Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မှာတစ်ပတ်ကြာပျောက်ဆုံးခဲ့တဲ့ မြန်မာလိဂ်ဘောလုံးသမားကိုပြန်တွေ့

လူတစ်စုကဖမ်း​ခေါ်သွားတာ​ကြောင့်​​ အမြန်လမ်းတ​နေရာမှသွား​ခေါ်ခဲ့ရဟုစုံစမ်းသိရ

(တစ်ပါတ်ကြာ​ပျောက်​နေပြီး ပြန်​တွေ့ပြီဆိုတဲ့ချင်းလန်းအက်ဖ်စီအသင်းရဲ့ ဘောလုံးသမားဖြစ်သူ Pa Lung။ဓာတ်ပုံ-ချင်းလန်းအက်ဖ်စီ)

သြဂုတ် ၂၉၊၂၀၂၆။သုည/People’s Spring

ရန်ကုန်မြို့မှာ ဖူဆယ်ဘောလုံးပွဲကြည့်ရှုပြီး အဆောင်ကိုပြန်လာစဉ် တစ်ပတ်ကြာ အဆက် အသွယ်ပြတ်တောက်ပြီး ပျောက်ဆုံးခဲ့တဲ့ မြန်မာလိဂ်ပြိုင်ပွဲဝင် ချင်းလန်းအက်ဖ်စီအသင်းရဲ့ ဘောလုံးသမားဖြစ်သူ Pa Lung ကို ပြန်တွေ့ပြီ ဖြစ်​ကြောင်း ချင်းလန်းအသင်းက ဒီကနေ့ (သြဂုတ် ၂၉) မှာ ထုတ်ပြန်ပါတယ်။

အသက် (၂၂) နှစ်အရွယ် မတူပီမြို့နယ်သား Pa Lung ဟာ ပြီးခဲ့တဲ့ ဩဂုတ် ၂၂ ရက် ညနေပိုင်းက ဖူဆယ်ပွဲကြည့်ပြီး အပြန်ခရီးမှာ ၇/၈ လမ်းဆုံမှ Taxi ဌားစီးရာ နောက်ပိုင်း အဆက်အသွယ်မရခဲ့ကြောင်း အသင်းက ဖော်ပြခဲ့ပါတယ်။

ဩဂုတ် ၂၂ ရက်မှ စတင်ကာ ဩဂုတ် ၂၇ ရက်အထိ (၅) ရက်တိုင် အသင်းအနေနဲ့ ရှာဖွေခြင်း၊ သက်ဆိုင်ရာအကြောင်းကြား လူပျောက်အမှုဖွင့်ခြင်း၊ မြန်မာလိဂ်တာဝန်ရှိသူတွေကို ပူးပေါင်းရှာဖွေခြင်း တို့ လုပ်ဆောင်ခဲ့ပြီးနောက် တစ်ပတ်အကြာ သြဂုတ် ၂၉ ရက်မှာ ပြန်လည်တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

Pa Lung ဟာ မိခင်ကျန်းမာရေး အရေးပေါ်ကြောင့် နေရပ်ပြန်သွားရာမှ ခရီးလမ်းမှာ ဖုန်းအားကုန်သွားတာနဲ့ ဆက်သွယ်ရေးအခက်အခဲတွေကြောင့် အသင်းနဲ့ အဆက်အသွယ်ပြတ်တောက်ခဲ့တာဖြစ်တယ်လို့ အသင်းက ဖော်ပြခဲ့ပါတယ်။

လက်ရှိမှာတော့ အသင်းကို ဘေးကင်းစွာ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်းနဲ့ စိတ်ပူပန်သူအားလုံး စိတ်အေးချမ်းသာနိုင်ပြီ ဖြစ်ကြောင်း ချင်းလန်းအသင်းက ဆိုပါတယ်။

ယင်းဖော်ပြချက်ကို ပြည်သူတွေက မယုံကြည်ဘဲ ရန်ကုန်နဲ့ ချင်းပြည်နယ် မတူပီကို လမ်းခရီးအခြေအနေအရ တစ်ပတ်အတွင်း သွားလာဖို့ မဖြစ်နိုင်ကြောင်းနဲ့ စစ်တပ်က ပေါ်တာဆွဲရာမှ ပြန်လွတ်လာခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုနေကြပါတယ်။

Pa Lung ကို အမြန်လမ်းတနေရာမှ သွားပြ​န်ခေါ်ခဲ့ရတယ်လို့လည်း ဘောလုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းအချို့ ဆိုပါတယ်။

“နေပြည်တော်ဘက်သွားတဲ့ အမြန်လမ်းတနေရာကနေ သွားခေါ်ခဲ့ရတယ် ကြားတယ်။ အတိအကျတော့ မပြောတတ်ဘူး။ လူတစ်စု ဖမ်းခေါ်သွားတယ်လို့ပဲ သိရတယ်” လို့ ဘောလုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက ပြောပါတယ်။

ရန်ကုန်မြို့က မြို့နယ်တွေမှာ အခုရက်ပိုင်းအတွင်း အရပ်ဝတ်နဲ့ လူတစ်စုက အိမ်စီးကားတွေနဲ့ ပေါ်တာဆွဲဖမ်းဆီးတဲ့ ဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်နေတယ်လို့ Rangoon Scout Network-RSN က အသိပေးထားပါတယ်။ စစ်တပ်က​ပေါ်တာဆွဲတာကို ပျူ​စောထီး​တွေ၊လူမိုက်​တွေ၊စစ်တပ်ခန့်အုပ်ချုပ်​ရေးမှူး​တွေ၊ရဲနဲ့စစ်သား​တွေက အဓိကလုပ်​နေကြတာဖြစ်ပါတယ်။​ပေါ်တာဆွဲရသူ ၊စစ်မှုထမ်းစု​ဆောင်းရသူ​​တွေကို ပြန်လည်​ရောင်းချတဲ့​ဈေးကွက်လည်းရှိ​နေပြီး ကျပ်သိန်းဆယ်ဂဏန်းက​နေ၊သိန်းရာနဲ့ချီပြီးအထိ ရှိ​နေတယ်လို့စုံစမ်းသိရပါတယ် ။

အာဏာသိမ်းစစ်တပ်ဟာ ယခု ဩဂုတ်အတွင်းပြုလုပ်နေတဲ့ စစ်မှုထမ်း အပတ်စဥ် (၂၇)ကို လူမပြည့်ဘဲ လုပ်လိုက်ရတယ်လို့ သတင်းတွေထွက်နေပြီး လာမယ့် စက်တင်ဘာမှာ ပြုလုပ်မယ့် စစ်မှုထမ်း အပတ်စဥ် (၂၈)အတွက် စစ်မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲတာတွေ ယခုကတည်းက ပြုလုပ်နေပါတယ်။

နိုင်ငံတစ်ဝန်းတိုက်ပွဲ​တွေမှာ စစ်တပ်က စစ်သားသစ်​တွေကိုသာအဓိကအသုံးပြု​​နေပြီး​သေဆုံဒဏ်ရာရသူ ၊ထွက်​ပြေးသူ၊​တော်လှန်​ရေးတပ်​တွေထံအလင်းဝင်သူ​တွေလည်းများ​နေပါတယ်။ဒါ​ကြောင့်စစ်တပ်က အခုလပိုင်းအတွင်း စစ်သားသစ်စု​ဆောင်းတာ၊​ပေါ်တာဆွဲတာ​တွေ စစ်တပ်ထိန်းချုပ်​ဒေသ​တွေမှာ ပိုမိုပြုလုပ်​နေပါတယ် ။ဒါ​ကြောင့်​တော်လှန်​ရေးတပ်​တွေ စစ်သားသစ်စု​ဆောင်းမခံရ​အောင် ၊​ပေါ်တာဆွဲမခံရ​အောင်သတိပြုပြီး ပါးပါးနပ်နပ်​နေထိုင်ကြဖို့ ပြည်သူ​တွေကိုတိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

မြန်မာ​နေရှင်နယ်လိဂ်မှာ ကစား​နေတဲ့ လူငယ်ကစားသမားတစ်ဦးရန်ကုန်မြို့မှာရုတ်တရက်အဆက်အသွယ်ပြတ်ကာ လုံးဝပျောက်ဆုံးသွားခြင်းက အားကစားအသိုင်းအဝိုင်းမှာ ဂယက်ရိုက်သွားခဲ့ပါတယ်။သူကတော့ မြန်မာလိဂ်ပြိုင်ပွဲဝင် ချင်းလန်းအက်ဖ်စီအသင်းရဲ့ ဘောလုံးသမားဖြစ်သူ Pa Lung ပါ။