ဩဂုတ်−၁၀၊၂၀၂၆။ဖိုးသား/People’s Spring
ကမ္ဘာ့ရွှေဈေးနဲ့အတူ ပြည်တွင်းရွှေဈေး ထပ်တက်နေပြီး တစ်ကျပ်သား ကျပ်သိန်း ၁၀၀ကျော်လာတယ်လို့ ရွှေစျေးကွက်က စုံစမ်းသိရပါတယ်။
ဒီကနေ့(ဩဂုတ် ၁၀ ရက်) မနက်ပိုင်းမှာ ကမ္ဘာ့ရွှေ တစ်အောင်စကို ဒေါ်လာ ၄,၃၀၀ ကျော်ရှိခဲ့ပြီး လွန်ခဲ့တဲ့တစ်ပတ်အတွင်း ဒေါ်လာ ၁၅၀ ၀န်းကျင်မြင့်တက်ခဲ့တာကြောင့် ပြည်တွင်း ရွှေဈေးပါ တစ်ကျပ်သား ကျပ် ၁သိန်းနီးပါး ဈေးတက်နေတာလို့ ဆိုပါတယ်။
ဒီကနေ့ ပြည်တွင်းပြင်ပရွှေပေါက်ဈေးအရ ၁၆ ပဲရည်ရောင်းဈေး တစ်ကျပ်သားကို သိန်းတစ်ရာနဲ့လေးသောင်း၊၀ယ်ဈေး ၉၉ သိန်း ခုနှစ်သောင်းရှိပါတယ်။၁၅ ပဲရည်တစ်ကျပ်သား ကျပ် ၉၄ သိန်း၀န်းကျင်ရှိတယ်လို့ သိရပါတယ်။

Public Service Announcement
“ဒေါ်လာတန်ဖိုးကျလာတာနဲ့ အမေရိကန်ဗဟိုဘဏ်က အတိုးနှုန်းတွေကို လျှော့ချနိုင်တယ်ဆိုတဲ့ မျှော် လင့်ချက်တွေကြောင့် ရွှေဈေးတက်လာတာ”လို့ ကမ္ဘာ့ရွှေဈေးကွက် အခြေအနေကို လေ့လာသူတစ်ဦးက ပြောပါတယ်။
ရွှေဟာကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ဈေးကွက်ဖြစ်တာကြောင့် ကမ္ဘာ့ဈေးနဲ့အတူ ပြည်တွင်းရွှေဈေးလည်း လိုက်ပါမြင့်တက်လေ့ရှိပြီး အထူးသဖြင့် နိုင်ငံရဲ့ငွေကြေးစနစ်ပေါ်မှာ များစွာမူတည်ပြီး ဈေးအတက်အကျများတယ်လို့ အသိပေးပါတယ်။
ဒါ့အပြင် နိုင်ငံရေးမတည်ငြိမ်မှုနဲ့ ကမ္ဘာ့အခြေအနေတွေကလည်း ရွှေဈေးကို သိသိသာသာသက်ရောက်နိုင်ပြီး ငွေလဲနှုန်းအဆမတန်ကွာဟမှုများတဲ့ ကျပ်ငွေ တန်ဖိုးကြောင့် ရွှေဈေး အဆမတန်တက်ရတဲ့ အဓိက အကြောင်းအရင်းတွေ ပါ၀င်ပါတယ်။
စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ကျပ်ငွေအဆမတန်ရိုက်ထုတ်မှုတွေဟာ ငွေကြေးဖောင်းပွမှုဆိုးရွားနေတဲ့ နိုင်ငံမှာ ၅နှစ်ကျော်အတွင်း ပြည်တွင်းရွှေစျေးက စံချိန်တင်ခဲ့ပြီး အခြေခံလူထုတွေဟာ ရွှေဆိုင်တွေနဲ့ ပိုပြီးဝေးကွာလာခဲ့ရပါတယ်။
ဒါ့အပြင် ပြည်ပရင်းနှီးမြှုပ်နှံမှုတွေနဲ့ ထောက်ပံ့မှုတွေရှားလာတာအပါအ၀င် စစ်တပ်က ပုဂ္ဂလိက ကုန် သွယ်ရေးစနစ်တွေကို ထိန်းချုပ်နေတာက လူထုကို ပိုကြပ်တည်းလာစေတယ်လို့ စီးပွားရေးအကြံပေးတချို့က ထောက်ပြထားပါတယ်။


















































