ခိုင်မြတ်ရေးသားသည်။
စစ်တပ်ဗုံးကြဲတာကြောင့် သားငယ်ကိုဖက်ထားလျက်အကာအကွယ်ပေးဖို့ကြိုးပမ်းခဲ့ရင်းသေဆုံးနေတဲ့ သားအမိ နှစ်ဦးရဲ့ ဓါတ်ပုံက မြင်ရသူအပေါင်းကို ဝမ်းနည်းကြေကွဲစေပါတယ် ။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့ ဗုံးကြဲသတ်ဖြတ်မှုတွေ ၊အစုလိုက်အပြုံလိုက်သတ်ဖြတ်တဲ့ အနိဋ္ဌာရုံမြင်ကွင်းတွေ မကြာခဏကြုံရတာကြောင့် ပြည်သူတွေနှလုံးသားတွေ အကြိမ်ကြိမ် ကြေကွဲခဲ့ရတာကြောင့် ထုံကြင်နေတာတောင် ကျိန္တလီမြို့က မဖြိုးဖြိုးကျော်တို့သားအမိဓါတ်ပုံကမြင်ရသူအပေါင်းကို ဝမ်းနည်းဆို့နင့်စေခဲ့ပါတယ်။
“အပြစ်မရှိတဲ့ကလေးတွေဘဲ သေနေရတေ သူတို့တွေကလူတောင်မဖြစ်သေးဘူး”လို့ရခိုင်ပြည်သူတဦးကမှတ်ချက်ပြုပါတယ်။

Public Service Announcement
အာဏာသိမ်းစစ်တပ်ဟာဩဂုတ်လ ၁၃ ရက်နေ့ ည၊ ၁၀ နာရီခွဲအချိန်မှာ အာရက္ခတပ်တော်(AA) သိမ်းပိုက် ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်တောင်ပိုင်း ဂွမြို့နယ် ကျိန္တလီမြို့ပေါ် အမှတ်(၁)ရပ်ကွက် မေတ္တာပေါင်းကူးလမ်း ပေါ်ရှိ မဖြိုးဖြိုးကျော်တို့နေအိမ်အပါအဝင် နေအိမ်တွေကို ဂျက်ဖိုက်တာတစီးနဲ့ ဗုံးနှစ်လုံးကြဲချခဲ့တာပါ။
စစ်တပ်ကအားပြင်းလှတဲ့ဗုံးကိုကြဲချတာကြောင့် အသက် ၃၅ နှစ်အရွယ် ကိုမင်းဝေခန့် ၊ဇနီးဖြစ်တဲ့ အသက် ၃၆ နှစ်အရွယ် မဖြိုးဖြိုးကျော်တို့နဲ့သားငယ် နှစ်ဦးဖြစ်တဲ့အသက် ၁၂ နှစ်အရွယ် မောင်ဥာဏ်လင်းခန့် ၊အသက် ၇ နှစ်အရွယ်မောင်နေလင်းသန့်တို့မိသားစုတစုလုံးကွယ်လွန်ခဲ့ပါတယ် ။
အာဏာသိမ်းစစ်တပ်ကအပြစ်မဲ့အရပ်သားလူနေကျေးရွာ၊ ရပ်ကွက်တွေကိုပါမရှောင် မကြာခဏဗုံးလာကြဲတတ်တာမို့ မဖြိုးဖြိုးကျော်တို့ မိသားစုဟာ လေကြောင်းလာရင်အဆင်သင့်ပုန်းခို၊ ကာကွယ်နိုင်ဖို့အတွက် ဗုံးခိုကျင်းကို အိမ်အနီးမှာပဲ ကြိုတူး၊ ပြင်ဆင်ထားခဲ့ကြတာပါ။
သားကြီး၊ သားငယ်၊ အမျိုးသားဖြစ်သူတို့နဲ့ တနေ့တာ အနားယူ၊ အိပ်စက်ဖို့ လုပ်နေချိန်မှာပဲ လေယာဉ်သံ ကြားတဲ့အတွက်သားငယ် မောင်နေလင်းသန့်ကို ခါးမှာပိုက်၊သားကြီး မောင်ဉာဏ်လင်းသန့်ကိုလက်တွဲခေါ်ကာ ဗုံးခိုကျင်းထဲ အပြေးအလွှား ဝင်ပုန်းခဲ့ကြပါတယ်။
လေယာဉ်ကနေ ဗုံးကြဲမချခင် ဗုံးခိုကျင်းထဲ အချိန်မီရောက်ခဲ့ကြပေမယ့် သူတို့အသက်တွေ ဘေးမကင်းခဲ့ပါဘူး။ သူမတို့ မိသားစု ဗုံးခိုကျင်းထဲရောက်လို့ စက္ကန့်ပိုင်းအကြာမှာပဲ စစ်တပ်ရဲ့တိုက်ခိုက်ရေးဂျက်ဖိုက်တာကနေ ဗုံးနှစ်လုံး ကြဲချရာ နေအိမ်နဲ့ ဗုံးခိုကျင်းပေါ် ထိမှန်ပေါက်ကွဲသွားခဲ့ပါတော့တယ်။
“လေယာဉ်သံကြားလို့ ဗုံးတွင်းထဲကိုဆင်းသွားတယ်။ အဲဒီခါမှာ ဗုံးကျင်းကို တည့်တည့်ကျသွားတာ။ အဲဒီသားအမိ အလောင်းတွေဆိုရင် တွင်းထဲမှာ မြေမြုပ်ပြီးသားလို ဖြစ်သွားတာ တော်တော်သနားဖို့ကောင်းတယ်” လို့ကျိန္တလီဒေသခံကိုကျော်လင်း (လုံခြုံရေးကြောင့် အမည်လွှဲ)ကပြောပါတယ်။
မဖြိုးဖြိုးကျော်ဟာ ဗုံးခိုကျင်းထဲ သေဆုံးသွားချိန်မှာတောင် သူ့သားငယ်ကို ဖက်လျက်သား။ မသေဆုံးခင်လေယာဉ်သံ၊ ဗုံးကျသံတို့ကြောင့်မဖြိုးဖြိုးကျော်တို့သားအမိတွေ ဘယ်လောက်တောင်ကြောက်နေခဲ့ကြရှာမလဲမသိ။
“သေရေးကြုံလာတဲ့အခါတောင် အမေဆိုတာ သားသမီးကို ဘယ်လောက်ထိ ကာကွယ်ပေးလဲဆိုတာ မြင်ရတယ်။ ဘယ်လိုမှ မခံစားနိုင်ဘူး။ ငိုမိတယ်။ သား၊ သမီး ရှိတဲ့သူတွေဆို ကြည့်တောင် ကြည့်နိုင်မှာမဟုတ်ဘူး။ သူတို့တွေရက်စက်၊ယုတ်မာတာဒီဓါတ်ပုံတပုံတည်းနဲ့တောင်ပေါ်နေပြီ။စကားနဲ့တောင်မပြောချင်တော့ဘူး” လို့ ကျိန္တလီ ဒေသခံ မခိုင်ကပြောပါတယ်။
မခိုင်ပြောတဲ့ ဓါတ်ပုံဆိုတာ မဖြိုးဖြိုးအောင်တို့ မိသားစုဗုံးခိုကျင်းထဲဖက်လျက်သားသေဆုံးနေတာကို မှတ်တမ်း တင်ထားတဲ့ ဓါတ်ပုံကို ပြောတာဖြစ်ပါတယ်။ ဒီဓာတ်ပုံဟာ မြင်ရသူတိုင်းအတွက်အလွန်ကြေကွဲဝမ်းနည်းရပြီးအာဏာသိမ်းစစ်တပ်ဟာ ဘယ်လောက်တောင်မှ ရက်စက်ယုတ်မာတယ်ဆိုတာ အထင်းသား မြင်နိုင်တယ်လို့ သူမက ဆက်ပြောပါတယ်။
သူတို့မိသားစုလေးဦးအပြင် မဖြိုးဖြိုးကျော် ရဲ့ ညီမဖြစ်သူ အသက် ၂၆ နှစ်အရွယ်မဝင်းအိကျော်လည်း ဒဏ်ရာဗရပွနဲ့ သေဆုံးခဲ့ရပါတယ်။သူတို့ ၅ ဦးအပြင်အိမ်နီး ချင်းသုံးဦးစုစုပေါင်းလူရှစ်ဦးဟာ တနေ့တည်းတချိန်တည်းမှာပဲ စစ်တပ်ဗုံးကြဲမှုကြောင့် သေဆုံးခဲ့ရပါတယ်။ဒါ့အပြင် ပြည်သူတဦး ဒဏ်ရာရခဲ့ပါသေးတယ်။
“တချို့ဆိုရင် အလောင်းတောင် အပြည့်အစုံမရဘူး။ အသားစတွေ လိုက်ကောက်ရတယ်။ ဗုံးနှစ်လုံးချတာ ၈ ယောက်သေတယ်။ အကုန်လုံး အမျိုးတွေ၊ အိမ်နီးချင်းတွေ” လို့ ကျိန္တလီဒေသခံ ကိုကျော်က ပြောပါတယ်။
အိမ် ၇ လုံး၊ သုံးဘီးဆိုင် ကယ် တစီးပါး ပျက်စီးခဲ့ရပါတယ်။ကျိန္တလီမြို့ဟာ ဂွမြို့နဲ့ သံတွဲမြို့အကြားမှာတည်ရှိပြီးအရင်က လူဦးရေထူထပ်၊ စည်းကားခဲ့တဲ့ ဂွမြို့နယ်ရဲ့ မြို့နယ်ခွဲတခုဖြစ်ပါတယ်။
စစ်တပ်ဟာ ရခိုင်ဒေသမြို့နယ်တွေကို AA က သိမ်းပိုက်ပြီးနောက်ပိုင်း AA စခန်း၊ AA ရုံးတွေမရှိ၊ အရပ်သားတွေနဲ့ စစ်ဘေးရှောင်တွေသာရှိတဲ့ ကျိန္တလီမြို့ကို ဗုံးကြဲနေခဲ့တာဟာအကြိမ်ပေါင် ဆယ်ကြိမ်ကျော်လာပြီလို့ ဒေသတွင်း လူမှုရေးအဖွဲ့တွေရဲ့ အချက်အလက်တွေအရသိရပါတယ်။
“ကျိန္တလီကို AAကသိမ်းထားတယ်ဆိုပေမယ့် AA စခန်းလည်းမရှိ၊ ရုံးလည်းမရှိ၊စခန်းလည်းမရှိ၊ဘာမှကို မရှိဘူး။AA စခန်းရှိလို့ ကြဲတယ်ဆိုရင် ခံသာသေးတယ်။ အရပ်သားတွေပဲရှိတာ။ အရပ်သားမှာတောင် ရန်ကုန်တို့ဘာတို့ မပြေးနိုင်၊ ပိုက်ဆံမရှိလို့ ဆင်းဆင်းရဲရဲကျန်ခဲ့တဲ့သူတွေေ။ အပ်တိုတချောင်းမရှိတဲ့အရပ်သားတွေကို ဒီလိုကြဲနေတာ ကတော့ အရမ်းတရားလွန်အားကြီးတယ်” လို့ ဂွဒေသခံတဦးက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာAAပါဝင်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့အနက် ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက်တအာန်းတပ်(TNLA)နဲ့ ကိုးကန့်တပ်(MNDAA)တို့ကို တရုတ်ဖိအားနဲ့ အပစ်ရပ်စေခဲ့ပါတယ် ။ဒါပေမယ့် AAကတော့ အပစ်မရပ်ဘဲ ရခိုင်ပြည်နယ်မှာ သိမ်းဖို့နောက်ဆုံးကျန်နေတဲ့ စစ်တွေ၊ကျောက်ဖြူမြို့နယ်တွေ ၊ ရခိုင်ပြည်နယ်နဲ့ဆက်စပ်နေတဲ့ ဧရာဝတီတိုင်း ၊ပဲခူးတိုင်း ၊မကွေးတိုင်း က စစ်တပ်ထိန်း ချုပ်ဒေသတွေကိုပါ ဆက်လက်ထိုးစစ်ဆင်နေတာပါ ။ စစ်တပ်က တိုက်ပွဲတွေမှာ အထိနာလာရင် AAထိန်းချုပ်ရာ ရခိုင်ဒေသတွေကို ဗုံးကြဲတာတွေပိုလုပ်လေ့ရှိပါတယ်။
အခုဩဂုတ်လ ပထမနှစ်ပတ်အတွင်းမှာပဲ AAထိန်းချုပ်ရာရခိုင်နဲ့ ချင်းပြည်နယ်၊ပလက်၀မြို့တို့မှာ စစ်တပ်ရဲ့ဗုံးကြဲမှုကြောင့် ကလေးငယ်အပါအဝင် အရပ်သား ၃၆ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၃၇ ဦးထိရှိခဲ့ပြီဖြစ်ကြောင်း လူထုနွေဦးက စုဆောင်းထားတဲ့အချက်အလက်တွေအရသိရပါတယ်။ဒီအချက်အလက်တွေဟာ စစ်တပ်ရဲ့ ဗုံးကြဲမှုကြောင့် ရခိုင်ပြည်နယ်အတွင်း တရက်မှာ အရပ်သား နှစ်ဦးထက်မ နည်း သေဆုံးနေတယ်ဆိုတာကို ဖော်ပြနေတာပါ။
ဗုံးကြဲတဲ့အခါမှာလည်း စစ်တပ်ဟာ အရင်ကလိုမဟုတ်ဘဲ နေ့ စဉ်နီးပါး လေယာဉ်အုပ်လိုက်နဲ့ ဗုံးအလုံး ဆယ်ချီကြဲချ တိုက်ခိုက်မှု တွေလုပ်နေတာဖြစ်ပါတယ်။
အခုဆောင်းပါးရေးနေစဥ်မှာပဲ စစ်တပ်ကဩဂုတ် ၁၆ ရက် ၊မနက်၆နာရီ ၄၀ ခန့်မှာ သံတွဲမြို့ပေါ် တနေရာနဲ့ မနက်၆နာရီ ၅၀ ခန့်မှာ သံတွဲမြို့နယ်၊မောင်ရွှေလေးရွာအနီးဝန်းကျင်ကိုလေကြောင်းကနေဗုံးကြဲပြန်တာကြောင့် အသက် ၁၄နှစ်အရွယ် မိန်းကလေးငယ်နဲ့ ဖခင်ဖြစ်သူတို့ သေဆုံးခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်လာပါတယ်။
သံတွဲမြို့ပေါ် တိုက်ခိုက်ခံရမှုမှာသားအဖ ၂ဦး သေဆုံးခဲ့သလို ၂နှစ် ကလေးငယ် အပါအဝင် ၃ဦး ဒဏ်ရာရရှိကာ နေအိမ် ၇လုံး ပျက်စီးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် မောင်ရွှေလေးရွာလေကြောင်း တိုက်ခိုက်ခံရမှုမှာ ၃ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးထားပါတယ်။
အသက် ၁၄ နှစ်အရွယ် မချွန်းလဲ့ရွှေရည် နဲ့ အသက်၅၀ အရွယ် ဖခင်ဖြစ်သူ ဦမင်းနောင်တို့သေဆုံးခဲ့ရပြန်ပါတယ်။ဒါ့အပြင်အသက် ၂ နှစ်အရွယ် မောင်ရွှေမိုးယံဇော် နဲ့ အသက် ၄၅ နှစ်အရွယ် ဦးဇေယျာမင်းလွင်တို့ဒဏ်ရာအပြင်းအထန်ရခဲ့ပါတယ်။ဒါအပြင် အခြားပြည်သူ ၄ ဦး လည်း ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ် ။
စစ်တပ်ဟာ မဖြိုးဖြိုးကျော်တို့မိသားစုအပါအဝင်လူရှစ်ဦးသေဆုံးခဲ့ရတဲ့ ကျိန္တလီဗုံးကြဲမှုမတိုင်ခင်သုံးရက်အလိုဩဂုတ်လ ၁၀ ရက်နေ့ကလည်း ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့နယ် ကျောက်ကြီးရွာကို ဗုံးကြဲခဲ့ပြီး ၁၆ ဦးသေဆုံးခဲ့ပါတယ်။ အသက်အန္တရာယ်စိုးရိမ်ရသူတွေအပါအဝင် ထိခိုက်ဒဏ်ရာရသူ ၁၈ ဦးရှိခဲ့ပါတယ်။
မြေပြင်တိုက်ပွဲတွေတိုင်းမှာ အထိနာနေတဲ့ ဖက်ဆစ်အကြမ်းဖက်စစ်တပ်ဟာရှုံးမဲမဲတဲ့အနေနဲ့ အပြစ်မဲ့အရပ်သား ပြည်သူလူထုတွေအပေါ် နေ့ညအချိန်မရွေး လေကြောင်းကနေ အကြမ်းဖက်ဗုံးကြဲတိုက်ခိုက်မှုတွေကို နေ့စဉ် ရက် ဆက်ပြုလုပ်လာနေတာလို့ AA ကထုတ်ပြန်ပါတယ်။
စစ်တပ်ရဲ့ဗုံးကြဲမှုကြောင့် သေဆုံးရသူတွေဟာ ရခိုင်ပြည်နယ်တခုတည်းမှာ ရှိနေတာမဟုတ်ပါဘူး။ မြစ်ဝကျွန်းပေါ် ဒေသဧရာ၀တီတိုင်းကစလို့ အလယ်ပိုင်းအညာဒေသ၊ တောင်ပိုင်း၊ မြောက်ပိုင်း နဲ့ နိုင်ငံအနှံ့မှာ နေ့စဉ်ရက်ဆက်ရှိ နေတာဖြစ်ပါတယ်။
၂၀၂၆ ခုနှစ်ဩဂုတ်လ ၄ ရက်ည ဦးပိုင်းကလည်း ကရင်နီပြည် ၊ဖရူဆိုမြို့နယ်၊ ဒေါကူလယ်ရွာကို စစ်တပ်ကဒရုန်းဗုံးကြဲခဲ့တဲ့အတွက်အသက် ၅ လကျော်ပဲရှိသေးတဲ့ ကက်သရင်း နဲ့ ကလေးငယ်ရဲ့အဒေါ် ၊ဦးလေးတွေ နဲ့ အဖိုးဖြစ်သူ စုစုပေါင်း ၅ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့ပါတယ် ။
နိုင်ငံတကာပဋိပက္ခစောင့်ကြည့်လေ့လာရေးအဖွဲ့ ACLEDရဲ့ မှတ်တမ်းတွေအရ စစ်တပ်ကအရပ်သားပစ်မှတ်တွေကို လေကြောင်းကနေ တိုက်ခိုက်မှုဟာ ၂၀၂၁ ခုနှစ်မှာ ၉ ကြိမ်ရှိရာက ၂၀၂၅ ခုနှစ်မှာ ၁,၁၄၀ ကြိမ်အထိ တိုးလာခဲ့ပါတယ်။စစ်တပ်ဗုံးကြဲမှုကြောင့် အနည်းဆုံးလူပေါင်း ၄,၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ဖော်ပြပါတယ်။
ကုလသမဂ္ဂလူ့အခွင့်အရေးရုံးကလည်း ၂၀၂၅ သြဂုတ်လကနေ ၂၀၂၆ ဇန်နဝါရီလအတွင်း အရပ်သား ၇၀၂ ဦး သတ်ဖြတ်ခံရမှုကို အတည်ပြုထားပြီး၊ အဲဒီအထဲက ၅၀၅ ဦးဟာ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်သေဆုံးခဲ့ရလို့ဖော်ပြပါတယ်။အမျိုးသားညီညွတ်ရေး အစိုးရ၊လူ့အခွင့်အရေးဝန်ကြီးဌာနကစာရင်းတွေအရ ၂၀၂၁ ဖေဖော်ဝါရီလကနေ ၂၀၂၆ ဇွန်လအထိ စစ်တပ်ကလေကြောင်းတိုက်ခိုက်မှု ၁၂၈၉၆ ကြိမ်လုပ်ခဲ့ပြီး ပြည်သူ ၅၉၄၆ ဦးသေဆုံးခဲ့တယ်လို့ဖော်ပြပါတယ်။
စစ်တပ်နဲ့ စစ်တပ်ဝါဒဖြန့် လူမှုကွန်ယက်တွေကတော့ သြဂုတ် ၁၃ ရက် ကျိန္တလီမြို့ဗုံးကြဲမှုအပါအဝင် ဗုံးကြဲလို့ ပြည်သူတွေသေဆုံးထိခိုက်တိုင်း သေဆုံးသူတွေဟာပြည်သူတွေမဟုတ်ကြောင်း AA တပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ သတင်းအမှားထုတ်လွှင့်ပြီး ဝါဒဖြန့်ကပြည်သူကိုလိမ်လည်ကြပါတယ်။ နိုင်ငံတစ်ဝန်း လူမျိုး၊ဘာသာ၊တည်နေရာမရွေးစစ်တပ်ကဗုံးကြဲသတ်ပြီး ကလေးငယ်တွေအပါအဝင်ပြည်သူတွေသေဆုံးဒဏ်ရာရတိုင်းစစ်တပ်ဘက်က အဲဒီလိုပဲတုံ့ပြန်ကြပါတယ်။ မြေကျန်ရင်ရပြီ အကုန်ဗုံးကြဲသတ်ဆိုတဲ့ အမုန်းစကားအဆင့်ကျော်ကာ အန္တရာယ်စကားကိုပါ စစ်တပ်နဲ့ စစ်တပ်ထောက်ခံသူတွေက မြိန်ရည်ယှက်ရည်ရေးသားပြောဆိုကြတာပါ။
“စစ်သားလုပ်တယ်ဆိုတာက ယောကျာ်းမှာတောင်သတ္တိကောင်းတဲ့လူတွေမှလုပ်တဲ့အလုပ်ဖြစ်တယ်။ သတ္တိ ကောင်းတဲ့ယောကျာ်းကနေပြီးတော့ ယောကျာ်း၊ ယောကျာ်းချင်း ယှဉ်မတိုက်နိုင်တဲ့အခါ မိန်းမလို မိန်းမရနေပြီး တော့ ပြည်သူကို လာရောက်သတ်ဖြတ်တယ်ဆိုတာက တော်တော်အောက်တန်းကျတဲ့လူတွေ၊ အောက်တန်းကျတဲ့ အကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်ဖြစ်တယ်” လို့ ရခိုင်ဒေသခံ ပရိဟိတသမား စာရေးဆရာ ဝေဟင်အောင်က စစ် တပ်ရဲ့ အရပ်သားတွေအပေါ် ဗုံးကြဲမှုနဲ့ ပက်သက်လို့ ပြောပါတယ်။
စစ်တပ်က အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုတွေကြောင့် ထိခိုက်သေဆုံးမှုတွေ ဆက်တိုက် ဖြစ်ပေါ်နေရတာဟာအထူးစိုးရိမ်ဖွယ်ရာဖြစ်ပြီး အဲဒီအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း AA ရဲ့ လူသား ချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင် ရွက်ရေးရုံး(HDCO) က ထုတ်ပြန်ထားပါတယ်။
အဲဒီလို အရပ်သားပြည်သူတွေကို သတ်ဖြတ်နေတဲ့အပေါ် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အရေးတကြီးအာရုံ စိုက်ဖို့၊ အရပ်သားတွေကို ကာကွယ်ဖို့အတွက် ကြိုးပမ်းမှုတွေ ပိုမို အားကောင်းစေဖို့နဲ့ နိုင်ငံတကာလူသားချင်းစာနာ ထောက်ထားမှုဥပဒေချိုးဖောက်မှုတွေအတွက်အမှန်တကယ် တာဝန်ခံမှုရရှိစေရေး လုပ်ဆောင်ကြဖို့လည်း HDCO ကတိုက်တွန်းထားပါတယ်။
တိုက်ပွဲနဲ့မဆိုင်တဲ့ အရပ်သားပြည်သူတွေကို စစ်ရေးပစ်မှတ်သဖွယ် လေကြောင်းက အဆက်မပြတ် တိုက်ခိုက် နေ တာ တွေရပ်တန့်ဖို့၊ လေယာဉ်ပျံသံကြားတိုင်း “လေယာဉ်ကြီးရေ တာ့တာ” လို့ လက်ရမ်းပြကာ ကလေးငယ်တွေ ခုန်ပေါက်ပျော်ရွှင်ခွင့်ရစေဖို့ အာဏာသိမ်းစစ်တပ်ကို အပြစ်ပေး၊ အရေးယူ၊ အမြစ်ဖြတ်နိုင်ဖို့လိုတယ်လို့ ရခိုင်ပြည်နယ်မှဒေသခံ တွေက ပြောပါတယ်။
“အခုသေသွားတဲ့လူတွေအားလုံးက ဘာမှအပစ်မရှိတဲ့သူတွေ၊ သူတို့ မိသားစုဆိုရင်လေ သေအတူ ရှင်မ ကွာနေရပါစေလို့များ ဆုတောင်းခဲ့ကြလားမသိပါဘူး။ အရမ်းရင်နာဖို့ကောင်းပါတယ်။ဘဝဆက်တိုင်းဒီလိုအဖြစ် မျိုးနဲ့ မကြုံကြရပါစေနဲ့လို့ဆုတောင်းမိတယ်”လို့ကျိန္တလီဒေသခံ မခိုင်ကဖွင့်ဟပါတယ်။
မဖြိုးဖြိုးကျော် နဲ့ သားငယ်မောင်နေလင်းသန့်တို့ရဲ့ ဓါတ်ပုံကိုကြည့်ရင်း ရက္ခိုင်တိုင်းရင်းသားတစ်ဦးက စစ်တပ်ရဲ့ယုတ်ညံမှုအပေါ်အခုလိုမှတ်ချက်ပြုပါတယ် ။
“ရင်နာဖို့ကောင်းလိုက်တေ လူသားချင်းစာနာမူဆိုစာတေသူရို့မှာ အမိမွေးကတည်းကမပါလား ယုတ်မာခိုက်တေကား” ။


















































