စက်တင်ဘာ-၁၀၊၂၀၂၆။ဇော်၀င်း/People’s Spring
မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။
ဒီကနေ့(စက်တင်ဘာ ၁၀ ရက်)ထုတ် စစ်တပ်၀ါဒဖြန့်သတင်းစာတွေမှာလည်း ဩဂုတ် ၂၆ ရက်က ထိုင်းနိုင်ငံမှာကျင်းပခဲ့တဲ့ (၂၉) ကြိမ်မြောက်အာဆီယံအလုပ်သမားဝန်ကြီးများအစည်းအဝေးမှာ ILO အဖွဲ့ဝင်နိုင်ငံအဖြစ်အစည်း အဝေးကို ပြန်လည်တက်ရောက်ခွင့်ရရှိစေရေးအတွက် အာဆီယံနိုင်ငံတွေက အပြည့်အဝပံ့ပိုးပေးဖို့ စစ်တပ်ခန့် အလုပ်သမားဝန်ကြီး ဦးခင်မောင်စိုးက ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ILO ညွှန်ကြားရေးမှူးချုပ်နဲ့ တွေ့ဆုံပြီးမြန်မာနိုင်ငံအပေါ် အာတီကယ် (33) အရဆုံးဖြတ်ချက်ချမှတ်ခဲ့တာကြောင့် မြန်မာနိုင်ငံအတွက် ဖြစ်ပေါ်လာမယ့် အခြေအနေတွေကို ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement
ပုံမှန်အခြေအနေတွေအရILOညီလာခံကို အဖွဲ့၀င်နိုင်ငံတိုင်းရဲအစိုးရ၊အလုပ်ရှင်၊အလုပ်သမား သုံးပွင့်ဆိုင် ကိုယ်စားလှယ် အဖွဲ့တွေက တက်ရတယ်ပေမယ့် ILO က မြန်မာစစ်တပ်ကိုအစိုးရအနေနဲ့ အသိအမှတ်မပြုတာကြောင့် ILO ညီလာခံ၊အစည်းအဝေးကို မြန်မာစစ်တပ်လက်အောက်ခံ အလုပ်သမား၀န်ကြီးဌာနက တက်ရောက်ခွင့်မရတာဖြစ်ပါတယ်။
“စစ်တပ်ကဒီ ILO အစည်းအဝေးတွေမှာ ပြန်လည်တက်ရောက်ခွင့်ရဖို့ ကြိုးစားနေတာက နိုင်ငံတကာမှာ ဒီတရားဝင်မှုနဲ့ အသိအမှတ်ပြုမှုပေါ့နော် ပြန်လည်ရရှိဖို့အတွက် ကြိုးစားမှု တစိတ်တပိုင်းဖြစ်တယ်လို့ ကျွန်မတို့အနေနဲ့ မြင်တယ်။ အထူးသဖြင့် Article 33 ချမှတ်ပြီးတဲ့နောက်မှာအာဆီယံနိုင်ငံတွေရဲ့ ထောက်ခံမှုကို ရယူပြီးတော့ဒီ ILOအစည်းအဝေးတွေကို ပြန်လည်တက်ရောက်ခွင့်ရဖို့ ကြိုးပမ်းနေတယ်ဆိုတာကိုလည်း သူတို့ကိုယ်တိုင်လည်း ထုတ်ဖော်ပြောဆိုထားတယ်”လို့ဒေါ်ခိုင်ဇာအောင်က ပြောပါတယ်။
ILO ရဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့စောင့်ကြည့်ရေးယန္တရား စုံစမ်းစစ်ဆေးရေးကော်မရှင် တိုက်တွန်းချက်တွေဖြစ်တဲ့အလုပ်သမားရေးရာဥပဒေပါရပိုင်ခွင့်၊အကျိုးခံစားခွင့်နဲ့အလုပ်သမားအဖွဲ့အစည်းတွေလွတ်လပ်စွာဖွဲ့စည်းမှုတွေ အပါအ၀င် အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာတိုင်ကြားမှုယန္တရားတည် ထောင်ထားတဲ့အခြေအနေကို လာမယ့်နိုဝင်ဘာလမှာကျင်းပမယ့် ILO ၃၅၈ ကြိမ်မြောက် အုပ်ချုပ်မှုအဖွဲ့ (Governing Body) အစည်းအဝေးမှာ တင်သွင်းမယ်လို့စစ်တပ်အလုပ်သမားဝန်ကြီး ဦးခင်မောင်စိုးက ဆိုပါတယ်။
“အရေးယူပိတ်ဆို့မှုတွေပိုဖြစ်လာမယ့် အခြေအနေကို စစ်တပ်က ရှောင်လွှဲချင်တာမျိုးပေါ့။နောက်ပြီးဒါမြန်မာနိုင်ငံအပေါ်မှာပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်ဆိုတဲ့ ILO ရဲ့ သတ်မှတ်ချက်တွေ ဖြစ်တယ်။ဒါကို စစ်တပ်ဘက်က လိုက်နာဆောင်ရွက်တယ်ဆိုရင် အရေး ယူမှုတွေကိုပြင်းပြင်းထန်ထန်မလုပ်ဘဲ တဖြည်းဖြည်းဖြေလျော့တာတွေ ဖြစ်လာနိုင်တယ်။ပြင်းထန်တဲ့ချိုးဖောက်မှုတွေ ဆက်
လက်ဖြစ်ပွားနေတယ်ဆိုတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်က တွေ့ရှိရင် မြန်မာအပေါ် ပြင်းထန်တဲ့အရေးယူပိတ်ဆို့မှုတွေထပ်ဖြစ်လာလိမ့်မယ်”လို့ အလုပ်သမားအခွင့်အရေး နှစ် ၂၀ ကျော်ကြာဆောင်ရွက်နေသူတစ်ဦးက ပြောပါတယ်။
မြန်မာစစ်တပ်အနေ နဲ့ ILO စုံစမ်းစစ်ဆေးရေးကော်မရှင် အကြံပြုချက်တွေ အပေါ် ဘယ် လို အကောင်အထည်ဖော် ဆောင်ရွက်ထားတယ်ဆိုတဲ့အချက် အလက် အပြည့်အစုံ ကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၂၁ ရက်နေ့ ထက်နောက်မကျစေဘဲ ILO ညွှန်ကြားရေးမှူးချုပ်ထံတင်ပြရမှာဖြစ်ပါတယ်။
အဲဒီတင်ပြချက်တွေအပါအ၀င်လာမယ့် ၂၀၂၆ နိုဝင်ဘာလ မှာ ကျင်းပမယ့် (၃၅၈) ကြိမ်မြောက် ILO အုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးမှာ မြန်မာ့အရေးဆွေးနွေးမယ်လို့ သိရပါတယ်။
အစည်းအဝေးမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးအဓိကဆွေးနွေးမယ့်အချက်တွေအရပထမအချက်ကတော့ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့တိုက်တွန်းချက်တွေကို မြန်မာစစ်တပ်ဘက်က လိုက်နာအကောင်အထည်ဖော်မှုနဲ့ ၂၀၂၅ ခုနှစ် ILO ညီလာခံက ILO ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၃ အရ ချမှတ်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ကို ILO ဖွဲ့ဝင်နိုင်ငံတွေ၊ အလုပ်ရှင်အဖွဲ့အစည်းတွေနဲ့ အလုပ်သမားအဖွဲ့အစည်းတွေ ရဲ့ လိုက်နာဆောင်ရွက်ထားမှုတွေကို သုံးသပ်မှာ ဖြစ်ပါတယ်။
အလုပ်သမားပြည်သူတွေကို တရားဖမ်းဆီးသတ်ဖြတ်တာ၊လုပ်ငန်းခွင်မှခြိမ်းခြောက်တာ နဲ့ စစ်မှုမထမ်းမနေရဥပဒေပြဌာန်းပြီးစစ်သားသစ်စုဆောင်းတာနဲ့ အလုပ်သမားအဖွဲ့အစည်းတွေကို မတရားအသင်းကြေညာခဲ့တာအပါအဝင် ဖိနှိပ်အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့တဲ့အာဏာသိမ်းစစ်အုပ်စုကြောင့် ကုလသမဂ္ဂ (UN)လက်အောက်ခံအပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILOက Article 33 ( ပုဒ်မ ၃၃) အသုံးပြုဖို့ ၂၀၂၅ ဇွန်လမှာ ဆုံးဖြတ်ခဲ့ပါတယ်။
ကနဦးအရေးယူမှုအရမြန်မာနိုင်ငံနဲ့ပတ်သက်လို့ လေယာဥ်ဆီရောင်းတာ၊လက်နက်ပစ္စည်းတွေရောင်းတာနောက်နည်းပညာပိုင်းဆိုင်ရာအကူအညီပေးတာ၊နိုင်ငံတကာ ရန်ပုံငွေစီးဆင်းမှုနဲ့ ဘယ်လိုဆက်ဆံရေးကိုမဆို ILO အဖွဲ့ နိုင်ငံတိုင်းက ပြန်စိစစ်ရမှာဖြစ်ပါတယ်။
“ILO ရဲ့ပုဒ်မ ၃၃အရ မြန်မာနိုင်ငံအပေါ် အပြင်းထန်ဆုံး ပိတ်ဆို့မှုတွေ ချမှတ်နိုင်ပါသေးတယ်”ဒေါ်ခိုင်ဇာအောင်က ပြောပါတယ်။
ဒါ့အပြင်အခုနှစ်ဇွန်လ ၆ ရက်ကအပြည်ပြည်ဆိုင်ရာအလုပ်သမားညီလာခံ (ILC)ရဲ့ (၁၁၄) ကြိမ်မြောက်အစည်းအဝေးမှာ”မြန်မာနိုင်ငံဆိုင် ရာ အထူးအစည်း အဝေး”ပြုလုပ်ခဲ့ပြီး စစ်တပ်ရဲ့ ချိုးဖောက်မှုတွေ အပေါ် အနီးကပ်စောင့်ကြည့် အရေးယူမယ့် ဆုံး ဖြတ်ချက်တွေကိုအတည်ပြုခဲ့ပါတယ်။
အထူးသဖြင့် မြန်မာနိုင်ငံမှာအလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေအတွက် အရေးယူရန် ILO ဖွဲ့စည်းပုံ အပိုဒ်-၃၃ (Article 33) ကို ထိရောက်စွာ အကောင် အထည်ဖော်မယ့် “လုပ်ငန်းကော်မတီပါဝင်သော စောင့်ကြည့်ရေးယန္တရား” (Monitoring Mechanism) တစ်ရပ်တည်ထောင်ဖို့ အရေးကြီးတဲ့ ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါတယ်။



















































