ဗေဒါ/People’s Spring
ဗုဒ္ဓဘာသာမှာ ကပ်ကြီး သုံးပါးဆိုတာ ရှိပါတယ်။ ဒုဗ္ဘိက္ခန္တရကပ်၊ သတ္ထန္တရကပ်၊ ရောဂန္တရကပ်တဲ့။ အဓိပ္ပါယ်ကတော့ အများသိပြီးသား ငတ်မွတ်ခေါင်းပါးခြင်းဆိုတဲ့ ဒုဗ္ဘိက္ခန္တရကပ်၊ စစ်မက်ဘေး၊ အချင်းချင်း သတ်ဖြတ်ခြင်းဆိုတဲ့ သတ္ထန္တရကပ်၊ ကူးစက်ရောဂါဘေးဆိုတဲ့ ရောဂန္တရကပ်တွေပါ။
ကျနော်တို့ပထမဆုံး စတင်ရင်ဆိုင်ခဲ့ရတာက ရောဂန္တရကပ်ပါ။၂၀၂၀ ပြည့်နှစ်က တစ်ကမ္ဘာလုံးဆိုင်ရာ ကပ်ဘေးတစ်ခုဖြစ်တဲ့ ကိုဗစ်ရောဂါဆိုးကြီး ကျနော်တို့နိုင်ငံကိုလည်း ရောက်ရှိလာခဲ့ပါတယ်။ ကိုဗစ် ပထမလှိုင်းနဲ့ ဒုတိယလှိုင်းတွေမှာ အဲဒီအချိန်က အုပ်ချုပ်တဲ့ NLD အစိုးရအစီအမံနဲ့ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုတွေကြောင့် တခြားနိုင်ငံတွေနည်းတူ အသေအပျောက်ရှိပေမယ့် ဆိုးဆိုးရွားရွားကြီး ဖြစ်မသွားခဲ့ပါဘူး။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးချိန်မှာတော့ ကိုဗစ်တတိယလှိုင်းက ဝင်ဆောင့်ပါပြီ။ စစ်တပ်က နိုင်ငံဘအာဏာလုရေးကိုပဲ စိတ်ဝင်စားခဲ့တာကြောင့်ပြည်သူတွေကိုဗစ်ကြောင့် အဖိတ်အစင် များခဲ့ရတယ်။ စစ်တပ်သာအာဏာမလုခဲ့ရင်ပြည်သူတွေအဲလောက် မဆုံးရှုံးနိုင်ဘူး။

Public Service Announcement
စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ ဒီကနေ့အထိ ပြည်သူတွေ နောက်ထပ်ရင်ဆိုင်နေရတာက သတ္ထန္တရကပ်ပါ။တိုက်ပွဲတွေကြားညပ်လို့သေတဲ့ပြည်သူထက် အာဏာသိမ်းစစ်တပ်က တမင်ကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်လို့ သေဆုံးခဲ့ရတဲ့ပြည်သူတွေက ထောင်သောင်းချီရှိခဲ့တယ်။ ဒီကနေ့အထိလည်း ရှိနေဆဲပဲ။
ဒီကြားထဲမှာလည်း သဘာဝဘေးဆိုးအမျိုးမျိုး ကြုံနေရပါတယ်။ စစ်ကိုင်းငလျင်ကြီးဆိုမြန််မာ့သမိုင်းတလျှောက် လူသေဆုံးပျက်စီးဆုံးရှုံးမှု အများဆုံး စံချိန်တင်ပြီးကြုံလိုက်ကြရတယ်။ အပျက်အစီးပုံတွေရဲ့အောက်မှာကူပါကယ်ပါတစာစာ အကူအညီတောင်းခံပေမယ့် အာဏာသိမ်းစစ်တပ်က ပြည်သူတွေကယ်ဖို့ထက် ဗုံးကြဲဖို့ ၊ငလျင်အကြောင်းပြုနိုင်ငံရေးအမြတ်ထုတ်ဖို့ပဲ လုံးပမ်းနေတာကြောင့်အဖိုးတန်အသက်တွေအများကြီးဆုံးရှုံးခဲ့ရတယ် ။
ဒီကြားထဲ မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး နှစ်စဥ် မပျက်မကွက် ခံနေကြရတယ်။ သူခိုးဓါးပြဘေးကလည်း ပေါမှပေါ။ ဒီခေတ်လောက် ရန်သူမျိုးငါးပါးဘေးစုံတာ ရှိပါဦးမလား။ မကြားဖူးတဲ့ လူသေဆုံးမှုတွေ၊ သတ်ဖြတ်မှုတွေ နေ့စဥ် ကြုံနေကြရတယ်။ လက်ရှိလည်း ရေဘေးကြောင့် စစ်ကိုင်း၊ မကွေး၊ ဧရာဝတီ စတဲ့ဒေသတွေမှာ လူပေါင်းသိန်းချီရေဘေးသင့်နေတယ်။ စိုက်ပျိုးသီးနှံပေါင်း ဧကသိန်းချီ ပျက်စီးတယ်။
ငတ်မွတ်ခေါင်းပါးတဲ့ ဒုဗ္ဘိက္ခန္တရကပ်ကလည်း လာနေပါပြီ။
မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ၊ နေရပ်စွန့်ခွာရမှုတွေ၊ စီးပွားရေးကျပ်တည်းမှု၊ စားနပ်ရိက္ခာဈေး နှုန်းမြင့်တက်မှုတွေနဲ့ ထပ်ခါတလဲလဲဖြစ်ပေါ်နေတဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် လူဦးရေ ၁၂ ဒသမ ၄ သန်းခန့် ဆာလောင်မွတ်သိပ်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ ကုလ သမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က သတိပေးထားတယ်။
စစ်တပ်အာဏာသိမ်းတာကကော ဒီကပ်တွေကို ပိုပြီးဆိုးသွားစေပါသလားလို့မေးလာရင် ဟုတ်ပါတယ်လို့ ဖြေရမှာပါ။
နံပါတ် တစ်အချက်။ အရေးပေါ် တုံ့ပြန်နိုင်စွမ်းနဲ့ ကြိုတင်ပြင်ဆင်မှု အားနည်းသွားပါတယ်။ အာဏာသိမ်း စစ်တပ်ဟာ လူထုအကျိုးပြု လုပ်ငန်းတွေ၊ သဘာဝဘေး ကြိုတင်ပြင်ဆင်ရေးနဲ့ ကျန်းမာရေးစနစ်တွေထက် စစ်တိုက်ဖို့ ၊ဗုံးကြဲဖို့ နဲ့ သူတို့လုံခြုံရေးပိုင်းကိုသာ အဓိက ဦးစားပေး သုံးစွဲလာကြပါတယ်။
သတင်းအချက်အလက် ပွင့်လင်းမြင်သာမှုမရှိတော့ပါဘူး။ ဘေးအန္တရာယ်တစ်ခု ကျရောက်တော့မယ် သို့မဟုတ် ရောဂါပိုးမွှား ကူးစက်ပျံ့နှံ့နေပြီဆိုတဲ့ အချက်အလက်တွေကို အချိန်မီ ထုတ်ပြန်ပေးဖို့ ပျက်ကွက်တာ၊ ဖုံးကွယ်တာတွေကြောင့် ပြည်သူတွေအနေနဲ့ ကြိုတင်ကာကွယ်မှုတွေ အချိန်မီ မလုပ်နိုင်ကြတော့ပါဘူး။ အနီးစပ်ဆုံး ဥပမာပေးရရင် စစ်ကိုင်းတိုင်းရေဘေးဖြစ်စေခဲ့တဲ့သဖန်းဆိပ်ဆည်က ရေဖောက်ချမယ်ဆိုတာကို အာဏာသိမ်းစစ်တပ်က ပြည်သူကို လုံးဝ ကြိုတင်အသိပေးတာ မရှိခဲ့ပါဘူး။
နံပါတ် ၂အချက်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်ဖို့ ခက်ခဲသွားပါတယ်။လမ်းပန်းဆက်သွယ်ရေးနဲ့ လုံခြုံရေး အတားအဆီးတွေကြောင့် ပဋိပက္ခဒေသတွေနဲ့သဘာဝဘေးဒဏ်(ဥပမာ- ရေကြီးတာ၊ မုန်တိုင်းတိုက်တာ) ခံရတဲ့နေရာတွေကို နိုင်ငံတကာ အကူအညီတွေ၊ ဒေသန္တရ လူမှုကူညီရေးအသင်းအဖွဲ့တွေ သွားရောက်ကူညီဖို့ အဟန့်အတားတွေ များပြားစေပါတယ်။ စစ်ကိုင်းရေဘေးမှာဆိုရင် စစ်တပ်က တားမြစ်ထားလို့ ရေဘေးအကူအညီတွေ ရောက်သင့်သလောက်မရောက်ခဲ့ပါဘူး။
ဒုက္ခသည်နဲ့ အိုးအိမ်စွန့်ခွာရသူတွေ မြင့်တက်လာစေခဲ့ပါတယ်။ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူတွေနဲ့ စစ်ဘေးရှောင်တွေ တိုးပွားလာတာဟာ ကျပ်တည်းတဲ့ အခြေအနေမှာ ကပ်ဘေးဒဏ်ကို ပိုမိုခံရလွယ်စေပြီး ကျန်းမာရေးနဲ့ စားနပ်ရိက္ခာ အကျပ်အတည်းတွေကိုပါ ဆက်စပ်ဖြစ်ပေါ်စေပါတယ်။
နံပါတ် ၃ အချက်။ ကျန်းမာရေးနဲ့ စီးပွားရေးစနစ်ပြိုလဲသွားတာပါ။နိုင်ငံရေးကြောင့် ကျန်းမာရေးစနစ် ရပ်တန့်သွားတာ၊ ဆေးဝါးပြတ်လပ်တာ၊ ဆေးရုံဆေးခန်းတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ မရှိတော့တာက ကပ်ရောဂါတွေသို့မဟုတ် ကျန်းမာရေးကပ်ဘေးတွေကို ပိုမိုဆိုးရွာစေပါတယ်။လတ်တလောမှာကို ရန်ကုန်မြို့နဲ့ ဒေသအချို့မှာ ဝမ်းရောဂါတွေဖြစ်ပွားပြီး လူသေဆုံးမှုတွေရှိနေပါတယ် ။
နောက်ပြီး စီးပွားရေး ကျဆင်းလာတာနဲ့အမျှ ပြည်သူတွေရဲ့ နေ့စဉ် ရပ်တည်ရေး ကျပ်တည်းလာပြီး၊ ကပ်ဘေးတစ်ခု ကျရောက်လာချိန်မှာ ကိုယ်တိုင် ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းလုံးဝ မရှိတော့ပါဘူး။
စစ်တပ်အာဏာသိမ်းထားတဲ့ ကျနော်တို့နိုင်ငံ ဒီကပ်ဆိုးကြီးတွေကို ဘယ်လိုကျော်ကြမလဲ။ နောက်ထပ်လည်း ကပ်ဘေးတွေက ထပ်ခါကျော့ကာ လာဖို့ ပြင်ဆင်နေကြပြီ။ ကျနော်တို့ ဘယ်လိုရင်ဆိုင်ကြမလဲ။
ရှင်းပါတယ်။ပြည်သူကိုတန်ဖိုးထား ပြည်သူကိုကာကွယ်ပေးပြီး ၊ တရားသဖြင့်အုပ်ချုပ်မယ့် အစိုးရတစ်ရပ် ပေါ်ထွန်းလာဖို့ပါ။ မင်းကျင့်တရားနဲ့အညီ အုပ်ချုပ်မယ့်သူ ရမှသာ ကပ်ဘေးတွေ ပိုဆိုးမလာအောင်၊ နောက်ဆုံး ရပ်တန့်သွားအောင် လုပ်နိုင်မှာဖြစ်ပါတယ်။
ဂေါတမဗုဒ္ဓက ဟောခဲ့တာကတော့ ကပ်ဘေးတွေဖြစ်တာဟာ လူသားတွေ စိတ်ဓာတ်နဲ့ အကျင့်တရားတွေယိုယွင်းလာတဲ့အခါ၊ လောဘဒေါသမောဟ ဖုံးလွှမ်းလာတဲ့အခါ ဖြစ်ပွားလာတတ်ပါသတဲ့။ မင်းကျင့်တရားနဲ့အညီ အုပ်ချုက်မယ့်သူကိုရဖို့ ကျနော်တို့ကိုယ်တိုင်သည်လည်း ပြည်သူ့ကျင့်ဝတ်တွေ လိုက်နာမှသာ ကျနော်တို့နဲ့တန်တဲ့ အစိုးရတစ်ရပ်ကို ရရှိလာမှာဖြစ်ပါတယ်။ပြည်သူတွေဟာ ကိုယ်နဲထိုက်တန်တဲ့ အစိုးရသာရတယ်ဆိုတဲ့ ဆိုရိုးကလည်းရှိပါတယ် ။ဒါကြောင့် ကျွန်တော်တို့မြန်မာပြည်သူတွေနဲ့ ထိုက်တန်တာဟာ ကိုယ်ပြည်သူကိုနေ့စဥ်သတ်ဖြတ်ပြီး ပြည်သူကိုဒုက္ခပေးဖို့အမြဲကြံစည်နေတဲ့ မင်းအောင်လှိုင်ဖက်ဆစ် စစ်အုပ်စုလို ကမ္ဘာ့အယုတ်ညံဆုံးစစ်အာဏာရှင်တွေ မဟုတ်ဘူးဆိုတာ သက်သေပြနိုင်ဖို့ ပြည့်သူတာဝန်တွေကို ကိုယ်နိုင် ရာထမ်းကြဖို့လိုပါတယ် ။
သေချာတာကတော့ ကျွန်တော်တို့ပြည်သူတွေ အကြောက်ကြီးလို့တော့မဖြစ်ပါဘူး။ အကြောက်တရားက အောင်မြင်မှုဆီကိုဘယ်တော့မှမပို့ဆောင်ပေးနိုင်ပါဘူး။ လူတန်ဖိုးနဲ့အညီ နေထိုင်ရှင်သန်ရတဲ့ ဘဝတွေရဖို့ဆိုရင် ရည်မှန်းချက်မြင့်မားဖို့လိုသလို အဲတာကိုအရယူနိုင်ဖို့ ကျွန်တော်တို့ရဲရင်ကြဖို့လည်းလိုပါတယ် ။ ။
(အာဏာသိမ်းစစ်တပ်က သြဂုတ် ၂၄ ရက် နံနက်မှာ ပလက်ဝမြို့နယ် ၊စိမ်းညှင်းဝရွာကိုဗုံးကြဲခဲ့ရာ မူလတန်းကလေးငယ်များစာသင်နေတဲ့ ဘုန်းကြီးကျောင်းကိုပါ ဗုံးကြဲခဲ့တာကြောင့်ကလေးငယ်တွေအပါအဝင် ၅ ဦးသေဆုံး၊ ၁၇ ဦးဒဏ်ရာခဲ့ပါတယ်။စစ်တပ်ဗုံးကြဲလို့ ဘုန်းကြီးကျောင်းရှိ ဂေါတမဗုဒ္ဓကပဉ္စဝဂ္ဂီ ၅ ပါးကို တရားဟောကြားနေဟန်ရုပ်ပွားတော်များဗုံးထိမှန်ပျက်စီးစဥ်။ဓါတ်ပုံ-AA Infodesk )


















































