သြဂုတ် – ၁၂ ၊၂၀၂၆ ၊နိုင်ပကောင်း/People’s Spring
တိုင်းပြည်ကိုဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ဖို့အတွက် လူမျိုးစုတော်လှန်ရေးအဖွဲ့တွေ၊ဒီမိုကရေစီအင်အားစုတွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေအားလုံးပူးပေါင်းရမယ်လို့ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌပဒိုစောကွယ်ထူးဝင်းကပြောကြားလိုက်ပါတယ်။
ဒီနေ့ (ဩဂုတ်လ ၁၂ ရက်)မှာကျရောက်တဲ့(၇၆)နှစ်မြောက်ကရင်အမျိုး သားအာဇာနည်နေ့မှာပြောကြားတဲ့မိန့်ခွန်းထဲ KNU ဥက္ကဋ္ဌပဒိုစောကွယ်ထူးဝင်းကထည့်သွင်းပြောခဲ့တာပါ။
စစ်အာဏာရှင်အုပ်စုဟာအာဏာတည်မြဲရေးနဲ့ကိုယ်ကျိုးစီးပွားအတွက်သာအာရုံစိုက်လုပ်ဆောင်နေတာကြောင့်စစ်အာဏာရှင်အုပ်ချုပ်မှုမကုန် ဆုံးသရွေ့နိုင်ငံဟာငြိမ်းချမ်းရေးမရနိုင်သလိုဖွံ့ဖြိုးတိုးတက်မှုလည်းရှိလာမှာမဟုတ်ဘူးလို့ပဒိုစောကွယ်ထူးဝင်းကဆိုပါတယ်။

Public Service Announcement
လက်ရှိမှာဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)ဟာလူမျိုးစုတွေနဲ့ ဒီမိုကရေစီတော်လှန်ရေးအင်အားစုတွေအကြားအပြန်အလှန်နားလည်မှုရှိလာစေဖို့အတွက်တွေ့ဆုံဆွေးနွေးမှုတွေဆောင်ရွက်နေတယ််လို့ ပဒိုစောကွယ်ထူးဝင်းက အသိပေးပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)ကိုတော့အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)နဲ့ ချင်းအမျိုးသားတပ်ဦး(CNF) စတဲ့ တော်လှန်ရေးအဖွဲတွေနဲ့ အခုနှစ်မတ်လမှာ စတင်စုဖွဲခဲ့တာပါ။
SCEF ဟာအာရက္ခတပ်တော်(ULA/AA)၊ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးအဖွဲ့ချုပ်/ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/ PNLA)၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)၊ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)-NMSP-AD ၊မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)၊ မွန်ပြည်အတိုင်ပင်ခံကောင်စီ(MSCC)၊ မွန်ပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ(CRMH) တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
SCEF ရဲ့ ရည်ရွယ်ချက်မှာ စစ်အာဏာစနစ်နဲ့ အာဏာရှင်စနစ်ပုံစံအမျိုးမျိုးရဲ့ နိုင်ငံအတွင်း လွှမ်းမိုးချုပ်ကိုင်မှုတွေကို အဆုံးသတ်ပြီး နိုင်ငံကို ကရင်အမျိုးသားတွေအပါအဝင်ပြည်သူအားလုံးတို့အတွက်လွတ်လပ်ခွင့် ၊တန်းတူညီမျှမှု ၊ ကိုယ်ပိုင်ပြဌာန်းခွင့်တို့ကိုအာမခံပေးနိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအဖြစ် ပြန်လည်တည်ဆောက်ဖို့ ဖြစ်တယ်ဆိုတာကို KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းကသူ့ရဲ့ မိန့်ခွန်းကတဆင့် အသိပေးပြောကြားပါတယ်။
အာဏာသိမ်းစစ်အုပ်စုကလည်းအာဏာနဲ့ အုပ်ချုပ်ရေးတည်မြဲရေးအ တွက်အတင်းအဓမ္မစစ်သားစုဆောင်းပြီး စစ်အင်အားတိုးချဲမှုတွေကို လုပ်ဆောင်နေသလို ခေတ်မီစစ်လက်နက်တွေအပြင် တိုက်လေယာဉ်တွေကိုအသုံးပြုကာ တော်လှန်ရေးတပ်ဖွဲ့တွေကို တိုက်ခိုက်နေတယ်လို့ ပဒိုစောကွယ်ထူးဝင်းက ဆိုပါတယ်။
ဒီနေ့မှာကျရောက်တဲ့ကရင်အာဇာနည်နေ့ အောက်မေ့ဖွယ်အထိမ်းအမှတ်နေ့အခမ်းအနားဆီ NUG ကလည်းသဝဏ်လွှာပေးပို့ရာမှာ စည်းလုံးညီညွတ်မှုကို ပိုမိုခိုင်မာအောင် တည်ဆောက်ကာ အဆုံးသတ်တိုက်ပွဲဆီ ချီတက်ကြဖို့ ဆိုပြီး တိုက်တွန်းထားတာတွေ့ရပါတယ်။
တဆက်တည်းမှာပဲ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF)ရဲ့စုပေါင်းခေါင်းဆောင်မှုအောက်မှာနွေဦးတော်လှန်ရေးအင်အားစုတွေအကြားနိုင်ငံရေးနဲ့ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေအားကောင်းလာနေပြီလို့ NUG ဆိုထားပါတယ်။

















































