မော်လ်ဒိုဗာ လေပိုင်နက်ထဲ ရုရှားဒရုန်းတစ်စီး ကျူးကျော် ဝင်ရောက်လာမှုကြောင့် ယူကရိန်း သမ္မတရဲ့ လေယာဉ် ခရီးစဉ် နှောင့်နှေးမှုတွေ ကြုံခဲ့ကြောင်း သိရပါတယ်။
စက်တင်ဘာ ၈ ရက်နေ့တုန်းက ယူကရိန်းနဲ့ ထိစပ်နေရာ ဥရောပ အရှေ့ပိုင်း နိုင်ငံကနေ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက လေကြောင်းခရီးနဲ့ ထွက်ခွာဖို့ စီစဉ်ထားခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ဂျက်အင်ဂျင်တပ် ဒရုန်းတစ်စီး ကျူးကျော် ဝင်ရောက်လာတာကို ထောက်လှမ်း တွေ့ရှိလို့ မော်လ်ဒိုဗာက လေပိုင်နက်ကို ပိတ်ခဲ့ပြီး နော်ဝေးနိုင်ငံ၊ အော်စလိုမြို့ဆီ သွားရောက်မယ့် ဇီလန်စကီးရဲ့ ခရီးစဉ်လည်း နှောင့်နှေးခဲ့တာ ဖြစ်ပါတယ်။
ဒရုန်းဟာ မော်လ်ဒိုဗာရဲ့ မြို့တော် ခီရှီနောမှာ ဇီလန်စကီး ရှိနေခဲ့တဲ့ နိုင်ငံတကာ လေဆိပ်နဲ့ ကီလိုမီတာ ၁၆၀ လောက် အကွာမှာ ပျက်ကျပြီး ပေါက်ကွဲသွားတယ်ဆိုတာ သေချာမှသာ ယူကရိန်း သမ္မတက လေကြောင်းကနေ ထွက်ခွာသွားခဲ့ပါတယ်။
အမေရိကန် နိုင်ငံဆိုင်ရာ မော်လ်ဒိုဗာ သံအမတ်ကြီး ဗလာဒီဆလက်ဗ် ကူလ်မင်းစကီးကတော့ အခုဖြစ်ရပ်ဟာ မတော်တဆမှု သက်သက်ပါလို့ ယူဆဖို့ခက်ကြောင်း ပြောပါတယ်။ လေဆိပ်မှာ ယူကရိန်း သမ္မတ လိုက်ပါမယ့်လေယာဉ် ရှိနေချိန် မော်လ်ဒိုဗာ လေပိုင်နက်ထဲ ရုရှားဒရုန်းတစ်စီး မောင်းဝင်လာတာဟာ ထောက်လှမ်းရေး ရည်ရွယ်ချက် သက်သက်ပါလို့ ယုံကြည်နိုင်စရာ မရှိကြောင်း ကူလ်မင်းစကီးက ဆိုပါတယ်။

Public Service Announcement
အဲဒီ ဒရုန်းဟာ ဇီလန်စကီးကို တိုက်ခိုက်ဖို့ ရည်ရွယ်တာ ဖြစ်နိုင်သလားလို့ သတင်းထောက်တွေက မေးမြန်းတဲ့ အခါမှာတော့ မော်လ်ဒိုဗာ အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲမို့ တစ်ခုခု မှတ်ချက်ပေးဖို့ စောလွန်းနေသေးကြောင်း သူက ပြန်ဖြေပါတယ်။ ဇီလန်စကီးဟာ နိုင်ငံတကာ ခရီးစဉ်တွေအတွက် မော်လ်ဒိုဗာ လေပိုင်နက်ကို အသုံးပြုလေ့ ရှိမှန်း အများစုလည်း သိထားကြကြောင်း၊ ဒါပေမဲ့ အခုလို ကိစ္စမျိုးကတော့ ပထမဆုံးအကြိမ်ဖြစ်ကြောင်း ကူလ်မင်းစကီးက ဆက်ပြောပါတယ်။
ရုရှားအစိုးရဖက်ကတော့ အခုဖြစ်စဉ်နဲ့ ပတ်သက်လို့ ဘာမှတ်ချက်မှ မပေးသေးပါဘူး။
ဇီလန်စကီးဟာ နော်ဝေးဘုရင် ပဉ္စမ ဟာရဲလ်ရဲ့ ဈာပန အခမ်းအနားအတွက် နော်ဝေးကို သွားရောက်ခဲ့တာပါ။ အစောပိုင်းတုန်းက နော်ဝေး ဝန်ကြီးချုပ် ဂါးစတိုးက မော်လ်ဒိုဗာမှာ ဇီလန်စကီးရဲ့ လေယာဉ်ဟာ ရုရှားဒရုန်းနဲ့ တိုက်မိလုနီးပါး အခြေအနေမျိုး ကြုံခဲ့တယ်လို့ သတင်းတွေ ရရှိထားကြောင်း ပြောကြားခဲ့ပါသေးတယ်။ တကယ်တမ်းမှာတော့ အဲဒီအနေအထားမျိုးထိ မရောက်ခဲ့ဘဲ လုံခြုံရေးအတွက် မော်လ်ဒိုဗာက လေပိုင်နက်ကို ပိတ်ချခဲ့တာသာ ဖြစ်ပါတယ်။
အဲဒီနေ့မှာပဲ ဒုတိယမြောက် ရုရှားဒရုန်း တစ်စီးဟာ မော်လ်ဒိုဗာ လေပိုင်နက်ထဲ ခဏတာ ဝင်ရောက်ခဲ့သေးပေမယ့် အဲဒီနောက် ရိုမေးနီးယားဖက်ဆီ ဆက်လက် ပျံသန်းပြီး ပျက်ကျသွားခဲ့ကြောင်း သိရပါတယ်။ ဒရုန်းနှစ်စီးစလုံးကို မော်လ်ဒိုဗာ လေကြောင်းကာကွယ်ရေး စနစ်တွေက ပစ်ချခဲ့ခြင်း မရှိပါဘူး။
၄ နှစ်ခွဲကျော် ကြာမြင့်လာတဲ့ ယူကရိန်း စစ်ပွဲအတွင်း NATO အဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်တဲ့ ရိုမေးနီးယားရော၊ ကြားနေအဖြစ် ရပ်တည်နေတဲ့ မော်လ်ဒိုဗာမှာပါ ရုရှားဒရုန်းတွေက လေပိုင်နက် ကျူးကျော် ပျံသန်းတာတွေ အရင်ကလည်း ဖြစ်ခဲ့ဖူးပါတယ်။
ကိုးကား: CNN



















































