စက်တင်ဘာ ၃၊၂၀၂၆။ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို တက်တဲ့ စစ်သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘောတွေ ထိခိုက်နစ်မြုပ်ပြီး သင်္ဘောပေါ်ပါ စစ်သားတွေ ရေစီးနဲ့မျောပါလာတာကို ကချင်သတင်းရင်းမြစ်အချို့က ဖော်ပြတဲ့ ရုပ်သံမှာ တွေ့ရပါတယ်။
စက်တင်ဘာ ၂ရက် ရွှေကူမြို့နယ်၊ ဇင်းဘုံရွာနဲ့ ဗန်းမော်မြို့ စင်းခန်းတံတားကြားမှာ KIA တိုက်ခိုက်လို့ စစ်သင်္ဘော ၃စီး နစ်မြုပ်ပျက်စီးခဲ့ပြီး ၂စီး အလံဖြူထောင်ခဲ့တယ်လို့ KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။
ထိခိုက်ပျက်စီးမီးလောင်တဲ့သင်္ဘောတွေက စစ်သားတွေဟာ ရေထဲခုန်ချခဲ့ကြပြီး အချို့တွေက ရေပုံးတွေ ပေပါတွေအသုံးပြု ရေစီးနဲ့မျောလာလို့ ရှင်းလင်းရေးလုပ်ဆောင်ခဲ့တယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပြပါတယ်။

Public Service Announcement
အဲဒီလို ပြောပြတဲ့အတိုင်းပဲ ဒီကနေ့ ထွက်ပေါ်လာတဲ့ ရုပ်သံမှာ စစ်သားတွေ ရေစီးနဲ့ မျောလာတာ ကူးလာတာကို KIA ပူးပေါင်းတပ်က ကမ်းကိုကပ်ဖို့ အော်ပြောနေတာ ကြားရပါတယ်။
“မင်းမကူးခဲ့ရင် ငါတို့ကို ကျော်ရင်ငါတို့ ပစ်ပြီနော်။ ကူးခဲ့နော် ရအောင်ကူးခဲ့။” လို့ ရဲဘော်တဦးက ပြောရာ ရေစီးနဲ့ အတူ ကူးလာတဲ့သူက “လာပြီ လာပြီ အကိုကြီး” လို့ ပြောကာ ကူးလာတာကို တွေ့ရပါတယ်။
“နားနားပြီးကူးခဲ့ နားနားပြီးကူးခဲ့” လို့လည်း KIA ပူးပေါင်းတပ်က ရဲဘော်က ပြောပါတယ်။
ရေစီးနဲ့အတူ မျောလာတဲ့ ပစ္စည်းအများအပြားကိုလည်း ရုပ်သံမှာ တွေ့ရ့ပါတယ်။
“ဧရာ၀တီမြစ်ပေါ်မှာ အလောင်းတွေမျော၊ ပစ္စည်းတွေ ကျောပိုးအိတ်တွေ အိပ်ယာလိပ်တွေမျော အများကြီးပဲ မြစ်ပေါ်မှာ “ လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က မနေ့က ရေကြောင်း တိုက်ပွဲ အခြေအနေကို ပြောပြပါတယ်။
KIA ရဲ့ သတင်းပြန်ကြားရေးဌာန ဖော်ပြချက်မှာလည်း စစ်တပ်က အလံဖြူထောင်လက်နက်ချလို့ စစ်သုံ့ပန်း ၁၀၀ ကျော်ဖမ်းမိထားတယ်လို့ အသိပေးထားပါတယ်။
အလံဖြူထောင်လက်နက်ချတဲ့ စစ်သားတွေနဲ့ မိသားစုတွေကိုလည်း စစ်တပ် လေကြောင်းရန် ကင်းဝေးစေဖို့ KIA ပူးပေါင်းတပ်ရဲဘော်တွေက ဘေးကင်းလုံခြုံရာ နေရာရွှေ့ပြောင်းခဲ့တာကိုလည်း တွေ့ရ့ပါတယ်။
စစ်တပ်ဟာ ဗန်းမော်မြို့ကို စစ်အင်အားဖြည့်ဖို့ ရေကြောင်းကနေ သင်္ဘောတွေ ဆန်တက်လာရာ ကချင်ပြည်နယ်အဝင် ဩဂုတ် ၂၇ရက်ကနေ စက်တင်ဘာ ၂ရက်အတွင်း စစ်သင်္ဘောအုပ်စုမှာ ပါတဲ့ သင်္ဘောထက်ဝက်ကျော် KIA ပူးပေါင်းတပ်ရဲ့ လက်ချက်ကြောင့် ထိခိုက်ပျက်စီးမီးလောင်၊နစ်မြုပ် ခဲ့ရသလို ၂စီး အလံဖြူထောင်ခဲ့တာတွေ့ရပါတယ်။
လက်ကျန် သင်္ဘော ၇စီးရှိနေပြီး မနေ့ညက ဗန်းမော်အနီးမှာ ညအိပ်ရပ်နားခဲ့ရာ ဒီမနက်ပိုင်းအထိတော့ ဗန်းမော်မြို့ကို မရောက်သေးပါဘူး။


















































