စက်တင်ဘာ-၂၊၂၀၂၆။ထားမြတ်/People’s Spring
ကချင်ပြည်နယ်ရွှေကူ-ဗန်းမော်ကြားအလံဖြူထောင်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က လုံခြုံဘေးကင်းရာ ပို့ဆောင်ပေးခဲ့ရကြောင်း စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
စက်တင်ဘာ ၂ ရက် မနက်အစောမှာ တက်လာတဲ့ စစ်ကောင်စီသင်္ဘောအုပ်စုကို KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘောအပါအဝင် စစ်ကောင်စီသင်္ဘော ၄စီး လုံး၀ ပျက်စီးသွားပြီး စစ်သုံ့ပမ်းတွေများစွာ အလံဖြူထောင်လက်နက်ချခဲ့ပါတယ်။
အလံဖြူထောင်တဲ့ စစ်ကောင်စီသင်္ဘောဟာ စင်းခန်းတံတားအနီးမှာ ထိခိုက်ပျက်စီးခဲ့တဲ့သင်္ဘောဖြစ်ပြီးစစ်သား ၆၀ ကျော် ပါဝင်တယ်လို့စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
“ပျက်စီးသွားတဲ့ သင်္ဘောပေါ်က အလံဖြူထောင်အလင်းဝင်လာတာက ၆၀ ကျော်တယ်။ အဲဒီမှာ စစ်မေတွေလည်းပါတယ်။” လို့ သူက ပြောပြပါတယ်။
ဒါ့အပြင် အခြားစစ်သင်္ဘော တစ်စီးကလည်း အလံဖြူထောင်လက်နက်ချသူတွေရှိပြီး စစ်သုံ့ပန်း ၁၀၀ ကျော်တယ်လို့ အခြားစစ်ရေးရင်းမြစ်ကပြောပါတယ် ။
သတင်းရင်းမြစ်က ပေးပို့လာတဲ့ ရုပ်သံမှာလည်း စင်းခန်းတံတားအောက်လို့ ယူဆရတဲ့ နေရာက စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို KIA ပူးပေါင်းတပ်က နေရာရွှေ့ပြောင်းနေတာ တွေ့ရပါတယ်။
“ဒီမှာ မလုံခြုံဘူး လုံခြုံတဲ့နေရာသွား” လို့ တော်လှန်ရေးရဲဘော်တဦးက စစ်သုံ့ပမ်းတွေကို ပြောကြားနေတာ ကြားရပါတယ်။ စစ်သုံ့ပမ်းတွေနဲ့အတူ အမျိုးသမီးအချို့ ကလေးငယ်အချို့ ဒဏ်ရာရသူအချို့ကိုလည်း တွေ့ရပါတယ်။
“အားကောင်းမောင်းသန်တယောက် ဟိုမှာ မင်းတို့ သူငယ်ချင်းသွားကူအုံး။ ဟိုးမှာ အနောက်မှာ ဒဏ်ရာရတဲ့သူတွေ။” လို့ စစ်ကောင်စီတပ်သားအချင်းချင်း ကူညီပေးဖို့ တော်လှန်ရေးရဲဘော်က ဆော်ဩနေတာကိုလည်း ရုပ်သံမှာ ကြားရပါတယ်။
ဒီကနေ့ ရွှေကူ- ဗန်းမော်ကြား တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အရှင်ဖမ်းဆီးခံရတာ ရှိသလို သေဆုံးထိခိုက်တွေလည်း များပြားခဲ့ပါတယ်။
“ဧရာ၀တီမြစ်ပေါ်မှာ အလောင်းတွေမျော၊ ပစ္စည်းတွေ၊ ကျောပိုးအိတ်တွေ အိပ်ယာလိပ်တွေမျော အိုး အများကြီးပဲ အများကြီးပဲ” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
KIA ပူးပေါင်းတပ်ဟာ ရွှေကူ-ဗန်းမော်ကြား စစ်သင်္ဘောနဲ့အတူ မြေပြင်ကနေ စစ်ရေးလှုပ်ရှားလာတဲ့စစ်တပ်မြေပြင်စစ်ကြောင်းကိုလည်း အထိနာတပ်လန်အောင် တိုက်ခိုက်နိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပြထားပါတယ်။


















































