သြဂုတ်-၁၂၊၂၀၂၆။တာရာ၊သုည/People’s Spring
ရန်ကုန်မြို့ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနေသူတွေဆယ်နဲ့ ချီရှိနေပြီး ရန်ကုန်ဆေးရုံကြီးမှာကုသမှုခံယူနေရတယ်လို့ သတင်းရရှိပါတယ် ။
သြဂုတ်လ(၁၁)ရက်နေ့က လသာမြို့နယ်က ဝမ်းပျက်ဝမ်းလျှောလူနာတွေ ရန်ကုန်ဆေးရုံကြီးကိုအရေးပေါ်ရောက်ရှိလာပြီး ကုသမှုတွေလုပ်ထားပေးရတယ်လို့ ကျန်းမာရေးဝန်ထမ်းအချို့ကပြောပါတယ်။
သြဂုတ် ၁၁ ရက်မှာ ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာနမှာ ဝမ်းပျက်ဝမ်းလျှောလူနာ ၃၉ ဦးစောင့်ကြည့်လူနာဌာနမှာ တက်ရောက်ကုသနေတယ်လို့ ကျန်းမာရေးဝန်ထမ်းတဦးက လူမှုကွန်ယက်မှာရေးသားထားပါတယ်။

Public Service Announcement
ဒါပေမယ့် စစ်တပ်လက်အောက်ခံကျန်းမာရေးဝန်ကြီးဌာနကတော့ ရန်ကုန်တိုင်းမှာ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ဆေးရုံတက်ရောက်ကုသမှုခံယူနေရသူ ၉ ဦးပဲရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် အရေအတွက်ဟာသတင်းထွက်ပေါ်နေတာနဲ့များစွာ ကွာဟနေပါတယ်။
ရန်ကုန်ဆေးရုံကြီးမှဆရာဝန်တဦးက”မိုးတွင်းဆိုရင် ဝမ်းပျက်ဝမ်းလျှောရောဂါတွေက ဖြစ်လာပြီ။အဓိကသန့်ရှင်းမှုတွေမရှိတာကြောင့်ဖြစ်တာ။ပြီးတော့အဲဒီဘက်တွေက တိုက်ခန်းတွေများတယ်။အမှိုက်တွေကိုလည်း နောက်ဖေးလမ်းကြားတွေထဲကို ကြုံသလိုပစ်ချတော့ ကြွက်တွေ၊ ခြင်တွေ၊တခြားပိုးမွှားတွေကနေဆင့် ကူးတာ။ အခုဆေးရုံးတတ်နေတဲ့သူတွေကတော့ စိုးရိမ်စရာအခြေအနေတော့မရှိဘူး” လို့ ပြောပါတယ်။ ဒါပေမယ့် ဝမ်းပျက် ဝမ်းလျှောဖြစ်ပြီး ရန်ကုန်ဆေးရုံကြီးရောက်တဲ့ လူနာတွေ ဆက်တိုးနေတယ်လို့ စုံစမ်းသိရပါတယ် ။
ဝမ်းပျက်ဝမ်းလျောလူနာ(၁၀)ဦးထက်မနည်းရှိလာတဲ့အတွက်ပြင်းထန်ဝမ်းပျက်၊ဝမ်းလျှောရောဂါမဖြစ်အောင်မသန့်ရှင်းတဲ့ရေ၊နဲ့ အစားအသောက်တွေမစားကြဖို့အထက်ပါဆရာဝန်ကပြောပါတယ်။
လသာ၊လမ်းမတော်အပြင် အခြားမြို့နယ်တွေက ဝမ်းပျက်ဝမ်းလျှောလူနာတွေလည်း ဆေးရုံကြီးမှာရှိနေပါတယ် ။လတ်တလောဝမ်းပျက်ဝမ်းလျှော လူနာတွေထဲမှာ ဧရာတီတိုင်းကအများဆုံးလို့ စုံစမ်းသိရပါတယ်။
ထပ်မံရရှိတဲ့သတင်းအရ စစ်အုပ်စုက ဆေးရုံနားမှာရောင်းတဲ့ လမ်းဘေးစားသောက်စရာဆိုင်တွေကို ပိတ်ဖို့ စီစဥ်နေပါတယ် ။
“ဆေးရုံကြီး အနီးအနားတွေမှာ ရောင်းတဲ့ လမ်းဘေးစားစရာဆိုင်တွေကို အခုပိတ်ခိုင်းထားပါတယ်။ ဝမ်းပျက်ဝမ်းလျောရောဂါတွေက လမ်းဘေးစာတွေကနေ ကူးစက်တာမျိုး ဖြစ်နိုင်တဲ့အတွက်လို့ သိရပါတယ်။ မပိတ်တဲ့ဆိုင်တွေကို စည်ပင်က လူတွေက ကားတွေနဲ့ ပစ္စည်းတွေပါ လိုက်သိမ်းပါတယ်။ ရန်ကုန်က အခြားဆေးရုံ အနီးအနားတွေကိုလည်း လမ်းဘေးဆိုင်တွေ ပိတ်ခိုင်းမယ်လို့ ကြားပါတယ်”လို့ ရန်ကုန်မြို့နေပြည်သူတစ်ဦးကပြောပါတယ်။
စစ်အုပ်စုက ဆေးရုံမှာ ဈေးသက်သာပြီး သန့်ရှင်းတဲ့ ဝန်ထမ်းသက်သာဆိုင်မျိုးဖွင့်ဖို့ မစီမံပေးနိုင်ပဲ ပြည်သူတွေ ငွေကြေးမတက်နိုင်လို့အဓီက အားကိုးနေရတဲ့ လမ်းဘေးဆိုင်တွေကိုပဲ အပြစ်ရှာ ဖိအားပေးပိတ်ခိုင်းမယ့်အစီအစဥ်အပေါ် တလွဲစီမံခန့်ခွဲမှုလို့ ပြည်သူအချို့ကဝေဖန်ပါတယ် ။

















































