ခါဂါဘို ရေးသားသည်။
စစ်သားတစ်ယောက်ဟာ “ငါဘာအတွက် တိုက်နေတာလဲ”ဆိုတဲ့ မေးခွန်းကို မိမိကိုယ်တိုင် မေးလာတဲ့အချိန်မှာ အဲဒီစစ်တပ်ရဲ့ အင်အားဟာ အပြင်က မြင်ရတာထက် ပိုမိုအားနည်းလာနေပြီဖြစ်ပါတယ်။စစ်ပွဲတစ်ခုရဲ့ အနိုင်အရှုံးဟာ လက်နက်နဲ့ လူအင်အားပေါ်မှာသာ မတည်သလို၊ စစ်သားတစ်ယောက်ချင်းစီရဲ့ယုံကြည်ချက်နဲ့စိတ်ဓာတ်အပေါ်မှာလည်း များစွာ မူတည်နေပါတယ်။တိုက်ပွဲရဲ့ အဓိပ္ပာယ်ကို စတင်သံသယဝင်လာတဲ့ အခိုက်အတန့်ဟာစစ်ပွဲရဲ့အလှည့်အပြောင်းကိုစတင်စေတတ်ပါတယ်။
၂၀၂၆ ခုနှစ်စက်တင်ဘာ ၂ ရက်နေ့က ကချင်ပြည်နယ် ရွှေကူ နဲ့ ဗန်းမော်ကြား ဧရာဝတီမြစ်ကြောင်းမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ဟာ စစ်ပွဲတစ်ခုရဲ့ နောက်ကွယ်က အင်အားအစစ်အမှန်ကို ထင်ရှားစွာ သက်သေပြ နေပါတယ်။
ရွှေကူမြို့မှ ဗန်းမော်ဘက်သို့ ဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်စုကို ကချင်လွတ်လပ်ရေးတပ် (KIA) နှင့် ပူးပေါင်းတပ်တွေက ဧရာဝတီဒုတိယမြစ်ကျဉ်းအနီးမှာ တိုက်ခိုက်ခဲ့ပြီး စစ်သင်္ဘောများ ထိခိုက် ပျက်စီးခဲ့သလို၊ စစ်သင်္ဘော ၂ စီးပေါ်မှ ရာချီတဲ့စစ်သားများ လက်နက်ချခဲ့ကြကြောင်း သတင်းများက ဖော်ပြထားပါတယ်။

Public Service Announcement
ဒီဖြစ်ရပ်ကို နားလည်ဖို့ဆိုရင် စစ်တပ်တစ်ခုရဲ့ တိုက်ခိုက်နိုင်စွမ်းကို ဘာတွေကသတ်မှတ်ပေးသလဲဆိုတာကြည့်ဖို့လိုပါတယ်။
စစ်ပညာမှာတပ်တစ်တပ်ရဲ့တိုက်ခိုက်နိုင်စွမ်းကို လက်နက်နဲ့ လူအင်အားတင်မကဘဲ “Morale” လို့ခေါ်တဲ့ စိတ်ဓာတ်၊ “Unit Cohesion” လို့ခေါ်တဲ့ တပ်ဖွဲ့အတွင်း စည်းလုံးမှု၊ “Command Trust”လို့ခေါ်တဲ့ အထက်ကခေါင်းဆောင်မှုအပေါ် ယုံကြည်မှုတွေနဲ့ တိုင်းတာကြပါတယ်။
စစ်သားတစ်ယောက်ဟာ အသက်အန္တရာယ်ကြားမှာဆက်တိုက်နိုင်ဖို့အတွက်သူ့မှာခိုင်မာတဲ့ယုံကြည်ချက်တစ်ခုရှိကိုရှိဖို့လိုအပ်ပါတယ်။
“ငါတို့တိုက်နေတာ မှန်တယ်”
“ငါတို့ခေါင်းဆောင်တွေက ငါတို့အသက်ကို တန်ဖိုးထားတယ်”
“ငါတို့ရဲ့ စွန့်လွှတ်မှုဟာ နိုင်ငံနဲ့ ပြည်သူ ကောင်းကျိုးအတွက်”
“ငါတို့ရဲ့ စွန့်လွှတ်မှုဟာအဓိပ္ပာယ်ရှိတယ်”ဆိုတဲ့ယုံကြည်ချက်တွေဖြစ်ပါတယ်။
ဒါပေမယ့် ၂၀၂၁ ခုနှစ် ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရကို အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့နှစ်ပေါင်းများစွာနိုင်ငံရဲ့အင်အားအကြီးဆုံးအဖွဲ့အစည်းတစ်ခုအဖြစ် အာဏာရှင်အဆက်ဆက်က မွေးမြူလာခဲ့တဲ့ မြန်မာစစ်တပ်ဟာ ပြည်သူတွေအပေါ် အင်အားသုံးတိုက်ခိုက်မှုတွေကိုကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လာခဲ့တဲ့အတွက်ပြည်သူလူထုရဲ့မယုံကြည်မှု၊မုန်းတီးမှုနဲ့ ရွံရှာမှုကို ပိုမိုရင်ဆိုင်လာခဲ့ရပါတယ်။
တစ်ဖက်မှာအာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်သူရဲ့ခုခံမှုတွေပေါ်ပေါက်လာခဲ့ပြီး၊ အခြားတစ်ဖက်မှာလည်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တော်လှန်ရေးအင်အားစုတွေက ဆယ်စုနှစ်များစွာ တည်ရှိခဲ့တဲ့ တပ်စခန်းအများအပြားကို ဆက်တိုက် သိမ်းပိုက်လာခဲ့ပါတယ်။
ရခိုင်မှာအာရက္ခတပ်တော်AA ရဲ့ထိုးစစ်တွေ၊ ကချင်မှာKIAနဲ့ပူးပေါင်းတပ်တွေရဲ့တိုက်ခိုက်မှုတွေ၊ ကရင်ဒေသမှာ KNLA နဲ့ မဟာမိတ်တပ်ဖွဲ့တွေနဲ့ လှုပ်ရှားမှုတွေ၊စစ်ကိုင်း-မကွေး-မန္တလေးတိုင်းက အညာPDF တွေရဲ့ခုခံတွန်းလှန်မှုတွေ ၊ KNDF နဲ့ကရင်နီတပ်ပေါင်းစုရဲ့တော်လှန်စစ် ၊ရှမ်းမြောက်မှာ ၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်း ဖြစ်ပေါ်လာတဲ့ အခြေအနေတွေဟာစစ်တပ်ကိုတစ်ချိန်တည်းမှာ စစ်မျက်နှာများစွာ ရင်ဆိုင်ရစေခဲ့ပါတယ်။
ဒီလို နိုင်ငံတစ်ဝန်း စစ်မျက်နှာများစွာ ဖွင့်ထားရတဲ့ အခြေအနေမှာ စစ်သားတွေအတွက် တိုက်ပွဲရဲ့ ရည်ရွယ်ချက်နဲ့ အနာဂတ်အပေါ် ယုံကြည်ချက်တွေဟာ တဖြည်းဖြည်း မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ တကယ်တော့စစ်တပ်တစ်ခုရဲ့အင်အားလျော့နည်းလာမှုဟာစစ်မြေပြင်မှာသာမဟုတ်ဘဲစစ်သားတွေရဲ့စိတ်ဓာတ်နဲ့ခေါင်းဆောင်မှုအပေါ် ယုံကြည်မှု ယိမ်းယိုင်လာတဲ့ အချိန်မှာလည်း စတင် ပေါ်လွင်လာပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက် စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့ ရခိုင်မှာ အာရက္ခတပ်တော်ရဲ့ထိုးစစ်မှာ ဒီအခြေအနေကို ထင်ရှားစွာ ပြသခဲ့တဲ့ ဖြစ်ရပ်များ ဖြစ်ခဲ့ပါတယ်။ ရှမ်းမြောက်ဒေသမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့များရဲ့ ထိုးစစ်ကြောင့် တပ်စခန်းတွေ ၊တပ်ရင်းတွေ၊ တပ်ရင်းဌာနချုပ်တွေအမြောက်အများ ဆုံးရှုံးခဲ့ပြီး၊ရခိုင်မှာလည်းမြို့ရွာပေါင်းများစွာ စစ်စခန်းကနေ တိုင်းစစ်ဌာနချုပ် အထိအာရက္ခတပ်တော် AA က ထိုးစစ်ဆင် သိမ်းပိုက်ချိန် စစ်တပ်ရဲ့ အရာရှိအဆင့်ဆင့်မှ အောက်ခြေတပ်သားများအထိ တပ်ဖွဲ့ဝင်များ လက်နက်ချခြင်း၊ အဖမ်းခံရခြင်း၊ တပ်စွန့်ခွာခြင်း စတဲ့ ဖြစ်ရပ်တွေ ပေါ်ပေါက်ခဲ့ပါတယ်။
အဲဒီဖြစ်ရပ်တွေဟာ စစ်ရေးအရသာမက စစ်တပ်အတွင်း စိတ်ဓာတ်ပိုင်းဆိုင်ရာ ယိမ်းယိုင် လာမှုကိုလည်း ပြသခဲ့ပါတယ်။
ဒါပေမယ့် ဒီလိုလက်နက်ချမှုတွေကို နားလည်ဖို့အတွက် “ဘယ်သူတွေ လက်နက်ချလာကြတာလဲ” ဆိုတာ ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။
မြေပြင်မှာ တိုက်ခိုက်နေတဲ့ စစ်သားတိုင်းဟာ တူညီတဲ့ ရွေးချယ်မှုနဲ့ အဲဒီစစ်ပွဲထဲကို ရောက်လာခဲ့တာ မဟုတ်ပါဘူး။ တချို့ဟာ အမိန့်ချမှတ်သူများ ဖြစ်သလို၊ တချို့ကတော့ အဲဒီအမိန့်များကို လိုက်နာပြီး အကောင်အထည်ဖော်ရသူများ ဖြစ်ပါတယ်။ တချို့ဟာ ပြည်သူတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေမှာ ကိုယ်တိုင် ပါဝင်ခဲ့သူတွေ ဖြစ်နိုင်သလို၊ တချို့ကတော့ အတင်းအကျပ် စစ်မှုထမ်း ခေါ်ယူခံရပြီးမရွေးချယ်ခဲ့တဲ့စစ်ပွဲထဲကို တွန်းပို့ခံလိုက်ရတဲ့ လူငယ်များ ဖြစ်ပါတယ်။
ဒါကြောင့် လက်နက်ချလာတဲ့ စစ်သားတစ်ယောက်ကို ကြည့်တဲ့အခါ အပြစ်ကင်းသူလို့လည်း မဆိုနိုင်သလို၊အသက်ရှင်ဖို့ နောက်ဆုံးကြိုးစားနေတဲ့ လူတစ်ယောက်ဆိုတဲ့ အချက်ကိုလည်း လျစ်လျူရှုထားလို့ မရပါဘူး။ တာဝန်ယူရမယ့်သူက တာဝန်ယူရမှာ ဖြစ်သလို၊ အာဏာရှင်စနစ်အတွက်အဓိပ္ပာယ်မရှိတဲ့ သေဆုံးမှုကို ငြင်းဆန်ပြီး အသက်ရှင်ဖို့ ရွေးချယ်လာသူရဲ့ ဆုံးဖြတ်ချက်ကိုလည်း သီးခြားမြင်ဖို့ လိုပါတယ်။
ဒီနေရာမှာ အောက်ခြေစစ်သားတွေ၊ အမိန့်ပေးကွပ်ကဲတဲ့ အရာရှိတွေ၊ ထိပ်ပိုင်းခေါင်းဆောင်တွေကို ခွဲခြားပြီး ကြည့်ဖို့ လိုပါတယ်။ အကြောင်းကတော့ စစ်တပ်ရဲ့ မူဝါဒနဲ့ အမိန့်တွေကို ချမှတ်တဲ့သူတွေနဲ့ အဲဒီအမိန့်တွေကို လက်တွေ့အကောင်အထည်ဖော်ရတဲ့သူတွေဟာ တာဝန်အဆင့် မတူကြလို့ပါ။ ဒါပေမယ့် အမိန့်ကို လိုက်နာခဲ့သူတစ်ဦးချင်းစီရဲ့ ကိုယ်ပိုင်လုပ်ရပ်နဲ့ တာဝန်ယူမှုကိုတော့ သီးခြားစဉ်းစားဖို့ လိုပါတယ်။
ဒီလို တာဝန်အဆင့်ကွာခြားမှုတွေ ရှိနေပေမယ့်လည်း၊ စစ်တပ်တစ်ခုရဲ့ အားနည်းချက်ဟာ အမိန့်ပေး စနစ်နဲ့ ခေါင်းဆောင်မှုအရည်အသွေးမှာလည်း အဓိက သက်ရောက်မှုရှိပါတယ်။
အာဏာရှင်အဆက်ဆက်ရဲ့ အဓိကအင်အားတစ်ခုအဖြစ် ရပ်တည်ခဲ့တဲ့ မြန်မာစစ်တပ်အတွင်းက စစ်အရာရှိအများစုဟာ ရာထူး၊ အခွင့်ထူး၊ အာဏာနဲ့ အကျိုးအမြတ်တွေကို မျှော်ကိုးပြီး စစ်တပ်ထဲ ဝင်ရောက်လာသူများ ဖြစ်ကြပါတယ်။ အဲဒီလို ကိုယ်ပိုင်အကျိုးစီးပွားနဲ့ ရာထူးတက်လမ်းကိုသာ အဓိကထားကြတဲ့ အရာရှိများအနေဖြင့် တကယ့်စစ်ပွဲမှာ လိုအပ်တဲ့ တာဝန်ယူမှု၊ စစ်ရေးကျွမ်းကျင်မှု၊ ခေါင်းဆောင်မှုအရည်အချင်းနဲ့ ဆုံးဖြတ်နိုင်စွမ်းတို့ကို မပြသနိုင်ကြပါဘူး။
အောက်ခြေတပ်သားအများစုမှာတော့ ၂၀၂၄ ခုနှစ်ကစပြီးပြဌာန်းလိုက်တဲ့ စစ်မှုထမ်းဥပဒေနောက်ပိုင်း မိမိတို့ဆန္ဒမပါဘဲအတင်းအဓမ္မ ခေါ်ဆောင်ခြင်းခံရတဲ့လူငယ်များ ပါဝင်ပါတယ်။
ဒီလို မတူညီတဲ့ အခြေအနေတွေ ရှိနေတဲ့ တပ်ဖွဲ့တစ်ခုမှာ စစ်ပွဲရဲ့အခက်ခဲဆုံး ဆုံးဖြတ်ချက်ဟာ ဆက်လက်တိုက်ခိုက်ခြင်းက အဓိပ္ပာယ်မရှိတော့တဲ့ အချိန်မှာ ရပ်တန့်ဖို့ ရွေးချယ်ရခြင်း ဖြစ်နိုင်ပါတယ်။
အဲဒီဆုံးဖြတ်ချက်ရဲ့ နောက်ကွယ်မှာတော့ မိခင်၊ ဖခင်၊ ဇနီး၊ သားသမီးတွေဆီ ပြန်ချင်တဲ့ ဆန္ဒ၊ မိမိအသက်၏ တန်ဖိုးကို ပြန်လည်နားလည်လာခြင်းနဲ့ ကိုယ်မရွေးချယ်ခဲ့တဲ့ စစ်ပွဲတစ်ခုအတွက်ဆက်ပြီးအာဏာရှင်ရဲ့အသုံးချခံမနေလိုတော့ခြင်းတို့ ရှိနေနိုင်ပါတယ်။
လက်နက်ကိုင်ထားတဲ့လူတစ်ယောက်အတွက် လက်နက်ချခြင်းဟာလွယ်ကူတဲ့ ရွေးချယ်မှု မဟုတ်ပါဘူး။ အထူးသဖြင့် နှစ်ပေါင်းများစွာ စစ်တပ်အတွင်းတစ်သွေး၊ တစ်သံ၊ တစ်မိန့်အောက်မှာ “နောက်မဆုတ်ရ”၊ “အမိန့်ကို လိုက်နာရမယ်”ဆိုတဲ့စည်းမျဉ်းတွေနဲ့ ကြီးပြင်းလာသူတွေအတွက် ပိုခက်ခဲပါလိမ့်မယ်။
ဒါပေမယ့် လူတစ်ယောက်အတွက် အသက်ရှင်ခြင်း၊မိသားစုနဲ့ အနာဂတ်ကိုပြန်လည်ရွေးချယ်နိုင်ဖို့ နောက်ဆုံးအခွင့်အရေး ဖြစ်နေပြီဆိုတာ နားလည်လာတဲ့အခိုက်အတန့်မှာတော့ စစ်မြေပြင်ရဲ့ အဓိပ္ပာယ်ဟာ အနိုင်အရှုံးထက် ပိုမိုနက်ရှိုင်းတဲ့အသက်ရှင်မှုရဲ့တန်ဖိုးကိုနောက်ဆုံး ရွေးချယ်ခွင့်ရတဲ့ နေရာအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။
အထူးသဖြင့် အဲဒီစစ်ပွဲကြောင့် ပြည်သူတွေ အသက်ဆုံးရှုံးခဲ့ရ၊ နေအိမ်တွေ ပျက်စီးခဲ့ရ၊ မိသားစုတွေ ကွဲကွာခဲ့ရတဲ့ အခြေအနေမှာ “ဘယ်သူ့အတွက်၊ ဘာအတွက် တိုက်ခဲ့သလဲ” ဆိုတဲ့မေးခွန်းဟာပိုပြီးအရေးကြီးလာပါတယ်။
အာဏာရှင်တွေဟာ စစ်သားတွေကို သူတို့ရဲ့ အာဏာသက်တမ်းရှည်ဖို့ အသက်ပေးစေချင်ကြပါတယ်။ ဒါပေမယ့် စစ်သားတစ်ယောက်အတွက် အလံဖြူထောင်ဖို့ ဆုံးဖြတ်ခြင်းဟာ မိမိကိုယ်ကို ကယ်တင်နိုင်ဖို့ ရရှိလာတဲ့ နောက်ဆုံးအခွင့်အရေးကို လက်မလွှတ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ အဲဒီအခိုက်အတန့်မှာ “အလံဖြူဆိုတာ အာဏာရှင်အတွက်တိုက်ပေးရတဲ့ စစ်ပွဲထဲမှာ ပျောက်ဆုံးနေခဲ့တဲ့ မိမိရဲ့ လူသားဘဝကို ပြန်လည်ရယူဖို့၊ မိသားစုနဲ့ အနာဂတ်ကို ကာကွယ်ဖို့၊ မိမိ ရွေးချယ်မှုတွေကို ပြန်လည်သုံးသပ်ဖို့ ရဲဝံ့စွာ ဆုံးဖြတ်နိုင်တဲ့ သတ္တိရဲ့ သင်္ကေတတစ်ခု”လည်းဖြစ်လာပါတယ်။


















































