သြဂုတ် ၁၈၊၂၀၂၆။သုည/People’s Spring
UFC ရဲ့ ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်ပိုင်ရှင် ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်ဟာ လာမယ့် ချန်ပီယံကာကွယ်ပွဲမှာ ဘရာဇီးဖိုက်တာ ပန်တိုဂျာကို ပွဲချိန် ၃ချီအတွင်း အလဲထိုးပြီး ပွဲသိမ်းမယ်လို့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ဂျိုရှုအာဗန်နဲ့ ပန်တိုဂျာ တို့ဟာ လာမယ့် စက်တင်ဘာ ၁၉ ရက် အမေရိကန်နိုင်ငံမှာ ကျင်းပမယ့် UFC-331 ပြိုင်ပွဲရဲ့ Main Event (အဓိကခေါင်ပွဲ) အဖြစ် ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်ကာကွယ်ပွဲ ထိုးသတ်မှာ ဖြစ်ပါတယ်။
“ခေါင်ပွဲ ကစားရတဲ့အတွက် အရမ်းပျော်ပါတယ်။ ကျွန်တော်က ပွဲခပ်စိပ်စိပ် ကစားချင်တယ်။ နေ့တိုင်းလေ့ကျင့်ဖြစ်မှတော့ ပွဲခပ်စိပ်စိပ် ဘာလို့ မကစားနိုင်ရမှာလဲ။ အဲဒါက ကျွန်တော့်ရဲ့ ခံယူချက်ပဲ။ ပထမပွဲတုန်းက ကျွန်တော် သူ့ကို နိုင်တယ်။ ဒီပွဲလည်း သူ့ကို ထပ်အနိုင်ယူမယ်။ ၃ ချီအတွင်း သေချာပေါက်ပွဲသိမ်းမယ်။ ပထမပွဲတုန်းက ပြောခဲ့သလိုပဲ ပထမပွဲတုန်းက သူ့ကို ၃ ချီအတွင်း ပွဲသိမ်းမယ်လို့ ပြောခဲ့တာပဲ ဒီပွဲလည်း အဲဒီ့အတိုင်းပဲ ဒီလိုပဲ ပွဲသိမ်းနိုင်မှာပါ” လို့ ဂျိုရှုအာဗန်က ဆိုပါတယ်။

Public Service Announcement
ဂျိုရှုအာဗန်နဲ့ ပန်တိုဂျာတို့ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာလအတွင်းက ပထမအကြိမ်တွေ့ဆုံခဲ့ဖူးပြီး အဲဒီ့ပွဲမှာ ပထမအချီ စက္ကန့်ပိုင်းအတွင်း ဗန်က အလဲထိုးနဲ့ အနိုင်ရကာ ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ် ရရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီပွဲမှာ ပထမအချီ စက္ကန့်ပိုင်းမှာတင် ဂျိုရှုအာဗန်ရဲ့ တွန်းထိုးမှုကြောင့် ပန်တိုဂျာမှာ ပြုတ်ကျခဲ့ပြီး လက်ဒဏ်ရာရရှိခဲ့လို့ ဆက်မထိုးသတ်နိုင်တာကြောင့် ဗန်က အနိုင်ရရှိကာ ချန်ပီယံဖြစ်သွားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် UFC က ချန်ပီယံဟောင်း ပန်တိုဂျာအား အခွင့်အရေး ပေးတဲ့အနေနဲ့ ချန်ပီယံခါးပတ် ပြန်လည်စိန်ခေါ်ခွင့်ပေးကာ ဂျိုရှုအာဗန်နဲ့ ပွဲပြန်တည်ပေးခဲ့တာပါ။
ဗန်နဲ့ ထိပ်တိုက်တွေ့ပြီး ချန်ပီယံနောက်တစ်ကြိမ်ဖြစ်ခွင့်ကို ရယူသွားမှာပါ လို့ ပန်တိုဂျာကလည်း ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ဘရာဇီးဖိုက်တာ ပန်တိုဂျာက “ကျွန်တော်က သတင်းစာရှင်းလင်းပွဲ တက်ရတာထက် သံဆန်ခါထဲမှာ ကစားရတာကို ပိုအားသန်တယ်။ ချန်ပီယံဟောင်းနဲ့ ချန်ပီယံအသစ် ကစားကြမယ့်ပွဲ ချန်ပီယံ နှစ်ယောက် ကစားကြမှာဆိုတော့ ကျွန်တော့်အတွက် တကယ့် စိန်ခေါ်မှုကောင်းပဲ။ ကစားသမားဘ၀တလျှောက် အခက်အခဲဆုံး အစမ်းသပ်ခံပွဲ ဖြစ်ချင်တယ်။ ဗန်နဲ့ ထိပ်တိုက်တွေ့ချင်တယ်။ စက်တင်ဘာ ၁၉ ရက်ကျရင် သူနဲ့ဆုံမယ်။ ချန်ပီယံနောက်တကြိမ်ဖြစ်ခွင့်ကို အမိအရ ယူချင်တယ်” လို့ ဆိုပါတယ်။
ဂျိုရှုအာဗန်ဟာ ပန်တိုဂျာကို အနိုင်ရကာ ချန်ပီယံခါးပတ်ရရှိပြီးနောက် ပထမဆုံးချန်ပီယံကာကွယ်ပွဲအဖြစ် ပြီးခဲ့တဲ့မေလအတွင်းက ဂျပန်ဖိုက်တာ တက်ဆူရိုနဲ့ ထိုးသတ်ခဲ့ရာ ငါးချီမြောက်မှာ ဒိုင်ပွဲရပ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ အခုလာမယ့် ပန်တိုဂျာနဲ့ ပွဲစဉ်ဟာ ဗန်အတွက် ဒုတိယအကြိမ်မြောက် ချန်ပီယံကာကွယ်ပွဲအဖြစ် ထိုးသတ်ရမှာပဲ ဖြစ်ပါတယ်။


















































