ဩဂုတ်-၈၊၂၀၂၆။ကတ်သရင်း/People’s Spring
မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ မိုးကြီးပြီး မြေပြိုမှုတွေဖြစ်ခဲ့လို့ နေအိမ် ၂၀ခန့်နဲ့ ဘုရားစောင်းတန်းထိခိုက်ပျက်စီးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဩဂုတ် ၅ရက်ကစတင်ကာ တောင်ကျရေများပြီး မိုးကုတ်မြို့မှာ မြေပြိုမှုတွေ ဆက်
တိုက်ဖြစ်ကာ ဒီနေ့အထိ မြေပြိုပြီး နေအိမ်ထိခိုက်မှုတွေရှိ နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

Public Service Announcement
ဩဂုတ် ၅ရက်မနက်ပိုင်းကမိုးကုတ်မြို့အနောက်ခြမ်း၊ပန်းမရပ်ကွက်မှာ မြေပြိုပြီး နေအိမ် ၂လုံး ပျက်စီးကာ အမျိုးသား ၁ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ အဲဒီနေ့ကပဲ အောင်သစ်လွင်ရပ်ကွက်မှာ နောက်ထပ် နေအိမ် ၂လုံး ပျက်စီးခဲ့တယ်လို့သိရပါတယ်။
မြေပြိုမှုတွေကြောင့် ဩဂုတ်၇ ရက်မှာ ကမ္ဘာအေးရပ်ကွက်အတွင်း နေအိမ် ၁လုံး ၊ အောင်နီလာ (၂)ရပ်ကွက်မှာလည်း နေအိမ် ၁လုံး၊အောင်နီလာ (၁)မှာ ၁ လုံး၊ပန်းမချယ်ရီရပ်ကွက်မှာ နေအိမ် ၂လုံး၊ကျောက်ဖြူရပ်ကွက်မှာ ၂လုံး နဲ့ ကျပ်ပြင်သစ်တော်ခြံရပ်ကွက်က နေအိမ်တချို့ ပျက်စီးခဲ့တယ်လို့သိရပါတယ်။
ဩဂုတ် ၈ရက် ဒီနေ့မှာလည်း မြို့မအုပ်စု၊အ ရှေ့ဗိုလ်ကုန်းရပ်မှာ နေအိမ် ၅လုံးထပ်မနည်းထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဖောင်တော်ဦးဘုရားလည်း မိုးရေတိုက်စားကာ စောင်းတန်း တွေထိခိုက်ပျက်စီး သွားတယ်လို့ မြို့ခံ တွေက ပြောပါတယ်။
“မိုးကဆက်တိုက်ရွာနေတာ။ရေမြှုပ်တဲ့ နေရာ တွေလည်း မြှုပ်လို့ ပြိုတဲ့ရပ်ကွက် တွေလည်းအများကြီး။ ရေတွေလည်း အများကြီးမြှုပ် နေတယ်”လို့ မြို့ခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ဩဂုတ်မှာလည်း မိုးကုတ်မြို့အ နောက်ခြမ်းကမြို့မရပ်ကွက်နဲ့ အောင်သစ်လွင်ရပ်ကွက်တို့မှာ မိုးရွာသွန်းမှုများပြီး မြေပြိုခဲ့တာကြောင့် ကလေးတွေအပါအဝင် ပြည်သူ ၁၁ဦး သေဆုံးခဲ့ပါတယ်။


















































