ပြီးခဲ့တဲ့ သီတင်းပတ်က ဖြစ်ပွားခဲ့တဲ့ ကျောင်းတွင်း ပစ်ခတ်မှုကို အကြောင်းပြုပြီး ထိုင်းအစိုးရဟာ ပြည်တွင်းမှာ သေနတ် ကိုင်ဆောင်ခွင့် လိုင်စင် ထုတ်ပေးမှုတွေကို ဆိုင်းငံ့ထားလိုက်ပါတယ်။
ဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက လိုင်စင်အသစ်တွေ ထုတ်ပေးမှုကို ဆိုင်းငံ့ထားမယ့် အမိန့်ကို ဩဂုတ် ၁၁ ရက်နေ့မှာ အတည်ပြု ကြေညာခဲ့ပါတယ်။
အနူတင်က ပြည်ထဲရေး ဝန်ကြီးဌာနနဲ့ ရဲတပ်ဖွဲ့ကို ညွှန်ကြားခဲ့ရာမှာ လက်နက် ကိုင်ဆောင်ခွင့်၊ ဝယ်ယူခွင့်၊ သယ်ဆောင်ခွင့် လိုင်စင်တွေ ထုတ်ပေးတာကို ဆိုင်းငံ့ထားဖို့ ပါရှိပြီး စည်းမျဉ်းတွေကို တင်းကျပ်ဖို့၊ တိကျပြတ်သားတဲ့ အရေးယူမှုတွေ လုပ်ဆောင်ဖို့ ပါရှိခဲ့ပါတယ်။
ဩဂုတ် ၇ ရက်နေ့တုန်းက ဘန်ကောက်နားမှာရှိတဲ့ နွန်သာဘူရီမှာ အသက် ၁၄ နှစ်အရွယ် ကျောင်းသားတစ်ဦးက အိမ်မှာ အဖိုးနဲ့အဖွားကို ပစ်သတ်ပြီး ကျောင်းမှာလည်း လူ ၆ ဦးကို သတ်ဖြတ်ခဲ့ပါတယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ်လည်း အဆုံးစီရင်သွားခဲ့ပါတယ်။ အဲဒီမှုခင်းဟာ ထိုင်းတစ်နိုင်ငံလုံးကို အကြီးအကျယ် တုန်လှုပ်သွားစေခဲ့သလို အစိုးရက သေနတ်ကိုင်ဆောင်ခွင့် ဥပဒေတွေကို ပိုမိုတင်းကျပ်ဖို့ စိုင်းပြင်းလာခဲ့ပါတယ်။

Public Service Announcement
ဩဂုတ် ၁၁ ရက်နေ့မှာတော့ သေနတ်သမား ပတ်ချာတာ ယင်မ်ရူယန်ရဲ့ အဖိုးနဲ့ အဖွားဖြစ်သူတို့ကို နွန်သာဘူရီမှာ မီးသင်္ဂြိုဟ်ခဲ့ပါတယ်။ တမ်ရက် ဆမ်မက်ခီ ဘုန်းတော်ကြီးကျောင်းမှာ သူတို့နှစ်ဦးရဲ့ ဓာတ်ပုံတွေနဲ့အတူ ထားရှိတဲ့ အဖြူရောင် ခေါင်းတလား နှစ်လုံးကို မီးမသင်္ဂြိုဟ်ခင်မှာ တွေ့ခဲ့ရပါတယ်။
အဲဒီ ဘုန်းကြီးကျောင်းမှာပဲ သေနတ်သမား လူငယ်ရဲ့ ခေါင်းတလားကိုလည်း ထားရှိပါတယ်။ သူဟာ အဖိုးနဲ့အဖွားကို ပစ်သတ်ပြီးတဲ့နောက် ကျောင်းကားနဲ့ လိုက်သွားပြီး ကျောင်းမှာပါ ပစ်ခတ်မှုတွေ ကျူးလွန်ခဲ့တာပါ။ ပတ်ချာတာဟာ ကိုယ့်ကိုယ်ကိုယ် အဆုံးမစီရင်ခင်မှာ ဆရာဆရာမ ၅ ဦးနဲ့ အသက် ၁၂ နှစ်အရွယ် ကျောင်းသူ မိန်းကလေးတို့ကို ပစ်သတ်ခဲ့ပါတယ်။
ထိုင်းဟာ အရှေ့တောင်အာရှ ဒေသတွင်းမှာ လက်နက်ကိုင်ဆောင်မှု အချိုးအစား အမြင့်ဆုံး နိုင်ငံတစ်ခု ဖြစ်ပါတယ်။ ထိုင်းနိုင်ငံသား ၁၀ သန်းကျော်လောက်ဟာ သေနတ်ကိုင်ဆောင်ကြပြီး အဲဒီထဲက ၄ သန်းလောက်ဟာ တရားမဝင် လိုင်စင်မဲ့ ကိုင်ဆောင်ထားတာပါ။ ထိုင်းမှာ လိုင်စင်မဲ့ သေနတ်ကိုင်ဆောင်သူတွေကို ပြင်းပြင်းထန်ထန် အရေးယူနိုင်မယ့် ဥပဒေမျိုးတွေ ရှိနေပေမယ့်လည်း လက်တွေ့ အရေးယူ ကျင့်သုံးမှု အပိုင်းမှာတော့ အားနည်းကြောင်း လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။
ကိုးကား: AFP

















































