စက်တင်ဘာ-၉၊၂၀၂၆။ရောင်နီ၊တာရာ/People’s Spring
ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်မှာ အသက် (၇၁)နှစ်အရွယ် အမျိုးသမီး ၁ဦး အသတ်ခံရမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာ ၇ ရက် ညက ၄၁ လမ်းအပေါ် ဘလောက်မှာနေထိုင်တဲ့ အဘွားအို ၁ဦးကို နေအိမ်မှာ အတူနေတဲ့ အိမ်အကူက သတ်ခဲ့တာလို့ ဗိုလ်တထောင်မြို့နယ်မှာနေထိုင်သူတစ်ဦးက ပြောပါတယ်။
“အိမ်ဖော်တွေက ခေါင်းအုံးနဲ့ ဖိသတ်တာလို့ ကြားတယ်။ သတ်တဲ့သူက ထွက်ပြေးပေမယ့် မနေ့က ဖမ်းမိတယ်လို့ ကြားတယ်” လို့ အဆိုပါဒေသခံကပြောပါတယ်။

Public Service Announcement
အခင်းဖြစ်ပွားရာအနီး နေထိုင်သူတစ်ဦးကလည်း ” အိမ်ဖော်က ခေါင်းအုံးနဲ့ဖိသတ်တာလို့ သိရတယ်။ ဘာကြောင့်သတ်သွားတာလဲဆိုတာတော့မသိဘူး။ ကောင်မလေးကို ရဲတွေက လိုက်ရှာနေကြတယ်။ ပစ္စည်းတွေလည်း ပါသွားတယ်လို့ ကြားတယ်” လို့ ပြောပါတယ်။
ခေတ်ကာလအခြေအနေအရ အသက်ကြီးပိုင်း မိဘတွေကို အိမ်အကူတွေနဲ့ စိတ်ချပြီးထားတာမျိုးထက် မိဘတွေရဲ့ အခြေအနေကို စောင့်ကြည့်ကင်မရာတွေနဲ့ပဲဖြစ်ဖြစ်စောင့်ကြည့်သင့်တယ်လို့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတစ်ဦးက အကြံပြုထားပါတယ်။
ဩဂုတ် ၂၈ ရက်ကလည်း ရန်ကုန်မြို့ ဗဟန်းမြို့နယ်မှာ စလော့ဂိမ်းကစားပြီးငွေလိုနေတဲ့ လူငယ် ၁ဦးက သူငယ်ချင်းရဲ့ မိခင်ကိုသတ်တဲ့ ဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကုန်ဈေးနှုန်းတွေတက်လာတာနဲ့အမျှ ရန်ကုန်မြို့မှာ လူသတ်မှူတွေ လုယက်မှု ခိုးမှုတွေ များပြားလာတာကြောင့် ပြည်သူလူထုတွေအနေနဲ့ မလုံခြုံမှုတွေ ခံစားနေရတယ်လို့ ရင်ဖွင့်ထားကြပါတယ်။
၂၀၂၅ မှာလည်း ရန်ကုန်မြို့လယ်ဖြစ်တဲ့ ပန်းပဲတန်းမြို့နယ်က Beauty Land Hotel အခန်းအမှတ် (၅၀၂၀ မှာ အမျိုးသမီး ၁ ဦး အပိုင်းပိုင်းခုတ်ထစ် အသတ်ခံရမှုဖြစ်ပွားခဲ့ပါတယ်။

















































