မြောက်ကိုရီးယားနဲ့ အမေရိကန်ကြား ထိပ်သီး အစည်းအဝေးဟာ အချိန်မရွေး အကောင်အထည် ပေါ်လာနိုင်ကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေး အေဂျင်စီက ယူဆထားပါတယ်။
တောင်ကိုရီးယား ထောက်လှမ်းရေး အေဂျင်စီရဲ့ အစီရင်ခံမှုကို ကိုးကားပြီး လွှတ်တော် အမတ် တစ်ဦးက ပြောကြားရာမှာတော့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းနဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်တို့ကြား မျက်နှာစုံညီ တွေ့ဆုံမှုဟာ ဘယ်အချိန်မှာမဆို လက်တွေ့ အထမြောက်လာနိုင်တယ်လို့ သုံးသပ်သွားခဲ့ပါတယ်။
ထရမ့်က သူဟာ ကင်မ်နဲ့ တွေ့ဆုံလိုတယ်လို့ အတိအလင်း ပြောဆိုထားပေမယ့် မြောက်ကိုရီးယားဖက်ကတော့ ဒီကိစ္စအပေါ် နှုတ်ဆိတ်နေဆဲပါ။ ထရမ့်ရဲ့ အမေရိကန် သမ္မတ ပထမသက်တမ်းအတွင်းမှာတော့ ကိုရီးယားကျွန်းဆွယ် နျူကလီးယားလက်နက် ကင်းစင်ရေး ရည်မှန်းချက်အတွက် ကင်မ်နဲ့ ထရမ့်တို့ သုံးကြိမ် တွေ့ဆုံဖူးပါတယ်။ ထရမ့်ရဲ့ လက်ရှိ ဒုတိယအကြိမ် သမ္မတ သက်တမ်းမှာတော့ သူတို့နှစ်ဦး ထပ်မဆုံဖြစ်သေးပါဘူး။
တောင်ကိုရီးယား သမ္မတ လီဂျေမြောင်ကတော့ မြောက်ပိုင်း အိမ်နီးချင်း ပြိုင်ဘက်နိုင်ငံနဲ့ ဆက်ဆံရေး ရင်ကြားစေ့ဖို့ ကြိုးစားနေသလို ကင်မ်နဲ့ ထရမ့်တို့ တွေ့ဆုံဖြစ်ကြမယ့် အခြေအနေကို အထူးအားပေး ထောက်ခံနေပါတယ်။

Public Service Announcement
အမေရိကန်နဲ့ မြောက်ကိုရီးယား ထိပ်သီး အစည်းအဝေး ဖြစ်မြောက်နိုင်ခြေ ရှိသလား ဆိုတာနဲ့ ပတ်သက်ရင်တော့ ထောက်လှမ်းရေး အေဂျင်စီ သုံးသပ်ချက်တွေအရ အချိန်မရွေး အကောင်အထည် ပေါ်လာနိုင်တယ်လို့ ပြောရမှာဖြစ်ကြောင်း တောင်ကိုရီးယား လွှတ်တော်အမတ် ယွန်ကွန်ယောင်းက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
အဲဒီကောက်ချက်ကိုတော့ တောင်ကိုရီးယား အမျိုးသား ထောက်လှမ်းဌာန (NIS)ရဲ့ အစီရင်ခံမှုကနေ ရရှိထားတာပါ။ အမေရိကန်နဲ့ မြောက်ကိုရီးယားကြားမှာ ထိပ်သီး ဆွေးနွေးပွဲ ကိစ္စအတွက် ခိုင်ခိုင်မာမာ ဆက်သွယ်မှုတွေ မရှိသေးပေမယ့် ဆွေးနွေးမှု အထမြောက်မယ့် လက္ခဏာတွေ တွေ့နေရတယ်လို့ ယွန်က ဆိုပါတယ်။ ဒါပေမဲ့ သူက အသေးစိတ် အချက်အလက်တွေကိုတော့ မထုတ်ပြန်ခဲ့ပါဘူး။
ထရမ့်က သူဟာ ကင်မ်နဲ့ ပုဂ္ဂိုလ်ရေးအရ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိသလို ကင်မ်ကလည်း သူ့အပေါ် လေးစားမှု ပြသခဲ့ကြောင်း ဆိုပါတယ်။ နောက်ပြီး မြောက်ကိုရီးယားမှာ အင်မတန် ဖျက်ဆီးအား ပြင်းထန်တဲ့ နျူကလီးယားလက်နက် ၅၇ ခု ရှိနေတယ်လို့လည်း ထရမ့်က မှတ်ချက်ပေးထားပါတယ်။ ဒါပေမဲ့ ဘယ်လို အထောက်အထားနဲ့ အဲဒီလို ပြောသလဲ ဆိုတာကိုတော့ ထရမ့်က ရှင်းပြမထားပါဘူး။
တောင်ကိုရီးယား သမ္မတ လီဟာ အရင်အစိုးရ လက်ထက်က မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး အတင်းမာဆုံး အဆင့်ထိ ရောက်ရှိခဲ့တဲ့ အခြေအနေတွေကို ကုစားဖို့ ကြိုးစားနေပေမယ့် မြောက်ကိုရီးယားကတော့ လီရဲ့ ချဉ်းကပ်မှုတွေကို ပယ်ချထားသလို တောင်ကိုရီးယားကိုလည်း ရန်သူနိုင်ငံအဖြစ် သတ်မှတ် ကြေညာထားပါတယ်။
ကိုးကား: AFP

















































