ဩဂုတ်-၁၄၊၂၀၂၆၊ကတ်သရင်း/ People’s Spring
မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊ ထုံးကြီးကျေးရွာရဲစခန်းကနေ စစ်တပ်က ဒရုန်းနဲ့ ရေဘေးသင့်ကျေးရွာတွေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဆင်သေရွာက အမျိုးသမီး ၁ဦး ထိမှန် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဩဂုတ် ၁၁ရက်ကစတင်ကာ စစ်တပ်က စဉ့်ကူးမြို့နယ်အနောက်ခြမ်းက ရေဘေးသင့်ရွာတွေကို ဆက်တိုက် ဒရုန်းနဲ့ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဩဂုတ် ၁၄ ရက် ဒီကနေ့မနက် ၈နာရီကျော်မှာ စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတာကြောင့် ဆင်သေရွာက (၆၀) အရွယ် ဒေါ်ဝင်းမော် ထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement
မနေ့ကလည်း ဆင်သေရွာကို စစ်တပ်က ၃ကြိမ်ထပ်မနည်း ဗုံးကြဲခဲ့တယ်လို့ သိရပါတယ်။
“ဆက်တိုက်ကို ကြဲနေတာ။မနေ့က ဆင်သေ ရွာ ဘေးက ရွှေဘယက်ကိုလည်းကြဲတယ်။လေးလုံးချတာ။နွားတွေ ထိတယ်။လူ တွေဘေးတင်ချတာ။ကံကောင်းလို့လူ တွေလွတ်တာ။လက်နက်ကြီးကလည်းတအုန်းအုန်းပဲ”လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် စဉ့်ကူးမြို့နယ်၊ထုံးကြီးရွာနဲ့ ရွှေဂုံတိုင်ရွာတို့ကနေ ဒရုန်းနဲ့ ဗုံးကြဲနေသလို မတ္တရာမြို့နယ်ကနေ လည်း လက်နက်ကြီးတွေဆက်တိုက်ပစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စဉ့်ကူးမြို့နယ်နဲ့ မတ္တရာမြို့နယ်အနောက်ခြမ်းမှာ ဧရာဝတီမြစ်ရေတက်တာကြောင့် ကျေးရွာ၂၀ထက်မနည်း ရေနစ်မြှုပ်နေတာလို့ သိရပါတယ်။
ပြည်သူတွေ ရေဘေးသင့်နေချိန် မတ္တရာမြို့နယ်အတွင်းတပ်စွဲထားတဲ့ စစ်တပ်က လက်နက်ကြီးတွေ၊ ဒရုန်းတွေ နဲ့ ပစ်ခတ်ဗုံးကြဲနေလို့ စစ်ကိုင်းမြို့နယ်၊တောင်ရင်းကျေးရွာက အမျိုးသား ၁ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မန္တလေးတိုင်း၊မတ္တရာမြို့နယ်အနောက်ခြမ်း၊ သဖန်းဒေါင့်ရွာကနေ အနောက်ဘက်ကို စစ်တပ်က လက်နက်ကြီးတွေနဲ့ သြဂုတ် ၁၃ ရက် တစ်ရက်လုံး နီးပါးပစ်ခတ်နေပါတယ် ။ အဲဒီထဲကလက်နက်ကြီး ၄လုံးဟာ စစ်ကိုင်းမြို့နယ်၊ တောင်ရင်းရွာကိုကျရောက်ပြီးအသက် (၈၄)နှစ်အရွယ် ဦးစိန်မြိုင်ရဲ့ ခြေ
ထောက်မှာ ကျည်စထိမှန်ဒဏ်ရာ ရခဲ့တာဖြစ်ပါတယ်။
ဩဂုတ် ၁၁ရက်ကလည်း ရေဘေးသင့်နေတဲ့ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ကို စစ်တပ်ကဗုံးကြဲတာကြောင့်အမျိုးသမီး ၁ဦး ဒဏ်ရာရခဲ့ပြီး အိမ်မွေးတိရိစ္ဆာန်အကောင်၂၀ ကျော် သေဆုံးခဲ့ပါတယ်။


















































