စက်တင်ဘာ ၈၊ ၂၀၂၆။ မေရီ၊တာရာ/People’s Spring
ရန်ကုန်မြို့၊ တာမွေမြို့နယ်မှာ ယမန်နေ့ကမိုးများပြီးရေကြီးနေချိန် ကလေးငယ် ၁ဦး ရေမြောင်းထဲ မျောပါပျောက်ဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာ ၇ ရက် ညနေပိုင်းက တာမွေမြို့နယ်၊၁၅၅လမ်းထိပ်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး လမ်းပေါ်အထိ ရေကြီးရေလျှံနေချိန် အသက် ၁၄ နှစ်ခန့်အရွယ် ကလေးငယ် ၁ဦးဟာ ရေစီးထဲဖိနပ်မျောပါလို့ လိုက်ဆယ်ရင်း ရေမြောင်းအတွင်း ပြုတ်ကျကာ မျောပါပျောက်ဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။
“မြောင်းတွေထဲလိုက်ရှာတာ မတွေ့သွားဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
စက်တင်ဘာ ၈ ရက်မနက်ပိုင်းအထိ ရေထဲမျောပါသွားတဲ့ကလေးကို ရှာဖွေနေဆဲဖြစ်ပြီး တွေ့ရှိခြင်းမရှိသေးဘူးလို့ ဒေသခံအချို့က ပြောပါတယ်။ဒါကြောင့်ကလေးငယ်ကို ပုဇွန်တောင်ချောင်းမှာ ဒီနေ့ဆက်လက်ရှာဖွေသွားမယ်လို့သိရပါတယ်။
“မနေ့ကလည်းရှာတယ်မတွေ့ဘူး။ ရေစီးသန်တော့မျောသွားတာ။ ဒီနေ့ကိုလည်းဆက်ပြီးရှာသွားမယ်။ညပုဇွန်တောင်ချောင်းမှာဆက်ပြီးရှာသွားမယ်။ တတ်နိုင်သလောက်တော့ကြိုးစားပြီးရှာနေပါတယ်”လို့ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
အဆိုပါကလေးငယ်ဟာသူငယ်ချင်းနှစ်ဦးနဲ့အတူ တာမွေစည်ပင်ဝန်ထမ်းအိမ်ရာဝန်းအနီးရှိ ရေမြောင်းမှာရေဆင်းဆော့ရာမှ ရေစီးနဲ့မျောပါသွားခဲ့တာလို့ဒေသခံအချို့ကပြောပါတယ်။
ပျောက်ဆုံးနေတဲ့ ကလေးမှာ အသက် ၁၄ နှစ်အရွယ်ဖြစ်ပြီး တာမွေမြို့နယ်၊ ၁၅၄ လမ်းရှိ စည်ပင်ဝန်ထမ်းဝန်းအတွင်း နေထိုင်သူဖြစ်ပါတယ်။ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက အဆိုပါနေရာအနီးရှိ ရေမြောင်းများအားရှာဖွေပေမယ့်ယနေ့ နေ့ခင်းပိုင်းအထိ မတွေ့သေးပါဘူး။
ရန်ကုန်မြို့မှာစက်တင်ဘာ ၇ ရက်ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့လို့ မြို့လယ်နေရာအချို့ ရေကြီးရေလျှံခဲ့ပြီး ဘက်စ်ကားတွေထဲအထိပါ ရေတွေဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။
တိုင်းနဲ့ပြည်နယ်အများစုမှာ မိုးဆက်ကြီးနိုင်တဲ့အတွက် ရေဘေးသတိပြုနေထိုင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က ထုတ်ပြန်ထားပါတယ်။
ဒီနေ့ စက်တင်ဘာ ၇ရက်ကနေ စက်တင်ဘာ ၁၃ရက်အတွင်း စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်မှာ နေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့ MoSLHAက သတိပေးထားပါတယ်။

















































