အာဏာသိမ်းစစ်တပ်ကဗန်းမော်မြို့ရှိစစ်တပ်အတွက် စစ်ကူ၊လက်နက်ခဲယမ်း၊ရိက္ခာတွေဖြည့်တင်းနိုင်ဖို့ မန္တလေးမြို့ ဂေါ်ဝိန်ဆိပ်ကမ်းကနေ ကချင်ပြည်နယ်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောအုပ်စုနဲ့ သြဂုတ်လမှဆန်တက်ခဲ့ပါတယ် ။စုစုပေါင်း ၁၅ စီးပါတဲ့ စစ်သင်္ဘောအုပ်စုကို စစ်ကိုင်းတိုင်းကသာကနေ ကချင်ပြည်နယ်ရွှေကူကြား၊ ရွှေကူနဲ့ ဗန်းမော်အကြား ဧရာ၀တီမြစ်ကြောင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေကအကြိမ်ကြိမ်တိုက်ခိုက်ခဲ့ပါတယ်။အဲဒီလိုတိုက်ခိုက်မှုကြောင့် ဩဂုတ် ၂၇ရက်ကနေ စက်တင်ဘာ ၂ ရက်အတွင်း စစ်ကောင်စီသင်္ဘော၇စီထက်မနည်း ထိခိုက်ပျက်စီးခဲ့သလိုကမ်းကပ် လက်နက်ချတဲ့ သင်္ဘော၂စီးရှိခဲ့ပါတယ်။စစ်တပ်ရဲ့ ရေယာဥ်အုပ်စုကို တော်လှန်ရေးတပ်တွေတိုက်ခိုက်ခဲ့တဲ့အခြေအနေတွေကို KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူကို စက်တင်ဘာ ၄ရက်မနက်ပိုင်းမှာ People’s Spring ကဆက်သွယ်မေးမြန်းထားပါတယ်။ KIA ဟာ စစ်ရေးသတင်းတွေကိုအတော်လေးသတိထား လျှိုဝှက်လေ့ ရှိတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ဖြစ်ပါတယ်။
ထားမြတ်/People’s Spring
မေး- ကချင်ပြည်နယ်ကို စစ်သင်္ဘောတွေ ဝင်လာတဲ့ အချိန်ကနေ အခုအချိန်ထိ အခြေအတွေရှင်းပြပေးပါလား။
ဖြေ- ကချင်ပြည်နယ်ဘက်ကို တက်သွားတဲ့ သင်္ဘောတွေကတော့ တချို့သင်္ဘောတွေ ၇စီးလောက် ဗန်းမော်ကို ဝင်တယ်လို့ ပြောတာပေါ့။ ၇စီးဆိုတဲ့နေရာမှာ ၂စီးကတော့ သူတို့ပြောတာပေါ့ကွာ သူတို့ လုံခြုံရေးယူတဲ့ စပိဘုတ်ပုံစံမျိုးတွေပေါ့ အဲဒါမျိုးတွေ။ နောက် ကုန်တင်တဲ့သင်္ဘောတစီးလောက်ပါတယ်လို့ပြောတယ်။ တိုက်သင်္ဘောတစီးလောက် ပါတယ်လို့ပြောတယ်။ ကျန်တာတော့ ဘယ်လိုလည်းမသိဘူး တိတိကျကျတော့ကျနော်တို့လည်း သူတို့ဆီက သတင်းရဖို့ အခက်အခဲတွေရှိလို့ပါ။

Public Service Announcement
မေး-ကသာ ကနေ ရွှေကူဝင်လာတယ် ရွှေကူကနေ ဗန်းမော်သွားတယ်။အဲဒီမှာစစ်သင်္ဘောတွေ တိုက်ခိုက်ခံရတဲ့ အခြေအနေတွေ ရှင်းပြပေးပါလား
ဖြေ-ကသာနဲ့ရွှေကူကြားမှာတိုက်ခိုက်ခံရတာပေါ့။တိုက်ခိုက်ခံရပြီးမှသင်္ဘော ၁စီးလား အဲဒီမှာရပ်နေတယ်လို့ပြောတယ်။နောက်ရွှေကူကနေ ဆက်ပြီးမှ ဇင်းဘုံ စင်းခန်းတ၀ိုက်မှာလည်း တိုက်ခိုက်ခံရတယ်။ အဲဒီနေရာမှာ သင်္ဘောဘယ်နှစ်စီးလဲမသိဘူး အနည်းဆုံးကတော့ ၄စီး၊ ၅စီးလောက်တော့ အဲဒီမှာ ရပ်သွားတာထင်တယ်။ နောက်တခုရှိတာကတော့ ရွှေကူကနေ ဗန်းမော်ဘက်ကို တက်တဲ့အချိန်မှာ ရွှေကူကပြည်သူလူထုတွေရဲ့သင်္ဘောငယ်လေးတွေပေါ့ တွန်းသင်္ဘောတို့ သူတို့ သုံးနေတဲ့ ဇက်တွေပေါ့ အဲဒါတွေလည်း ပါတယ်လို့ပြောတယ်။ အဲဒါကြောင့် ထိခိုက်တဲ့နေရာမှာ ဒါမျိုးတွေလည်းပါကောင်းပါနိုင်တာပေါ့။ တိတိကျကျ ရဖို့တော့အခက်အခဲတွေရှိပါတယ်။
မေး-ဒီတခေါက်မှာ ထူးခြားတာကစစ်တပ် သင်္ဘောတွေ အလံဖြူထောင်တယ်လို့ ကြားရပါတယ်။အဲဒီဖြစ်စဉ်ကို ရှင်းပြပေးပါလား။
ဖြေ- အဲဒါကတော့အလံဖြူထောင်တယ်ဆိုတာကတော့ အဲဒီလောက်ထိတော့မဟုတ်ပါဘူး။သင်္ဘောတွေ ပစ်ခတ်ခံရလို့ ရှေ့ဆက်မရနိုင်တဲ့အခါကျတော့ ကမ်းကပ်သွားတာ။အဲဒီပုံစံပဲဖြစ်တယ်လို့ပြောတယ်။ အလံဖြူထောင်တယ်ဆိုတာကတော့ကွန်ဖန်းတော့မဖြစ်ဘူး။ စစ်သုံ့ပန်းတွေလည်း အဲဒီနေရာမှာ ဖမ်းထားတာ ၁၀၀ ကျော်ဖြစ်ပါတယ်။အဲဒီ၁၀၀ကျော်ထဲမှာ စိစစ်နေတုန်းပဲဖြစ်ပါတယ်။အဲဒီစိစစ်တာကတော့ကျနော်တို့ မရသေးဘူး။စိစစ်တယ်ဆိုတာကအားလုံးစစ်သားတွေလား အရပ်သားတွေလည်းပါတာလား ။ဒါကတော့ စစ်ရုံးချုပ်ကကိုင်တာကျနော်တို့ဆီ(သတင်းပြန်ကြားရေးဌာန)အဲဒါကမရသေးဘူး။ဒါပေမဲ့ အဲဒီဖမ်းထားတဲ့ စစ်သုံ့ပန်းတွေအားလုံးကတော့လုံလုံခြုံခြုံ ဖြစ်တဲ့နေရာမှာအားလုံးကတော့ ရောက်သွားပါပြီ။
မေး-ရုပ်သံတွေမှာတွေ့ရတာ စစ်သင်္ဘောတွေနဲ့အတူ အန္တရာယ်များတဲ့လမ်းကြောင်းမှာ ကလေးတွေရော အမျိုးသမီးတွေရော သူတို့ ခေါ်လာကြတာတွေ့ရပါတယ်။ ဒီအပေါ် ဘယ်လိုမြင်ပါသလဲ။
ဖြေ-အမျိုးသားတွေ၊အမျိုးသမီးတွေ၊ကလေးတွေကအစပါတာပေါ့။ဒါကတပ်ကမိသားစုတွေလား မသိသေးဘူးလေ။ဒါကတော့စစ်ရုံးချုပ်ကသူတို့စစ်ဆေးတဲ့နေရာမှာပဲခွဲခြားလို့ရမှာပါ။ကျနော်တို့ သတင်းဌာနကို သူတို့ မပြောတဲ့အခါကျတော့ ကျနော်လည်း အဲဒီကိစ္စ ဘာမှ မသိရဘူး။
မေး- ၂၀၂၅တုန်းကလည်းအခုလိုပဲဗန်းမော်ကို စစ်တပ်က စစ်ရေယာဉ်တွေတက်တယ်။ စစ်ရေယာဥ်တွေထိခိုက်မှုက အရင်နှစ် နဲ့ အခု နှစ် ဘယ်လိုကွာသွားလဲ။
ဖြေ-ဘယ်လိုကွာတယ်ဆိုတာက မနှစ်တုန်းကထက်ဒီနှစ်ကတော့သူတို့အထိအခိုက်ကပိုများတယ်လို့ ကျနော်မြင်ပါတယ်။
မေး-စစ်သင်္ဘောတွေရော အခြားရေယာဉ်တွေရော ၉စီးလောက်ပျက်စီးတယ်ဆိုတာ ဟုတ်ပါသလား။
ဖြေ- အဲဒါကခုနကကျနော်ပြောသလိုပေါ့ ရွှေကူကနေ တက်လာတဲ့နေရာမှာ အရပ်ဘက်က သင်္ဘောငယ်လေးတွေလည်း ပါကောင်းပါနိုင်တာပေါ့။ အဲဒါကြောင့်စစ်သင်္ဘောတွေသူတို့ မန္တလေးကနေတက်လာတဲ့သင်္ဘောတွေ အားလုံးထဲက ဘယ်နှစ်စီးပျက်စီးတယ်ဆိုတာ ကျနော်တို့ သတင်းဌာနအနေနဲ့ အတည်ပြုပြောလို့မရသေးဘူး
မေး-စစ်တပ်က ဗန်းမော်ကို အခုလိုစစ်အင်အားဖြည့်လာလာဆိုတော့ ဗန်းမော်မှာတိုက်ပွဲတွေပိုပြင်းထန်မယ့်အခြေအနေလား။ ဘယ်လိုမြင်ပါသလဲ။
ဖြေ-ဗန်းမော်မှာသူတို့ထင်သလောက် သင်္ဘောတွေအားလုံးဝင်နိုင်ပြီးမှ စစ်အင်အားတွေ လက်နက်ခဲယမ်းတွေ အဲဒါတွေ ဖြည့်နိုင်လို့ရှိရင်တော့ တိုက်ပွဲကတော့ ပိုပြီးမှ ပြင်းထန်လာနိုင်တယ်လို့ဒါကကျနော်သုံးသပ်တာပေါ့နော်။ဒါပေမဲ့အခုတော့သူတို့ ထင်သလောက် မဟုတ်လောက်ဘူးထင်တယ်။
People’s Spring – ကျေးဇူးတင်ပါတယ်။

















































