Connect with us

Hi, what are you looking for?

ဆောင်းပါး

သေနတ် ၁၀ သန်းကြားက ထိုင်းနိုင်ငံ၏ လုံခြုံရေး

အသက် ၁၄ နှစ်အရွယ်ကလေးတစ်ယောက် လက်ထဲက သေနတ်တစ်လက်ကြောင့် ထိုင်းနိုင်ငံမှာ လူ ၉ ဦး သေဆုံးခဲ့ပြီးတဲ့နောက် သေနတ်တွေ ဘယ်လောက်အထိလွယ်လွယ်ကူကူလက်လှမ်းမီနေသလဲဆိုတာနဲ့ နိုင်ငံအတွင်း လက်နက်တွေ ပျံ့နှံ့နေမှု အခြေအနေအပေါ် စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာကြပါတယ်။

(ဘန်​ကောက်မြို့အနီးရှိ နွန်ထဘူရီ​ကကျောင်းမှာ အသက် ၁၄ နှစ်အရွယ်​ကျောင်းသားပစ်ခတ်ခဲ့တဲ့​သေနတ် ။ဓါတ်ပုံ-ဘန်​ကောက်ပိုစ်

သီဟံ ရေးသားသည်။

အသက် ၁၄ နှစ်အရွယ်ကလေးတစ်ယောက် လက်ထဲက သေနတ်တစ်လက်ကြောင့် ထိုင်းနိုင်ငံမှာ လူ ၉ ဦး သေဆုံးခဲ့ပြီးတဲ့နောက် သေနတ်တွေ ဘယ်လောက်အထိလွယ်လွယ်ကူကူလက်လှမ်းမီနေသလဲဆိုတာနဲ့ နိုင်ငံအတွင်း လက်နက်တွေ ပျံ့နှံ့နေမှု အခြေအနေအပေါ် စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာကြပါတယ်။

ဒီဖြစ်ရပ်အပြီးမှာဝန်ကြီးချုပ်အနူတင်ချန်ဗီရာကူလ် (Anutin Charnvirakul)က သေနတ်ပိုင်ဆိုင်ခွင့်၊ဝယ်ယူခွင့်နဲ့ သယ်ဆောင်ခွင့် လိုင်စင်အသစ်တွေ ထုတ်ပေးတာကို ယာယီရပ်ဆိုင်းဖို့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ရဲတပ်ဖွဲ့ကို ညွှန်ကြားခဲ့ပါတယ်။ သေနတ်ထိန်းချုပ်ရေး ဥပဒေသစ်မပြဋ္ဌာန်းမချင်းဒီအစီအစဉ်ကို ဆက်ထားမယ်လို့လည်းအစိုးရဘက်က ပြောထားပါတယ်။

ဒါပေမဲ့ ဒီဖြစ်ရပ်ဟာ ကလေးတစ်ဦးရဲ့ လုပ်ရပ်တစ်ခုတည်း မဟုတ်ပါဘူး။ ထိုင်းနိုင်ငံမှာ သေနတ်တွေဘယ်လောက်အထိပျံ့နှံ့နေသလဲ၊ တရားမဝင်သေနတ်တွေကိုဘယ်လိုထိန်းချုပ်မလဲဆိုတဲ့ ပိုကြီးမားတဲ့ ပြဿနာကို ဖော်ထုတ်လိုက်တာပါ။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့သောကြာနေ့ကအသက်၁၄နှစ်အရွယ် ကလေးတစ်ဦးဟာ သူ့အဘိုးအဘွားနှစ်ဦးကို အိမ်မှာ ပစ်သတ်ပြီးနောက်ကျောင်းမှာ ဆရာ၊ ဆရာမ နဲ့ ဝန်ထမ်းတွေကို ဆက်လက်ပစ်ခတ်ခဲ့ပါတယ်။ဒဏ်ရာရခဲ့တဲ့အသက်၁၂နှစ်အရွယ် မိန်းကလေးတစ်ဦးလည်း နောက်ပိုင်းမှာ သေဆုံးခဲ့ပါတယ်။ ရဲတပ်ဖွဲ့အဆိုအရ အသုံးပြုခဲ့တဲ့ သေနတ်ဟာ သူ့အဘိုးပိုင် သေနတ်ဖြစ်ပါတယ်။

ဒီအချက်ကသေနတ်တွေကိုဘယ်လိုသိမ်းဆည်းထားသလဲ၊လူငယ်တွေလက်ထဲမရောက်အောင် ဘယ်လိုကာကွယ်ထားကြသလဲဆိုတာကိုပါ ပြန်ပြီး စဉ်းစားလာရပါတယ်။

ထိုင်းနိုင်ငံမှာ ဒီလိုဖြစ်ရပ်မျိုးက ပထမဆုံးတော့ မဟုတ်ပါဘူး။ ၂၀၂၃ ခုနှစ်ကလည်း အသက် ၁၄ နှစ်အရွယ် ကလေးတစ်ဦးက ဘန်ကောက်ဈေးဝယ်စင်တာမှာ လူနှစ်ဦးကို ပစ်သတ်ခဲ့ပါတယ်။ အဲဒီနောက် အစိုးရက သေနတ်လိုင်စင်နဲ့ တင်သွင်းမှုတွေကို တင်းကျပ်ခဲ့ပေမယ့် ပစ်ခတ်မှုတွေက ဆက်ရှိနေခဲ့ပါတယ်။

အဓိကပြဿနာကတော့ ဥပဒေတင်းကျပ်မှုနဲ့ လက်တွေ့အခြေအနေကြားကကွာဟချက်ပါ။ Small Arms Survey(လက်နက်ငယ်များဆိုင်ရာ သုတေသနအဖွဲ့)ရဲ့ ၂၀၁၇ ခုနှစ် အချက်အလက်အရထိုင်းနိုင်ငံမှာအရပ်သားပိုင် သေနတ်၁၀သန်းကျော်ရှိပြီး ၄ သန်းကျော်က မှတ်ပုံတင်ထားခြင်းမရှိတဲ့ သေနတ်တွေ ဖြစ်ပါတယ်။

ဒါကြောင့် လိုင်စင်အသစ်ထုတ်ပေးတာ ရပ်လိုက်ရုံနဲ့ ပြဿနာက ပြီးသွားမှာမဟုတ်ပါဘူး။ရှိပြီးသားတရားမဝင်သေနတ်တွေကို ဘယ်လိုပြန်လည်စုဆောင်းမလဲ၊ အွန်လိုင်းက သေနတ်ရောင်းဝယ်မှုတွေကို ဘယ်လိုတားဆီးမလဲ၊ အိမ်တွင်းမှာရှိတဲ့ သေနတ်တွေကို ဘယ်လိုလုံခြုံစွာ သိမ်းဆည်းစေမလဲဆိုတာက ပိုအရေးကြီးလာပါတယ်။

အစိုးရကတော့ တရားမဝင်သေနတ်တွေပြန်အပ်နိုင်ဖို့ သတ်မှတ်ကာလထားပေးဖို့၊ အွန်လိုင်းသေနတ် ရောင်းဝယ်မှုကို တင်းကျပ်စွာ နှိမ်နင်းဖို့ စီစဉ်နေပါတယ်။ ကျောင်းတွေမှာလည်း လုံခြုံရေး စစ်ဆေးမှုတွေ ပိုတင်းကျပ်ဖို့နဲ့ ကျောင်းသားတွေအတွက် စိတ်ကျန်းမာရေး အထောက်အပံ့တွေ တိုးမြှင့်ဖို့ ပြင်ဆင်နေပါတယ်။

နွန်ထဘူရီ (Nonthaburi) ဖြစ်ရပ်က သေနတ် ၁၀ သန်းကျော် ပျံ့နှံ့နေတဲ့ ထိုင်းနိုင်ငံမှာ ဥပဒေသစ်တွေ ထပ်ထုတ်ဖို့ထက် ရှိပြီးသားဥပဒေတွေကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ဖို့၊ သေနတ်တွေ ဘယ်လိုလက်လှမ်းမီနေသလဲနဲ့ ပိုင်ရှင်တွေက ကိုယ်ပိုင်သေနတ်တွေကို ဘယ်လောက်တာဝန်ယူပြီး လုံခြုံစွာ ထိန်းသိမ်းထားသလဲဆိုတာက ပိုအရေးကြီးနေပြီဆိုတာ ပြသနေပါတယ်။

သေနတ်တစ်လက်ကို ပိုင်ဆိုင်ခွင့်ရှိတာနဲ့အတူ အဲဒီသေနတ်အတွက် တာဝန်ယူမှုလည်း ရှိရမှာ ဖြစ်ပါတယ်။ ။

ကိုးကား – The Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြီးခဲ့တဲ့ သီတင်းပတ်က ဖြစ်ပွားခဲ့တဲ့ ကျောင်းတွင်း ပစ်ခတ်မှုကို အကြောင်းပြုပြီး ထိုင်းအစိုးရဟာ ပြည်တွင်းမှာ သေနတ် ကိုင်ဆောင်ခွင့် လိုင်စင် ထုတ်ပေးမှုတွေကို ဆိုင်းငံ့ထားလိုက်ပါတယ်။

နိုင်ငံတကာ

ကိုယ့်အိမ်မှာပဲကိုယ် အလုပ်လုပ်နေပေမယ့် ကျားဖြန့် အထင်ခံရပြီး ရဲက လာစစ်ဆေးတာ ကြုံတွေ့ခဲ့ကြောင်း ထိုင်းနိုင်ငံသား တစ်ဦးက လူမှုကွန်ရက်ပေါ်မှာ မျှဝေထားခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က အစိုးရ အိမ်တော်နားမှာ စုဝေးခဲ့တဲ့ ဆန္ဒပြသူ ၁၀၀ လောက်က နေရာကနေ ဖယ်ရှားပေးဖို့ ဆက်လက် ငြင်းဆိုနေဆဲ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ကုမ္ပဏီနဲ့ စီးပွားရေး လုပ်ငန်းတွေ ပိတ်သိမ်းမှု ပိုမို မြင့်တက်လာနေပြီး စီးပွားရေး လုပ်ငန်းကြီး တချို့ပါ အရှုံးပေါ်လို့ ပိတ်ရတဲ့ အခြေအနေတွေ ဖြစ်လာနေကြောင်း သိရပါတယ်။