သြဂုတ်-၁၇၊၂၀၂၆။People’s Spring
မြန်မာ-ထိုင်းနယ်စပ်က မြဝတီမြို့နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး အာဏာသိမ်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေကြောင်း ထိုင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
ဩဂုတ် ၁၇ ရက် မနက်ပိုင်းမှာထိုင်းသတင်းဌာန Khasodကတက်ခ်ပြည်နယ်နဲ့ ထိစပ်ရာ မြန်မာဖက်ခြမ်းမှာတိုက်ပွဲတွေအရှိန်မြင့်တက်နေသလို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ၊လေကြောင်းကနေ ရိက္ခာနဲ့တခြားပစ္စည်းတွေ ချပေးတာတွေ လုပ်နေတယ်လို့ ရေးသားဖော်ပြထားပါတယ်။
မဲဆောက်နဲ့ ဖုတ်ဖရ ခရိုင်တို့ရဲ့တစ်ဖက်ခြမ်း မြဝတီမြို့နယ်ထဲမှာ စစ်တပ်ဟာ ကရင် တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားရာ ခြေကုပ်စခန်းတွေကို သိမ်းယူနိုင်ဖို့ လက်နက်ကြီး၊ လက်နက်ငယ်တွေ အသုံးပြု ထိုးစစ်ဆင်နေတယ်လို့ ဆိုပါတယ်။

Public Service Announcement
တိုက်ပွဲတွေ ပြင်းထန်နေတာနဲ့အမျှ လက်နက်ကြီး ကျည်တချို့လည်း ထိုင်းပိုင်နက်ဖက် လမ်းချော်ကျရောက်ခဲ့ပြီး ဘန်ဟွေမဟာဝန်မှာ လူနေအိမ်တွေကို ထိမှန်ခဲ့ကြောင်း သိရပါတယ်။ ဒါပေမဲ့ ထိခိုက်ဒဏ်ရာရသူတော့ မရှိခဲ့ပါဘူး။ နယ်စပ်နားက တိုက်ပွဲတွေအတွင်း အဲဒီဧရိယာဟာ အရင်ကလည်း လမ်းချော်လာတဲ့ ကျည်တွေ၊ လက်နက်ကြီးကျည်တွေ ကျရောက်တာ ကြုံခဲ့ဖူးပါတယ်။
Khasodရဲ့ အဆိုအရ မြန်မာစစ်တပ်ဟာ မြေပြင်ထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်းတွေ ကြားဖြတ် တိုက်ခိုက်ခံရမှာ စိုးရိမ်တဲ့အတွက် ရှေ့တန်းကတပ်တွေဆီကို လေကြောင်းကနေ စစ်လက်နက်နဲ့ ရိက္ခာတွေ လေထီးနဲ့ ချပေးနေကြောင်းလည်း သိရပါတယ်။
မြဝတီမြို့တောင်ဘက်က ဖလူး၊မင်းလက်ပံဒေသကို စစ်တပ်က ထိန်းချုပ်နိုင်ဖို့ ဇူလိုင်ဘကတည်းက စတင်ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် စစ်တပ်စစ်ကြောင်းတွေ ကို KNLA ၊ PDF နဲ့ ပူးပေါင်းတပ်တွေက ဖျက်တောက်ပိတ်ဆို့တိုက်ခိုက်တာကြောင့် အကြိမ်ကြိမ်တပ်လန်ပြီး ရှေ့မတိုးနိုင်ဘူးလို့ ဒေသတွင်း စစ်ရေးရင်းမြစ်တွေက ပြောပါတယ် ။
ကိုးကား-Khaosod


















































