ဟောမုဇ် ရေလက်ကြားမှာ ကြားဖြတ် သိမ်းယူနိုင်ခဲ့တယ်ဆိုတဲ့ အမေရိကန် ဒရုန်း ရေငုပ်သင်္ဘောကို အီရန်က ထုတ်ပြခဲ့ပါတယ်။
လူတွေ စီးနင်းလိုက်ပါမှု မရှိတဲ့ ဒရုန်း ရေငုပ်သင်္ဘောကို အမေရိကန် ရေတပ်က စစ်ဆင်ရေး မစ်ရှင်တွေအတွက် အသုံးပြုနေတာ ဖြစ်တယ်လို့ အီရန် တော်လှန်ရေး အစောင့်တပ် (IRGC)က ဆိုပါတယ်။ အဲဒီဒရုန်းဟာ ဟောမုဇ် ရေလက်ကြား အဝင်နား ရေပြင်မှာ ရှိနေချိန် စက်တင်ဘာ ၈ ရက်မှာ ကြားဖြတ် တားဆီး ထိန်းချုပ် ခံခဲ့ရတာလို့လည်း IRGCက ပြောပါတယ်။
အီရန်မီဒီယာတွေကတော့ IRGCက ထိန်းချုပ်ခဲ့တဲ့ ဒရုန်းဟာ Dive-LD အမျိုးအစားဖြစ်ပြီး ကယ်လီဖိုးနီးယား အခြေစိုက် ကာကွယ်ရေး နည်းပညာ လုပ်ငန်း Andurilက ထုတ်လုပ်တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ၁၉ ပေ ရှည်လျားတဲ့ ရေအောက်ဒရုန်းဟာ ရေမြှုပ်မိုင်းတွေကို ထောက်လှမ်းရှာဖွေတာ၊ ပင်လယ်ကြမ်းပြင် အနေအထားကို မြေပုံရေးဆွဲတာနဲ့ ထောက်လှမ်းရေး မစ်ရှင်တွေအတွက် အသုံးပြုနိုင်ကြောင်း ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။
ရန်သူ အကြမ်းဖက် အမေရိကန်တွေရဲ့ ခေတ်အမီဆုံး၊ မောင်းသူမဲ့ ထောက်လှမ်းရေး ရေငုပ်သင်္ဘောတွေထဲက တစ်စီးကို ဟောမုဇ်ရေလက်ကြား အဝင်မှာ ဟန့်တားပိတ်ဆို့ပြီး သိမ်းယူနိုင်ခဲ့ကြောင်း၊ အဲဒီ ဒရုန်း ရေငုပ်သင်္ဘောမှာ အဆင့်အမြင့်ဆုံး နောက်ဆုံးပေါ် နည်းပညာ ကိရိယာတွေ တပ်ဆင်ထားကြောင်း IRGCက ပြောပါတယ်။

Public Service Announcement
ဒါပေမဲ့ အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်ကတော့ အဲဒီရေငုပ်သင်္ဘောဟာ စက်တင်ဘာ ၁ ရက်နေ့တုန်းက ရေပြင်မှာ ရှိနေရင်း စက်ချွတ်ယွင်းမှု ဖြစ်သွားခဲ့တာလို့ ကြေညာပြီး အီရန်ရဲ့ ကိုယ်ပိုင်အစွမ်းအစနဲ့ ရှာတွေ့ခဲ့တယ်ဆိုတဲ့ IRGCရဲ့ ကြေညာချက်ကို ချေပခဲ့ပါတယ်။
အမေရိကန် စစ်တပ်က လုပ်ဆောင်မယ့် စစ်ဆင်ရေးတွေအတွက် ဒေသတွင်း ရေပြင်အနေအထားကို ဆန်းစစ်လေ့လာနေတဲ့ မစ်ရှင်အတွင်း အဆက်အသွယ် ပြတ်တောက်သွားတဲ့ ဒရုန်းဟာ မော်ဒယ်ဟောင်း တစ်ခုသာဖြစ်ပြီး လျှို့ဝှက် ထိပ်တန်းအဆင့် ဆိုနာနဲ့ ရေဒါစနစ်တွေ တပ်ဆင်မထားကြောင်း အမေရိကန် စစ်ဘက်က ပြောပါတယ်။
Andurilကလည်း ဒရုန်းရေငုပ်သင်္ဘောတစ်စီး ဆုံးရှုံးမှုကို အတည်ပြုခဲ့ပေမယ့် အရမ်း စိုးရိမ်စရာ ပြဿနာမျိုး မဟုတ်ဘူးလို့တော့ မှတ်ချက်ပေးခဲ့ပါတယ်။
Dive-LDဟာ အန္တရာယ်ရှိတဲ့ ရေပြင်တွေမှာ အသုံးပြုဖို့ ရည်ရွယ် တည်ဆောက်ထားတဲ့ မောင်းသူမဲ့ ရေငုပ်သင်္ဘော ဖြစ်ကြောင်း၊ ဒါကြောင့် ဒရုန်းကို ဆုံးရှုံးရမယ့် ဖြစ်နိုင်ခြေတွေကို ကြိုတင် တွက်ဆပြီး အဲဒီအတွက်လည်း လိုအပ်သလို ပြင်ဆင်စီမံထားကြောင်း ကုမ္ပဏီက ထုတ်ပြန်ပါတယ်။
Andurilရဲ့ ဝက်ဘ်ဆိုက်မှာတော့ Dive-LDတွေဟာ အခြေစိုက် စခန်းဆီ ပြန်လာစရာ မလိုဘဲ ရေအောက်မှာ ၁၀ ရက်ကြာ ဆက်တိုက် တာဝန်ထမ်းဆောင်နိုင်တယ်လို့ ဖော်ပြထားပါတယ်။ အဲဒီ ရေငုပ်သင်္ဘောတွေဟာ ၆ ကီလိုမီတာ အနက်ထိ ငုပ်လျှိုးနိုင်စွမ်းရှိပြီး တစ်စီးကို ဒေါ်လာ ၂ သန်းခွဲလောက် တန်ကြေးကျသင့်တယ်လို့လည်း သိရပါတယ်။
ကိုးကား: Reuters

















































