စက်တင်ဘာ-၁၀၊၂၀၂၆။အိမ်သွင်/People’s Spring
ကျိုးကျသွားတဲ့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကို ပိတ်နိုင်ပြီလို့ စစ်အုပ်စုကကြေညာပြီး တစ်ရက်အကြာ စက်တင်ဘာလ ၉ရက်နေ့ညမှာပဲ ပိတ်ထားတဲ့နေရာကနေပြန်ပွင့်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာဟာ ဇူလိုင်လ ၃၀ ရက် ညမှာ ကျိုးကျခဲ့ပြီး သဲအိတ်တွေဖို့တာနဲ့ Steel Sheet Pile တွေရိုက်သွင်းပြီး တာကျိုးပေါက်ကို ပိတ်ဆို့နိုင်ဖို့ဩဂုတ်လ ၄ရက်ကစပြီးစစ်တပ်လက်အောက်ခံဌာနဆိုင်ရာတွေကလုပ်ခဲ့ကြတာဖြစ်ပါတယ်။
စက်တင်ဘာလ၈ရက်နေ့ညမှာတော့ ရေဝင်လမ်းကြောင်းကို ထိန်းချုပ်နိုင်ခဲ့ပြီလို့ စစ်အုပ်စုက ဝါဒဖြန့်ချီရေးစာမျက်နှာတွေကကြေညာခဲ့ပါတယ်။Jumbo Bags(သဲအိတ်)တွေချတာ၊သံမဏိဒေါက်တိုင်တွေထပ်မံကျားကန် ထောက်ပေးခြင်းလုပ်ငန်းတွေဆက်လက်လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ဒါပေမယ့် စက်တင်ဘာ ၉ ညမှာပဲ ပြန်ပွင့်ပြီးရေတွေဝင်လာတဲ့အတွက် လူနဲ့ပစ္စည်းတွေ နေရာရွှေ့ပြောင်းနေရတယ်လို့ ဒေသခံ အချ်ို့ကပြောပါတယ်။

Public Service Announcement
“စိုက်ထားတဲ့ သံတိုင်တွေက အတွင်းဘက်ကို ယိုင်လာပြီး ၆ချောင်း ပွင့်ကျတာ။ လေးမျက်နှာ မြို့ထဲရေတိုက်ရိုက် ပြန်ဝင်နေပါပြီ။အဲ့ဒီနားက သဘ်ောတွေ၊ စက်လှေတွေပါ မျောပါမှာစိုးလို့ နေရာရွှေ့ရတယ်”လို့ ရေဘေးကယ်ဆယ်ရေး လုပ်နေသူတစ်ဦးကပြောပါတယ်။
မြို့ခံတစ်ဦးကလည်း “ညတွင်းကြီးဆိုတော့ တော်တော်ဒုက္ခရောက်တယ်။ ပထမတစ်ခါလို တာကျိုးကျတာမဟုတ်တဲ့အတွက် အသက်လုပြီးတော့ မပြေးရဘူး။ဒါပေမယ့်ရေက အတွင်းဘက်ကို ဆက်ဝင်နေပြီ”လို့ မြို့ခံတစ်ဦးကပြောပါတယ်။
ဇူလိုင်လ ၃၀ ရက်ညမှာတာကျိုးကျပြီးနောက်ပိုင်း ဒေသခံတွေနဲ့တွေ့ဆုံစဉ်မှာ စစ်တပ်လက်အောက်ခံဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးအေးကျော်က တာကို ရက်အနည်းငယ်အတွင်းပိတ်ဆို့နိုင်မယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ရေဘေးကာလ တစ်လကျော်မှပိတ်နိုင်ခဲ့သလိုအဲဒီနေရာကပဲပြန်ပွင့်ကျတာဖြစ်ပါတယ်။
ရေကာတာကျိုးကျမှုကြောင့် လေးမျက်နှာမြို့နယ်အပြင်ဟင်္သာတ၊ ရေကြည်၊ ကျုံ ပျော်နဲ့ ငါးသိုင်းချောင်း၊ကျောင်းကုန်း၊ ပန်းတနော်၊ အသုတ်မြို့နယ်ဘက်မှာ မြို့ပေါ်ရပ်ကွက်တွေနဲ့ကျေးရွာအချို့ ရေကြီးနစ်မြုပ်နေဆဲဖြစ်ပါတယ်။တစ်လကျော်ကြာရေမြုပ်နေလို့ ဒေသခံတွေ ဒုက္ခရောက်နေပြီး လယ်ဧကများစွာပျက်စီးခဲ့ပါတယ်။ရေဘေးကြောင့် သေဆုံးသူဦးရေလည်း ၁၅ဦးထက်မနည်းရှိလာပြီဖြစ်ပါတယ်။
လက်ရှိမှာ ဧရာဝတီတိုင်းအတွင်း ညောင်တုန်းမြို့နယ်၊ချောင်ဖျားကျေးရွာမှာရှိတဲ့ ညောင်တုန်းကျွန်းတာ(ဧရာဝတီမြစ်ခွဲ) ဆည်မြောင်းရေကာတာကလည်း ဩဂုတ်လ ၂၅ရက်နံနက်ပိုင်းမှာအိကျပြီးကျိုးကျမယ့်အန္တရာယ်ကြောင့် လူအင်အားထောင်ချီသုံးပြီး အရေးပေါ် ပိတ်ဆို့နေရပါတယ်။



















































