက်မြို့တော် မြောက်ပိုင်းနားမှာရှိတဲ့ နွန်သာဘူရီ ဒေသရဲ့ ဘန်ခရူရိုင် ခရိုင်ထဲမှာ ဖွင့်လှစ်ထားရာ ဒက်ဘ်ဆီရင် နွန်သာဘူရီ စာသင်ကျောင်းမှာ အသက် ၁၄ နှစ်အရွယ် ကျောင်းသားက ဝင်ရောက် ပစ်ခတ်လို့ ဆရာ ဆရာမ ၅ ဦး၊ ကျောင်းသား ၁ ဦး သေဆုံးခဲ့ပါတယ်။ ကျူးလွန်သူ ကျောင်းသား ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူ့ရဲ့ နေအိမ်မှာ အဖိုးနဲ့အဖွားလည်း အသတ်ခံထားရတာကို ရှာတွေ့ခဲ့တာကြောင့် စုစုပေါင်း ၉ ဦးထိ အသက်ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။
အဲဒီ Grade 9 ကျောင်းသားဟာ ၉ မမ ပစ္စတို တစ်လက်နဲ့ ကျည်ဆန်တွေ အများအပြားကို ယူလာပြီး ကျောင်းထဲမှာ တစ်ခန်းဝင် တစ်ခန်းထွက် လိုက်လံပစ်ခတ်ခဲ့တာလို့ မျက်မြင်တွေက ပြောပါတယ်။
ထိုင်းရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ သက်ဒ်ဆာခွန် ခုမ်သောင်က ပြစ်မှုကျူးလွန်ရာမှာ လူငယ် အသုံးပြုခဲ့တဲ့ သေနတ်နဲ့ ကျည်ဆန်တွေဟာ သူ့အဖိုး ပိုင်ဆိုင်တာတွေလို့ ပြောပါတယ်။ အဖိုးဖြစ်သူဟာ သေနတ်ကို တရားဝင် လိုင်စင်နဲ့ ကိုင်ဆောင်ထားတာဖြစ်ပြီး ရဲတွေရဲ့ စစ်ဆေးမှုအရ အဖိုးရဲ့ အခန်းထဲမှာ လူငယ်က သေနတ်ကို မွှေနှောက် ရှာဖွေထားတဲ့ လက္ခဏာတွေကို တွေ့ရှိခဲ့ပါတယ်။

Public Service Announcement
လူငယ်ဟာ အသက် ၇၃ နှစ်အရွယ် အဖိုးနဲ့ ၇၄ နှစ်အရွယ် အဖွားတို့ကို မနက်အစောပိုင်း ကတည်းက သူတို့ရဲ့ နှစ်ထပ်တိုက်ထဲမှာ ပစ်သတ်ခဲ့တယ်လို့ ယုံကြည်ရပါတယ်။ နှစ်ယောက်စလုံးဟာ ဦးခေါင်းမှာ သေနတ်ကျည်ဆန်ရာ တစ်ချက်တည်းစီနဲ့ သေဆုံးနေတာကို ရဲတွေက ရှာတွေ့ခဲ့ပါတယ်။
အဖိုးနဲ့အဖွားကို သတ်ဖြတ်ထားတဲ့နောက် လူငယ်ဟာ သေနတ်နဲ့ ကျည်ဆန်တွေကို ယူပြီး ကျောင်းကားတစ်စီးပေါ် တက်လိုက်လာခဲ့ပါတယ်။ သူဟာ အတန်းထဲမှာ ပထမဆုံး စာသင်ချိန်ကို ကောင်းကောင်းမွန်မွန် ကျောင်းတက်ခဲ့ပါတယ်။ ဒုတိယအချိန်စပြီး နာရီဝက်လောက် အကြာမှာတော့ သေနတ်ကို ဆွဲထုတ်ပြီး စတင် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ပထမဆုံး အနေနဲ့ သူဟာ ကျောင်းရဲ့ ၆ ထပ်မှာ တွေ့သမျှ ဆရာ ဆရာမတွေကို ပစ်ခတ်ခဲ့ပြီး ၃ ဦး သေဆုံးခဲ့ပါတယ်။
နောက်တော့ သူဟာ လှေကားကနေ ဆင်းလာခဲ့ပါတယ်။ အဲဒီအခါ ဆူဆူညံညံ အသံတွေကြားလို့ လာရောက်စစ်ဆေးတဲ့ လက်ထောက် ကျောင်းအုပ်နဲ့ သူ့ရဲ့ အတွင်းရေးမှူးတို့ကို တွေ့ခဲ့ပါတယ်။ နှစ်ယောက်စလုံးကိုလည်း သူက လှေကားမှာပဲ ပစ်သတ်ခဲ့ပြန်ပါတယ်။ ရဲတွေက ကျောင်းထဲကို ဝင်ရောက် ရှာဖွေတဲ့ အခါမှာတော့ သူ့ကိုယ်သူ ပိတ်လှောင်ထားတဲ့ အခန်းတစ်ခုထဲမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ လူငယ်ကို ရှာတွေ့ခဲ့ပါတယ်။ သေနတ်သမား မပါဘဲ ကျောင်းထဲမှာ ပွဲချင်းပြီး သေဆုံးသူ စုစုပေါင်း ၅ ဦး ရှိခဲ့ပြီး ၂၃ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း ရဲတွေက ထုတ်ပြန်ပါတယ်။ မျက်မြင်တွေရဲ့ အဆိုအရ ၅ ထပ်မှာ လူငယ်ဟာ ကျောင်းသူကျောင်းသားတွေကို ပစ်ခတ်ချိန်မှာ သေနတ်က ချွတ်ယွင်းချက် တစ်ခုခု ပေါ်လာလို့ ပစ်မရ ဖြစ်နေခဲ့သေးတယ်လို့ သိရပါတယ်။ အဲဒီတုန်းကသာ သေနတ်က ကောင်းကောင်းမွန်မွန် အလုပ်လုပ်ခဲ့ရင် သေဆုံးစာရင်း ပိုများသွားနိုင်ပါတယ်။
လူငယ်ဟာ ၆ ထပ်ကနေ ၃ ထပ်ထိဆင်းပြီး ကြုံသလို ပစ်ခတ်သွားတဲ့နောက် ၅ ထပ်ကို ပြန်တက်လာပြီး အခန်းထဲမှာ ကိုယ့်ကိုယ်ကိုယ် ပိတ်ထားရင်း အဆုံးစီရင်သွားခဲ့တာပါ။ ဒီဖြစ်ရပ်ဟာ လူ ၃၀၀၀ လောက် ရှိနေတဲ့ စာသင်ကျောင်းထဲမှာ ငရဲပွက်သလို အခြေအနေမျိုး ကြုံတွေ့သွားစေခဲ့ပါတယ်။
ထိုင်းမှာ လက်နက်ကိုင်ခွင့်နဲ့ ပတ်သက်လို့ တင်းကျပ်တဲ့ ဥပဒေတွေ ရှိပါတယ်။ တရားမဝင် လက်နက် ကိုင်ဆောင်သူတွေကို တွေ့ရှိရင် ထောင်ဒဏ် ၁၀ နှစ်ထိ ချမှတ်နိုင်တယ်လို့ ဥပဒေက သတ်မှတ်ထားပေမယ့် လက်တွေ့ ကျင့်သုံးမှုမှာတော့ လစ်ဟာမှုတွေ ရှိနေတယ်လို့ လေ့လာသူတွေက ထောက်ပြပါတယ်။
ပြီးတော့ ထိုင်းဟာ အရှေ့တောင်အာရှ ဒေသတွင်းမှာ သေနတ်ပိုင်ဆိုင်မှုနှုန်း အမြင့်ဆုံး နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။ ထိုင်းနိုင်ငံသား ၁၀.၃ သန်းလောက်မှာ သေနတ်ပိုင်ဆိုင်ထားတယ်လို့ ယုံကြည်ရပြီး ၄ သန်းလောက်က လိုင်စင်မဲ့ ကိုင်ဆောင်သူတွေပါ။
ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူ ကိုယ်တိုင်လည်း ပြည်ထဲရေး ဝန်ကြီးဘဝတုန်းက သေနတ်လိုင်စင် ထုတ်ပေးတာတွေကို ယာယီ ပိတ်ပင်တာ၊ တင်သွင်းခွင့် ကန့်သတ်တာတွေ အပါအဝင် သေနတ်ကိုင်ဆောင်မှုအတွက် စည်းမျဉ်းတွေကို တင်းကျပ်ခဲ့ဖူးပါတယ်။
ပစ်ခတ်မှု ဖြစ်ပြီးပြီးချင်း အစိုးရ အိမ်တော်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံတဲ့အခါ အနူတင်က ထိခိုက်နစ်နာခဲ့ရသူတွေ၊ မိသားစုတွေနဲ့ထပ်တူ စာနာဝမ်းနည်းကြောင်း ပြောကြားခဲ့ပါတယ်။ အရမ်း ဆိုးရွားတဲ့ ကိစ္စတစ်ခုနဲ့ ကြုံခဲ့တဲ့ နစ်နာသူတွေအတွက် ကြေကွဲရသလို ဒီလို ဖြစ်ရပ်မျိုး ပေါ်ပေါက်လာတဲ့ အတွက်လည်း အကြီးအကျယ် ဝမ်းနည်းမိကြောင်း၊ ထိုင်းနိုင်ငံမှာ ဘာကြောင့် ဒီလို ဖြစ်ရပ်မျိုး ကြုံတွေ့ရသလဲဆိုတာ နားမလည်နိုင်တော့ကြောင်း အနူတင်က သတင်းထောက်တွေကို ပြောပါတယ်။ အခုလို ကိစ္စတွေကို မဖြစ်စေချင်လို့လည်း ထိုင်းအစိုးရဟာ ပြည်သူတွေကို လက်နက်ကိုင်ဆောင်ခွင့်ကို တားမြစ်ဖို့ စီစဉ်နေတာလို့ သူက မှတ်ချက်ပေးခဲ့ပါတယ်။
ထိုင်းရဲတပ်ဖွဲ့ အကြီးအကဲ ရဲဗိုလ်ချုပ်ကြီး ကစ်တီရတ် ဖန်ဖတ်က မှုခင်းစုံထောက်တွေဟာ ကျောင်းသားလူငယ်ရဲ့ ပစ်ခတ်မှုတွေက အရမ်းတိကျပြီး လက်ဖြောင့်တာကို သတိပြုမိထားကြောင်း ပြောပါတယ်။ သေနတ်ဒဏ်ရာ တော်တော်များများဟာ ချက်ကောင်းတွေ၊ လူသေစေလောက်တဲ့ နေရာတွေကို ထိမှန်ခဲ့တာလို့ သူက ရှင်းပြပါတယ်။
အနူတင်ကလည်း ဒီဖြစ်စဉ် တစ်ခုလုံးမှာ ကြိုတင်ပြင်ဆင်ထားသလို တိကျတဲ့ ရည်ရွယ်ချက်၊ တိကျတဲ့ ပစ်မှတ်တွေ ရှိနှင့်ထားပုံပေါ်ကြောင်း ပြောကြားခဲ့ပါတယ်။ အခုဖြစ်ရပ်ကို အကြောင်းပြုပြီး သူ့ရဲ့ အစိုးရဟာ သေနတ်ကိုင်ဆောင်မှု ကန့်သတ်တဲ့ ဥပဒေတွေကို ပိုမို တင်းကျပ်မှာ ဖြစ်ကြောင်း၊ တာဝန် ထမ်းဆောင်နေဆဲ အစိုးရ အရာရှိတွေလွဲရင် လူအများ သွားလာတဲ့ နေရာတွေကို သေနတ်ယူဆောင်ခွင့်ကိုလည်း လုံးဝ ပိတ်ပင်သွားမယ်လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။
ပစ်ခတ်မှု ဖြစ်ပွားစေလောက်တဲ့ နောက်ကွယ်က စေ့ဆော်မှု အကြောင်းတရားကိုတော့ ရဲတွေက တရားဝင် မထုတ်ပြန်သေးပါဘူး။ ဒါပေမဲ့ အနူတင်ကတော့ ကျူးလွန်သူ လူငယ်ရဲ့ ပုဂ္ဂိုလ်ရေး ခံစားချက် ဖိအားတွေကြောင့်ဖြစ်ပြီး ရာဇဝတ်လှုပ်ရှားမှု တစ်ခုခုနဲ့ ဆက်စပ်မှု ရှိပုံမရဘူးလို့ ပြောပါတယ်။ ဒါဟာ ကျောင်းတွင်း လုံခြုံရေး စံနှုန်းတွေနဲ့ သီးခြားစီ ရှုမြင်ရမယ့် အခြေအနေလို့ ဝန်ကြီးချုပ်က သုံးသပ်ခဲ့ပါတယ်။ ကနဦး ရရှိထားတဲ့ အချက်အလက်တွေအရ အဲဒီ လူငယ်ဟာ သူသင်ကြားနေရတဲ့ ဘာသာရပ်တွေ၊ ပြီးတော့ အမှတ်တွေကောင်းဖို့ ဆွေမျိုးသားချင်း တစ်ဦးစီက မျှော်မှန်းချက်တွေကြောင့် စိတ်ဖိစီးမှုတွေ အများကြီး ရှိနေခဲ့ပုံ ပေါ်တယ်လို့ အနူတင်က ဆက်ပြောပါတယ်။
ထိုင်းမီဒီယာတွေကတော့ ဆွေမျိုးသားချင်းတွေ၊ အိမ်နီးချင်းတွေရဲ့ အဆိုအရ လူငယ်ဟာ ခပ်အေးအေး၊ သိမ်သိမ်မွေ့မွေ့ နေတတ်သူ တစ်ဦးလို့ သိရကြောင်း ဖော်ပြခဲ့ပါတယ်။ အဲဒီလူငယ်ဟာ အများအားဖြင့်လည်း အခန်းထဲမှာပဲ ဗီဒီယိုဂိမ်း ကစားနေလေ့ရှိပြီး အပြင်ကို သိပ်မထွက်ဘူးလို့ ဦးလေးဖြစ်သူက ဆိုပါတယ်။ မိဘတွေက ကွာရှင်းထားတာကြောင့် လူငယ်ဟာ အဖိုးအဖွားနဲ့ အတူနေထိုင်နေတာပါ။ သူဟာ အခုလို တိုက်ခိုက်မှုကြီးတစ်ခု ကျူးလွန်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ ဘာအရိပ်အယောင်မှ မပြခဲ့ကြောင်း ဦးလေးဖြစ်သူက ပြောကြားခဲ့ပါတယ်။
ကိုးကား: BBC


















































