စက်တင်ဘာ ၉၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်ကူ၊လက်နက်ခဲယမ်းနဲ့ရိက္ခာတွေ ပို့ဆောင်ပြီး ပြန်လာတဲ့ စစ်သင်္ဘော ၃စီးကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဒီကနေ့ (စက်တင်ဘာ ၉ရက်)မှာထပ်မံ တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်းကချင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
စက်တင်ဘာ ၂ရက်မှာ ရွှေကူကနေ ဗန်းမော်မြို့ကို စစ်အင်အားခဲယမ်း ပို့ဆောင်တဲ့ စစ်သင်္ဘောအုပ်စုကို KIAက တိုက်ခိုက်ခဲ့ရာ သင်္ဘောအချို့သာ ဗန်းမော်မြို့ကို ရောက်ရှိခဲ့ပြီး အဲဒီကနေ ပြန်ဆင်းလာတဲ့ သင်္ဘောတွေကို KIAက ထပ်မံ တိုက်ခိုက်ခဲ့တာပါ။
“ ဗန်းမော်ကို လူအင်အားနဲ့ ရိက္ခာခဲယမ်းတွေ ပို့ပြီးမှ ပြန်ဆင်းလာတဲ့ သင်္ဘောတွေကို ကျနော်တို့ KIAနဲ့ ပူးပေါင်းတွေက ကြားမှာ စောင့်ကြိုပြီးမှ တိုက်ခိုက်တာ။ ကုန်တင်သင်္ဘော ၁ စီးက မြလယ်အထက်နားလေးမှာ အားလုံးမီးလောင်ပျက်စီးသွားတယ်။ပြီးတော့ တိုက်သင်္ဘော ၂ စီးကတော့ဇင်းဘုံအောက်ဝဲမကြီးမှာ မြုပ်သွားပြီ။ တိုက်ခိုက်ရေးသင်္ဘော ၁စီးကလုံး၀ မြုပ်သွားတယ်။ နောက်၁ စီးက တဝက်မြုပ် တဝက်ပေါ် ဖြစ်နေပြီ။ ဒီနေ့ ဆင်းလာတဲ့ သင်္ဘော ၃စီးပေါ့ ။အဲဒီ ၃စီးကို တိုက်ခိုက်နစ်မြုပ်နိုင်ခဲ့တယ်” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်ကရှင်းပြပါတယ်။

Public Service Announcement
အခု စစ်သင်္ဘော ၃စီးကို ထပ်မံတိုက်ခိုက်နစ်မြှုပ်နိုင်ခဲ့တာကြောင့် ကချင်ပြည်နယ် ဗန်းမော်ကို ပထမအသုတ် စစ်အင်အားဖြည့်လာတဲ့ စစ်တပ်ရဲ့ သင်္ဘောအုပ်စုက သင်္ဘော စုစုပေါင်း ၁၁ စီးအထိ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တာဖြစ်တယ်လို့ အသိပေးပါတယ်။
KIA ပူးပေါင်းတပ် တိုက်ခိုက်ခဲ့လို့ ထိခိုက် မီးလောင်နေတဲ့ စစ်တပ်သင်္ဘောအချို့ရဲ့ အခြေအနေနဲ့ သင်္ဘောပေါ်ကသူတွေ ရေထဲခုန်ချ ရေထဲမျောပါနေတဲ့ ရုပ်သံအချို့ကိုလည်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“ဒီမှာ ပေါက်ကွဲကုန်ပြီ။ လူတွေလည်း ရေပေါ် ခုန်ချကုန်ပြီ။ အဲဒီမှာကူးနေတယ်။ဟိုက ကောင်ကကြိုချင်နေတာ။အများကြီးပဲကွာ” လို့ ရုပ်သံမှာ တော်လှန်ရေးရဲဘော်အချို့ရဲ့ ပြောကြားသံကို ကြားရပါတယ်။
KIA ပူးပေါင်းတပ်ရဲ့ တိုက်ခိုက်မှုကြောင့် ဩဂုတ် ၂၇ရက်ကနေ စက်တင်ဘာ ၉ရက်အထိ နှစ်ပတ်တာအတွင်း စစ်သင်္ဘော ၁၁စီး ထိခိုက်ပျက်စီး နစ်မြုပ်ခဲ့ရာအဲဒီအထဲမှာ စစ်တပ်ရဲ့ တိုက်ခိုက်ရေး သင်္ဘော ၃စီး၊ ကုန်တင်သင်္ဘော ၈စီး ပါဝင်တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။
ဒါ့အပြင် စက်တင်ဘာ ဒုတိယပတ်မှာ ကချင်ပြည်နယ်ကို ဒုတိယ အသုတ်အဖြစ်ထပ်တက်လာတဲ့ စစ်တပ်ရဲ့ သင်္ဘော ၆စင်းထဲက ၂စီးကိုလည်း KIA ပူးပေါင်းတပ်ကစက်တင်ဘာ ၉ရက်မနက်မှာပဲရွှေကူမြို့နယ်မှာ ကမ်းကပ်ရပ်နားထားစဉ် ဒရုန်းနဲ့ တိုက်ခိုက်ခဲ့လို့ သင်္ဘော ၂စီး မီးလောင်ခဲ့ကြောင်းလည်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဒါကြောင့် နှစ်ပတ်အတွင်း စစ်တပ်သင်္ဘော စုစုပေါင်း ၁၃စီးထက်မနည်းကို KIA ပူးပေါင်းတပ်က တိုက်ခိုက်ဖျက်ဆီးထားတာဖြစ်ပါတယ်။စင်တင်ဘာ ၉ ရက်တစ်နေ့တည်း အခုညနေပိုင်းအထိ့စစ်စစ်သင်္ဘော ၅ စီးကိုတိုက်ခိုက်ဖျက်ဆီးထားနိုင်တာလည်းဖြစ်ပါတယ်။
ကချင်ပြည်နယ်ကို စစ်တပ်က အင်အားဖြည့်ဖို့ ကြိုးပမ်းလျက်ရှိရာ ဩဂုတ်လကုန်ပိုင်းနဲ့ စက်တင်ဘာလအတွင်းမှာ ဗန်းမော်နဲ့ ရွှေကူမြို့နယ်တွေမှာ မြေပြင်တိုက်ပွဲနဲ့ ရေကြောင်း တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။
ရွှေကူမြို့နယ် ဇင်းဘုံဒေသနဲ့ ဗန်းမော်မြို့နယ် စင်းခန်းတံတား ဝန်းကျင်တိုက်ပွဲတွေဟာ ပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်က အရာရှိတွေအပါအဝင် သေဆုံးထိခိုက်များကာ လက်နက်ခဲယမ်းတွေ အလောင်းတွေ သိမ်းရခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဒါအပြင် ရေကြောင်းတိုက်ပွဲအတွင်း စစ်တပ်ဘက်က သေဆုံးထိခိုက်များခဲ့ပြီး လက်နက်ချ အလင်းဝင်ရောက်သူလည်း ရာချီရှိခဲ့ပါတယ်။

















































