စက်တင်ဘာ ၁၁၊ ၂၀၂၆။ထားမြတ်/People’s Spring
တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၈ရက်မှာ လောင်းလုံမြို့ကနေ ပြင်းထိန်ကျေးရွာကို ထွက်ခွာလာတဲ့ စစ်တပ်စစ်ကြောင်းကို ဒရုန်းဗုံးသီး ၉လုံးကြဲချတိုက်ခိုက်ခဲ့သလို စက်တင်ဘာ ၉ရက်မှာလည်း အဲဒီစစ်ကြောင်းကို ဒရုန်း ဗုံးသီး ၂၇လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြပါတယ်။
ဒါ့အပြင် စက်တင်ဘာ ၉ရက်မှာ ပြင်းထိန်ကျေးရွာကနေ ဝေဒီကျေးရွာဘက်ကို ထွက်ခွာလာတဲ့ စစ်ကြောင်းကို လမ်းပိုင်းတနေရာမှာ တိုက်ခိုက်ခဲ့ရာ ၁၅မိနစ်ခန့် အပြန်အလှန် တိုက်ပွဲဖြစ်ခဲ့ကြောင်း အသိပေးပါတယ်။ စက်တင်ဘာ ၁၀ရက်မှာလည်း ဝေဒီရွာကနေ ၀ဗျောကျေးရွာကို ထွက်လာချိန် ၅မိနစ်ခန့် အပြန်အလှန် တိုက်ပွဲဖြစ်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

Public Service Announcement
အဲဒီတိုက်ပွဲမှာ တော်လှန်ရေးရဲဘော် ၂ဦး ဒဏ်ရာရခဲ့သလို စစ်တပ်ဘက်ကလည်း ထိခိုက်သေဆုံးများပြားခဲ့ကြောင်း ဖော်ပြပါတယ်။
ဒါ့အပြင် တိုက်ပွဲသတင်းမှာ ရုပ်အလောင်းတစ်လောင်းရဲ့ ဓာတ်ပုံကို ဖော်ပြကာ ဒုဗိုလ်မှူးကြီးကျော်ဖြိုးအောင်လို့ ရေစာရေးသားထားပါတယ်။
စစ်တပ်ဘက်က ထိခိုက်ကျဆုံးအခြေအနေအပါအဝင် စစ်ဆင်ရေးနဲ့ပတ်သက်ပြီး မေးမြန်းဖို့ သံမဏိလိပ်ပြာတပ်ခွဲထံ ဆက်သွယ်ထားပြီး အဆက်အသွယ်မရသေးပါဘူး။
စစ်တပ်စစ်ကြောင်းကို ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲ(SBF) အထူးပြောက်ကျားတပ်ဖွဲ့(SGF)၊ ကျောင်းသားတော်လှန်ရေးတပ်(SRF)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ အသိပေးပါတယ်။
စစ်တပ်က အချိန်မရွေး စစ်ကြောင်းထိုးလာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ အသွားအလာအနေအထိုင် ဆင်ခြင်ကြဖို့ လည်း တိုက်တွန်းထားပါတယ်။
အရင်က ဒေသကာကွယ်ရေးတပ်ဖြစ်တဲ့ လောင်းလုံ သံမဏိလိပ်ပြာတပ်ဖွဲ့ဟာ အခုနှစ် ဇူလိုင်မှာ ထားဝယ်ခရိုင် အမှတ်(၁) တပ်ရင်းရဲ့ တပ်ခွဲအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်တဲ့ တပ်ဖြစ်ပါတယ်။ အရင်ကလည်း လောင်းလုံမြို့နယ်အတွင်း စစ်တပ် စစ်ကြောင်းတွေကို မဟာမိတ်တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းတိုက်ခိုက်တာတွေရှိခဲ့ပါတယ်။



















































