ဩဂုတ်−၃၀၊၂၀၂၆။ဖိုးသား/People’s Spring
ရခိုင်ရိုးမပေါ်တက်မယ့် မင်းတုန်းအနောက်ခြမ်းက စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သုံ့ပန်း ၅ ဦး ဖမ်းမိပြီး လက်နက်ခဲယမ်းနဲ့ ရုပ်အလောင်းတချို့ သိမ်းဆည်းရရှိတယ်လို့ သရက်ခရိုင်အမှတ် (၄) တပ်ရင်း တာ၀န်ရှိသူက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်က မတရားပေါ် တာဆွဲထားတဲ့ စစ်မှုထမ်းတပ်သား အများအပြားကို အသုံးချကာ သရက်ခရိုင် မင်းတုန်းမြို့နယ်အတွင်း ၎င်းတို့ လက်လွှတ်ထားရတဲ့ နယ်မြေတွေကို ပြန်လည်ထိန်းချုပ်ဖို့အတွက် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းတွေခွဲကာ ဖြန့်ကျက်စစ်ကြောင်းထိုးလာမှုအပေါ် ဩဂုတ် ၂၉ ရက်မှာ စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ည ၇ နာရီ၀န်းကျင်မှာ မင်းတုန်းမြို့အနောက်ခြမ်း စစ်ကြောင်းထိုးရောက်ရှိနေတဲ့ အင်အား ၂၀၀ ခန့်ပါ စစ်ကြောင်က အင်အား ၅၀ ၀န်းကျင်က ရိက္ခာရှာဖို့ထွက်လာချိန် တိုက်ခိုက်မှု ၁၀ မိနစ်နီးပါးဖြစ်ပွားခဲ့ပြီး စစ်တပ်ကအကျအဆုံးတွေနဲ့ ဆုတ်ခွာထွက်ပြေးခဲ့ရတယ်လို့ အသိပေးပါတယ်။

Public Service Announcement
“ရိုးခြေတစ်လျှောက်မှာ စစ်ကြောင်းသုံးခုလောက် ဖြန့်ခွဲပြီးထိုးနေတယ်။နောက်ထပ်လည်း တိုက်ပွဲတွေ ဆက်ဖြစ်နိုင်တယ်”လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက မင်းတုန်းအနောက်ခြမ်း အခြေအနေအပေါ် ပြောပါတယ်။
ထွက်ပြေးသွားတဲ့ စစ်ကြောင်းကို လိုက်လံရှင်းလင်းရာမှာ MA3 ၁ လက် နဲ့ ကျည်တွေအပြင် ဖုန်း ၁လုံး နဲ့စစ်တပ် ရုပ်အလောင်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်က စစ်ရေးအသာစီးရယူဖို့အတွက် လေကြောင်း၊ လက်နက်ကြီး နဲ့ ဒရုန်းတွေကို အသုံးပြုတိုက်ခိုက်နေတဲ့ အပြင် စစ်မှုထမ်းတပ်သားသစ်(ပစ)တွေအသုံးပြုနေပေမယ့် လက်တွေ့စစ်မြေပြင်တွင် အမြဲအထိနာနေတယ်လို့ အသိပေးပါတယ်။
“ပစ တွေ အရမ်းများတယ်။စစ်တပ်က အသုံးချနေတာပေါ့။နေတိုင်းထွက်ပြေးလာတဲ့သူတွေရှိသလို ဖမ်းမိတဲ့သူတွေလည်းရှိတယ်”လို့ မင်းတုန်းမြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဒါ့အပြင် စစ်တပ်ထံက စွန့်ခွာထွက်ပြေးနေတဲ့ တပ်သားတွေလည်းရှိနေပြီး မင်းတုန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်ကြောင်းကထွက်ပြေးလာတဲ့ တပ်ကြပ်အဆင့် ၁ဦး ၊ ဒုတပ်ကြပ်အဆင့် ၂ဦး နဲ့ စစ်မှုထမ်း ၂ဦးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့လည်း သိရပါတယ်။
အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ကို ပြန်သိမ်းဖို့ အနီးစပ်ဆုံးနေရာဖြစ်တဲ့ မင်းတုန်းမြို့နယ်အနောက်ဘက်ကနေတဆင့် အာဏာသိမ်းစစ်တပ်က ၀င်ရောက်ဖို့ ဒုတိယအကြိမ် အင်အားအလုံးအရင်းနဲ့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမနဲ့ အနီးစပ်ဆုံးနေရာတွေဆီ စစ်ကူအင်အား ၁,၅၀၀ ၀န်းကျင်ရောက်ရှိပြီး စစ်ကြောင်းထိုး တပ်ဖြန့်နေပါတယ်။
စစ်တပ်က ဗျူဟာမှူးအဆင့် ဗိုလ်မှူးကြီး အောင်ဇော်မင်း ဦးစီးပြီး အင်အား ၁၀၀၀ ၀န်းကျင်နဲ့ ရခိုင်ရိုးမ ကို ဇွန်လဆန်းပိုင်းကတည်းက ထိုးစစ်ဆင်ခဲ့ပါတယ်။
ဒါပေမယ့် ရိုးမပေါ်တက်တဲ့ တိုက်ပွဲတွေမှာ အသေများနေတာကြောင့် ရိုးခြေက ကျေးရွာတွေမှာဘဲ တပ်စွဲနေခဲ့ရပါတယ်။
အဲဒီအင်အားတွေက အောင်လံမြို့ကတဆင့် ရေယာဉ်တွေနဲ့ သရက်မြို့အခြေစိုက် အမှတ်( ၁၂) ကာကွယ်ရေး ပစ္စည်းစက်ရုံ(ကပစ−၁၂ )ကို ပို့ဆောင်ပြီးနောက် ဩဂုတ် ၂၂ ရက်မှာ မင်းတုန်းမြို့ကို စတင် ၀င်ရောက်ခဲ့ပါတယ်။
မင်းတုန်းအနောက်ခြမ်းက ရခိုင်ရိုးခြေရွာတွေဖြစ်တဲ့ ပြောင်းကျေးရွာ၊ထန်းပင်ကုန်းကျေးရွာ၊ဖြူကန်ကျေး ရွာ၊ထိန်ကိုင်းနဲ့ တမာ ကျေးရွာတွေမှာ စစ်တပ်က တပ်စွဲထားပါတယ်။


















































