Connect with us

Hi, what are you looking for?

သတင်း

မိတ္ထီလာ နဲ့ နေပြည်တော်ကလာတဲ့ စစ်ကားအစီး ၁၅၀ ​ကျော် ပြည်မြို့ကို​ရောက်

အ​နောက်သို့ဆက်သွားရင်ပန်းတောင်း၊ဥသျှစ်ပင်ဘက်သို့​​ရောက်ပြီး ​တောင်ဘက်သွားရင်ဧရာဝတီတိုင်းထဲ​ရောက်မယ်

(၂၀၂၆ ​မေလမှာ စစ်ကိုင်းတိုင်းကိုဖြတ်၍ကချင်ပြည်နယ်သို့စစ်တပ်ကားတန်း​တွေသွား​နေစဥ်။မြစ်ကြီးနားမြို့ရှိ မပခသို့သွားတဲ့စစ်တပ်ယာဥ်တန်းမှာကားအစီး​ရေရာချီပါ​ပေမယ့်ကား​ပေါ်မှာ ကားတစ်စီးစစ်သား ၄ ဦး ၊၅ ဦးသာပါတယ်လို့​ဒေသခံ​တွေက​ပြောပါတယ်)

ဩဂုတ်-၂၀၊၂၀၂၆။ဖိုးသား/People’s Spring

မိတ္ထီလာမြို့ နဲ့ နေပြည်တော်ကလာတဲ့စစ်ကားအစီးရေ ၁၅၀ ကျော်ပါတဲ့စစ်တပ်ယာဉ်တန်းဟာ ပဲခူးတိုင်းပြည်မြို့ကိုရောက်ရှိပြီလို့ မကွေးတိုင်းပြည်သူ့ကာကွယ်​ရေးအဖွဲ့(မ​ကွေးတိုင်းပကဖ)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

အဲဒီစစ်ယာဉ်တန်းက အာရက္ခတပ်တော် AA နဲ့ တိုက်ပွဲတွေ ဖြစ်နေတဲ့ နေရာတွေကို စစ်ကူပို့ဖို့ ဖြစ်တယ်လို့ မကွေးတိုင်းပကဖ ပြန်ကြားရေးတာ၀န်ခံကသုံးသပ်ပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့တပ်မ (၅၅) နဲ့ ရဲတပ်ရင်းတွေပါတဲ့ ကားအစီးရေ ၁၂၆ စီးက သြဂုတ် ၁၉ ရက်ညနေ ၅ နာရီခွဲမှာ မကွေးမြို့ကို စတင်၀င်ရောက်လာပြီး မကွေးလေတပ်၊ ခမရ – (၃၁၇) နဲ့ အမှတ် (၅၀၁၃) တင့်ကားတပ်ရင်းတွေမှာဖြန့်ခွဲအနားယူခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက်သြဂုတ်၂၀မနက်မှာမကွေး-သစ်ရာကောက် – ကိုးပင်လမ်းအတိုင်းထွက်ခွာခဲ့ပြီး ကိုးပင်ရဲစခန်းရှေ့မှာခေတ္တနားကာ နေပြည်တော်ဘက်ကလည်းလာတဲ့ ခဲ၊ ယမ်း တင် ကားအစီးရေ (၃၀) ပါ ယာဉ်တန်းကို စောင့်ဆိုင်းပြီး အစီးရေ (၁၅၀) ကျော်နဲ့ အောင်လံမြို့ဘက်ကိုဆက်လက်ထွက်ခွာခဲ့တယ်လို့ အသိပေးပါတယ်။

သရက်ခရိုင်၊အောင်လံမြို့ကိုဖြတ်ပြီးတောင်ဘက်ကိုဦးတည်ခဲ့ကာ လက်ရှ်ိ( ဩဂုတ် ၂၀ ရက်၊ ည ၇ နာရီ၀န်းကျင်) ပဲခူးတိုင်း၊ ပြည်မြို့ကို ရောက်ရှိနေတယ်လို့ ဖော်ပြပါတယ်။

“ပြည်ကနေ အနောက်ဆို ပန်းတောင်း၊ ဥသျှစ်ပင်ဘက်ပါ။တောင်ဘက်ဆက်သွားမယ်ဆို ဧရာ၀တီတိုင်းထဲရောက်မှာ။ကြံခင်း၊မြန်အောင်ဘက်ပေါ့”လို့ မကွေး ပကဖ ပြန်ကြားရေးတာ၀န်ခံကလူထုနွေဦးကို ပြောပါတယ်။

စစ်ယာဉ်တန်းရဲ့လမ်းကြောင်းတလျှောက် သတင်းကို မကွေးတိုင်း အနှံ့ ဖြန့်ကျက် လှုပ်ရှားနေတဲ့ မြို့နယ်၊ခရိုင်ပကဖရဲဘော်တွေနဲ့ မန္တ‌လေးတိုင်း၊ မိတ္ထီလာမြို့နယ်ပကဖ နဲ့ ပကဖ ရဲဘော်တွေက ထောက်လှမ်းပေးပို့ထားတာလို့ သိရပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်း၊ပန်းတောင်းမြို့နယ်မှာ အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်တွေနဲ့ အာဏာသိမ်းစစ်တပ်စခန်း​တွေကိုထိုးစစ်ဆင်တိုက်ခိုက်နေတာတစ်နှစ်ကျော်ရှိပြီဖြစ်ပါတယ်။

လက်နက်နဲ့ ယမ်းထုတ်လုပ်ရေးစက်ရုံတွေရှိနေတာ အပြင် ‌ရခိုင်ပြည်နယ်အတွက်လည်း ပန်းတောင်းဒေသက စစ်ရေးအရ ဗျူဟာမြောက်နေရာလို့ စစ်ရေးသတင်းရင်းမြစ်တချို့က သုံးသပ်ထားပါတယ်။

အာရက္ခတပ်တော်(AA) နဲ့ မဟာမိတ်တပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ပဲခူးတိုင်း၊ပန်းတောင်းမြို့နယ်ထဲက အမှတ် (၁၆)ကာကွယ်​ရေးပစ္စည်းစက်ရုံ (ကပစ-၁၆) ကိုဦးတည်တဲ့ တိုက်ပွဲတွေဟာ ပြီးခဲ့တဲ့ဇူလိုင်လလယ်မှာ ပိုပြင်းထန်လာပြီး စစ်တပ်အထိနာနေပါတယ်။

ကပစ(၁၆)ဟာ ပန်းတောင်းမြို့နယ်၊မသုံးကျေးရွာအနီးမှာ ရှိပါတယ်။ ယမ်းချက်ပြီး ဗုံးသီးတွေ အဓိကထုတ်တဲ့ အဲ့ဒီစက်ရုံဟာ ပန်းတောင်းမြို့နဲ့ ၂၅ မိုင်ခန့်အကွာမှာ ရှိတာပါ။ကပစ(၁၆)ကို AAနဲ့ မဟာမိတ်တွေက ပြီးခဲ့တဲ့ ဇန်နဝါရီလကစပြီး ဦးတည်တိုက်ခိုက်ခဲ့တာပါ။စစ်တပ်က အမှတ်(၁၀) စစ်ဆင်​ရေးကွပ်ကဲမှုဌာနချုပ် (စကခ -၁၀) လက် အောက်ခံ ခြေမြန်တပ်ရင်းတွေဖြစ်တဲ့ ခမရ (၃၆၃)၊ ခမရ(၃၆၄)၊ ခမရ(၃၆၆)၊ ခမရ(၃၆၉) တပ်တွေအပြင် စစ်မှုထမ်းသင်တန်းဆင်းတွေအများအပြားပို့ပြီး ခုခံခဲ့တာပါ။

ထိုးစစ်စတင်တဲ့ ဇန်နဝါရီလထဲမှာပဲ ကပစ(၁၆) ရဲ့ ကာကင်း ၆၆၆ ပွိုင့်ကုန်းနဲ့ မေလထဲကတိုက်ပွဲတွေမှာ ပွိုင့် ၅၀၀ကုန်းရဲ့ ကာကင်းစခန်း အချို့ကို ​တော်လှန်​ရေးတပ်​တွေကသိမ်းယူခဲ့ပါတယ်။၆၆၆ပွိုင့်ကုန်းစခန်းသိမ်းတိုက်ပွဲအတွင်း စကခ-၁၀ ရဲ့ စကခမှူး ဗိုလ်မှူးကြီးဟန်လင်းအောင် သေဆုံးခဲ့ပြီး စစ်သုံ့ပန်းတွေကိုလည်း ဖမ်းမိခဲ့ပါတယ်။

လက်ရှိမှာ စကစ(၁၆)အနီးနဲ့ ရခိုင်-ပဲခူးနယ်စပ်စစ်မျက်နှာအပြင် ရခိုင်ပြည်နယ်နဲ့မကွေးတိုင်းနယ်စပ် ဖြစ်တဲ့ ငဖဲမြို့နယ်၊ နတ်ရေကန်ဗျူဟာ၊ ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းနယ်စပ်ဖြစ်တဲ့ရွှေသောင်ယံ၊သာ‌ပေါင်း၊ ရေကြည်၊ လေးမျက်နှာမြို့နယ်တွေမှာတိုက်ပွဲတွေပြင်းထန်နေပြီးစစ်တပ်အထိနာ​နေတယ်လို့စစ်​ရေးသတင်းရင်းမြစ်​တွေက​ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် တကောင်းမြို့အနီးမှာ စစ်တပ်ယာဉ်တန်းကို မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်(MDY PDF)က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မလှိုင်မြို့နယ်တောင်ဘက်ပိုင်းကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မိတ္ထီလာ-‌ ကျောက်ပန်းတောင်းလမ်းပိုင်းကို အင်အားဖြည့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ ဆိုင်ကယ်ကိုရှောင်ရင်း အိမ်စီးကားတစ်စီး တိမ်းမှောက်ခဲ့ပြီး သံဃာတစ်ပါးနဲ့ လူ ခြောက်ဦး စိုးရိမ်ဒဏ်ရာရရှိခဲ့တယ်လို့ ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းက အသိပေးထားပါတယ်။

သတင်း

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှာ မိုးကြီးပြီး မြို့ပေါ်ရပ်ကွက်အချို့နဲ့ ဆေးရုံကို တောင်ကျရေတွေနဲ့ ရွှံ့နွံတွေစီးဝင်လာတဲ့အတွက် လူနာတွေနဲ့ဒေသခံတွေကိုအရေးပေါ်ရွှေ့ပြောင်းခဲ့ရပါတယ်။